(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))
ပညာရှင်
ပညာရှိ၊ ပညာရှင်၊ ပညာတတ်၊ ပညာကျော်၊ ပညာသည်၊ ပညာသင်စတဲ့ ပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရများ ကွဲပြားနေသလို လူပုဂ္ဂိုလ်များရဲ့ အရည်အချင်း၊ ရပ်တည်ချက်တွေလည်း အနည်းနဲ့အများ ကွဲပြားနေပါတယ်။
ပညာဆိုသော စကားလုံးကို လက်လှမ်းမီသရွေ့ တင်ပြပါမယ်။ knowledge, learning, education, schooling, skill, craft လို့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။ ဗဟုသုတ ကြွယ်ခြင်း၊ သင်ယူတတ်မြောက်ခြင်း၊ ကျောင်းစာပေ၊ ကျွမ်းကျင်မှု၊ လက်မှုအတတ်လို့ ဆိုလိုပါတယ်။ အခြားဖွင့်ဆိုချက်က ပညာဆိုတာ အမှားအမှန် ခွဲခြားသိမြင်နိုင်တဲ့ အသိ၊ အတတ်လို့ ဆိုပါတယ်။
ဆိုတော့ ပညာရှိ (Man of wisdom, sage, savant) ဆိုတာ အတတ်တွေ ကျွမ်းကျင်တတ်မြောက် ရုံသာမက အမှားအမှန် ခွဲခြားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမှာပါ။ လက်ရှိပညာရှိ (မိမိကိုယ်မိမိ ပညာရှိလို့ သတ်မှတ်ထားသူများ) များ အမှန်တကယ် အမှားအမှန်ကို ခွဲခြားသိမြင်သလို အမှန်ဘက်မှ ရဲရင့်တည်ကြည်စွာ ရပ်တည်ပေးပါရဲ့လား။ ရပ်တည်ရဲပါရဲ့လား၊ ရပ်တည်နေပါသလား။
ပညာရှင် (scholar in a particular branch of knowledge or study, skilled practition) ပညာရပ်တစ်ခု တတ်မြောက်ပြီး အဲဒီပညာရပ်နဲ့ ဘ၀ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ပညာရှင်ဟာ မိမိတတ်မြောက်ထားတဲ့ ပညာရပ်ရဲ့ ရပ်ဝန်းမှာ ကျင်လည်ကျက်စား နေထိုင်သူ ဖြစ်ရပါမယ်။ ပညာရပ်နဲ့ ဝေးရာမှာ နေထိုင်ခြင်းဟာ မိမိပညာကို ပစ်ပယ်လိုက်တာနဲ့ အတူတူပါပဲ။ ကြာလေလေ မိမိတတ်မြောက်ထားတဲ့ ပညာ ပျောက်ဆုံးသွားနိုင်သလို မိမိရဲ့ ပညာရှင် ဘ၀ကိုပါ လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးရဲ့ ဦးတည်ချက်က ပညာရှင် အကြောင်းပဲ ဖြစ်တာကြောင့် အခြားပညာနဲ့ ဆိုင်ရာတွေကို နောင်အလျဉ်းသင့်မှ တင်ပြပါမယ်။
ပညာရှင်ဆိုတာ အခြားနယ်ပယ်များနဲ့ သိပ်မတူလှပါဘူး။ မိမိပညာရပ်ကို လက်တွေ့နယ်ပယ်ထဲမှာ အသုံးချ၊ အသုံးကျအောင် ဆောင်ရွက်ရပါတယ်။ သူ့မှာ ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ဟန် ရှိရပါတယ်။ ၀န်ထမ်းတစ်ယောက်လို အထက်ကခိုင်းမှ လုပ်တတ်တဲ့သူမျိုး မဖြစ်ရပါဘူး။ အထက်ကို တာဝန်ခံရတာထက် မိမိကိုယ်မိမိ တာဝန်ခံရသူ ဖြစ်ပါတယ်။ မှန်ရင်မှန်သလို တိုးတက်ဆောင်ရွက်ရမှာ ဖြစ်သလို မှားရင်လည်း သတ္တိရှိရှိ တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံး တာဝန်ယူ မဖြေရှင်းနိုင်ရင် မိမိဒီတာဝန်နဲ့ မထိုက်တန်သူအဖြစ် ကျေကျေနပ်နပ် လက်ခံလိုက်ပြီး နုတ်ထွက်သည်အထိ တာဝန်ယူရပါမယ်။ ဒီအပြုအမူဟာ သာမန်လူတို့အတွက် ပညာရှင်တို့ အတုယူ လေးစားစရာ အဆင့်မြင့် အပြုအမူပါ။
သုတေသနရှိမှ ပညာရှင်ပေါ်ထွက်မယ်
ဒီနိုင်ငံမှာ တစ်ပွဲတိုးနည်းနဲ့ အရာရာကို ဖြေရှင်းတတ်ပါတယ်။ လတ်တလော အထက်က လူကြီးတွေ သဘောကျဖို့ လုပ်တတ်တဲ့ အလေ့အထဟာ နိုင်ငံအနှံ့ ပျံ့နှံ့နေပါပြီ။ ဒါမျိုးမဖြစ်ဖို့ နိုင်ငံတော်ကို ပြီးစလွယ် မတည်ဆောက်ပါနဲ့ ဆောင်းပါးနဲ့ တင်ပြသတိပေးခဲ့ပါပြီ။ အဲဒီ ဆောင်းပါးရေးပြီး Daily သတင်းစာ၌ ဖော်ပြပြီး တစ်ပတ်အတွင်း တိုက်တိုက်ဆိုင်ဆိုင် ဒုတိယသမ္မတတစ်ဦး တက်ရောက်ဖွင့်လှစ် ပေးခဲ့တဲ့ တံတားဟာ ဖွင့်ပြီးနှစ်ရက်အကြာမှာ ချဉ်းကပ်လမ်းဘက်က မြေပြိုကျခဲ့တဲ့သတင်း ဖတ်လိုက်ရပါတယ်။
ထို့အတူ ဆောက်ပြီးတိုက်ခန်းတွေ ပြိုကျတဲ့ သတင်းတွေ၊ ကြက်ဆူပင်တွေ စီမံချက်နဲ့ ကျောင်းတွေ၊ ရပ်ကွက်တွေ၊ ရွာတွေမှာ မဖြစ်မနေ စိုက်ပျိုးခဲ့ပြီး ဇီဝလောင်စာ မဖြစ်ဘဲ ချုံပုတ်ဖြစ်သွားတာတွေ၊ ဒါတွေဟာ သုတေသနမရှိ စိတ်ထင်သလို လတ်တလော အဆင်ပြေသလို လုပ်ဆောင်နေကြတဲ့ လုပ်ရပ်ရဲ့ အကျိုးရလဒ်တွေပါပဲ။ အကယ်၍ သုတေသန အားကောင်းတဲ့ နိုင်ငံ၊ သုတေသနကို အလေးအနက်ပြုတဲ့ နိုင်ငံ၊ သုတေသနပြုနေတဲ့ ပညာရှင်ကို နေရာပေး အလေးထားတဲ့ နိုင်ငံသာ ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာ၊ လုပ်အားအချိန်တွေ အလဟဿ ဖြစ်စရာ မရှိတော့ပါဘူး။
ကျောင်းတွေမှာလည်း တစ်ပွဲတိုး အလေ့အထဟာ ကျောင်းသားတွေဆီ ကူးစက်နေပါပြီ။ Guide ဆရာမက ဒီလပတ် စာမေးပွဲမှာမေးမယ့် သင်ခန်းစာ အမေးအဖြေကို မနက်ဖြန်ဖြေဖို့ ဒီနေ့မရရအောင် နှုတ်တိုက်ကျက်ခိုင်းပြီး တစ်ပွဲတိုး ဖြေစေပါတယ်။ နားလည်အောင် ဆရာမကလည်း သင်မပေးပါဘူး။ ကလေးကလည်း နားမလည်ချင်ပါဘူး။ စာမေးပွဲ ဖြေနိုင်ဖို့ပဲ အရေးကြီးနေပါတယ်။ စာမေးပွဲဖြေပြီး နောက်တစ်နေ့ ထပ်မေးမကြည့်ပါနဲ့။ ကလေးတွေ ဘာမှမမှတ်မိတော့ပါဘူး။ ဒါကလည်း သုတေသနပိုင်းက အားမရှိလို့ ဖြစ်ပါတယ်။
နိုင်ငံခြားမှာ မှာယူတင်သွင်းတဲ့ ခရီးသည်တင် ဘတ်စ်ကားတွေဟာ ခရီးသည်တွေ ကားပေါ်တက်ရာမှာ ဒူးအကွေး အဆင်ပြေဖို့၊ လက်လှမ်းကိုင်ရာမှာ အဆင်ပြေစေဖို့၊ ထိုင်ခုံတွေ ကျောအဆန့်၊ ခြေအဆန့် အဆင်ပြေစေဖို့ သုတေသန အထပ်ထပ်လုပ်ပြီး ဈေးကွက်မှာ အပြိုင်အဆိုင် ရောင်းချကြတာပါ။
အဲဒီကားတွေ မြန်မာပြည်ထဲ ရောက်လာတော့ ခရီးသည် အဆင်ပြေရေးထက် ကားပိုင်ရှင် ပိုက်ဆံပိုရရေးက ပိုအရေးကြီး သွားပါတယ်။ ခရီးသည် အဆင်းအတက် အဆင်ပြေ ချောမွေ့စေဖို့ သုတေသန အထပ်ထပ် လုပ်ထားတဲ့ လက်ကိုင်တန်းတွေကို ခရီးသည်က ကိုင်ဆင်းတာကို စပယ်ယာလို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေက ပညာရှိပီသတဲ့ လေသံနဲ့ "လက်လွှတ်ဆင်းပါ။ လေးဘီးစလုံး ရပ်ထားပါတယ်" တဲ့။ ဒီနိုင်ငံမှာ လူ့တန်ဖိုးက ဟိုးအောက်ဆုံး သုညရဲ့အောက်ကို ရောက်နေတာ ထင်ရှားစေတဲ့ မြင်ကွင်းပါ။
သုတေသန အားနည်းခြင်းက ပညာရှင်များ ထွက်ပေါ်မလာခြင်း၊ ပညာရှင်များအတွက် နေရာပျောက်ခြင်း၊ ပညာရှင်များရဲ့ တွေ့ရှိချက်များ ထွက်ပေါ်မလာခြင်း၊ ဈေးကွက်များ စနစ်တကျ မဖြစ်ထွန်းခြင်း၊ စီမံကိန်းများ မှန်မှန်ကန်ကန် မရေးဆွဲနိုင်ခြင်း၊ ရေရှည်စီမံကိန်းများ ကြိုတင်ရေးဆွဲ မထားနိုင်ခြင်း၊ လတ်တလော ပြဿနာများမှာသာ ပတ်ချာလည်နေခြင်း၊ လတ်တလော ပြဿနာကို လတ်တလောနည်းနဲ့ ဒီကိစ္စကို ပြီးအောင်ရှင်းပြီးမှ ရှင်းလိုက်တဲ့နည်းရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် နောက်ထပ်နောက်က လိုက်ရှင်းနေရတာ လက်ညှိုးထိုးမလွဲဖြစ်ခဲ့။ ဖြစ်နေဆဲပါ။ ထို့အတူ အနာဂတ် ရည်မှန်းချက်များ မရေမရာ မှေးမှိန်နေပြန်ပါတယ်။
အုပ်ချုပ်ရေးလုပ်ငန်းနဲ့ ပညာရှင်
တက္ကသိုလ်မှ စာသင်ကောင်းတဲ့၊ ဘာသာရပ် နိုင်နင်းကျွမ်းကျင်တဲ့ ပါမောက္ခ တစ်ယောက်ကို ရာထူးတိုးပေးတဲ့ အနေနဲ့ ပါမောက္ခချုပ်အဖြစ် တိုးမြှင့်ခန့်ထားလိုက်တာဟာ ပညာရှင်ဘ၀ကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။ အကယ်၍ ရာထူးအတိုးပေး ခံရသူဟာ အုပ်ချုပ်ရေးပိုင်းမှာ စိတ်မ၀င်စားဘဲ ကျွမ်းကျင်မှု မရှိရင် ပညာရှင် ဘ၀လည်းဆုံး၊ အုပ်ချုပ်ရေး အပိုင်းမှာလည်း မအောင်မမြင်နဲ့ နိုင်ငံတော်မှ အဘက်ဘက်မှ ဆုံးရှုံးရပါတယ်။ ဒီလို အဖြစ်အပျက်ပေါင်း များစွာဟာလည်း ဒီနိုင်ငံမှာ ကြုံခဲ့ပေါင်း များလှပါပြီ။
ထို့အတူ ကျောင်းဆရာတစ်ယောက် မူလတန်းမှာဖြစ်ဖြစ်၊ အလယ်တန်းမှာဖြစ်ဖြစ်၊ အထက်တန်းမှာဖြစ်ဖြစ် အတွေ့အကြုံ ကြွယ်ဝလာပြီး သင်ကြားရေးမှာ ထူးချွန်ထက်မြက် လာရုံနဲ့ ရာထူးမတိုးပါဘူး။ မူလတန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်၊ ပညာရေးမှူးစတဲ့ အုပ်ချုပ်ရေးဘက်ပြောင်းမှ ရာထူးတိုးပါတယ်။
စင်စစ် ပညာရှင်တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးကောင်း ဖြစ်ချင်မှဖြစ်မှာပါ။ သူကျွမ်းကျင်ရာ နယ်ပယ်ကို သူလွတ်လပ်စွာ ရပ်တည်လှုပ်ရှားတာဟာ ပညာရှင် အတွက်ရော တိုင်းပြည်အတွက်ပါ အလွန်အကျိုး ရှိစေပါတယ်။ အုပ်ချုပ်ရေး လုပ်ငန်းဟာ ပညာရှင် လုပ်ငန်းနဲ့ မတူကွဲပြားတာကို အားလုံးလက်ခံ ထားပြီးသားပါ။
ဒါကို သိပါလျက် ပညာရှင်တွေကို ပညာရှင်နေရာမှာ မထားတာဟာ အခြားရည်ရွယ်ချက်များ ရှိနေသလားလို့ အတွေးပွားစရာပါ။
မြန်မာနိုင်ငံရဲ့ ၀န်ထမ်းဖွဲ့စည်းပုံ၊ ရာထူးတိုးမြှင့်ပေးပုံဟာ ပညာရှင်များအတွက် အခွင့်အလမ်းတွေ မရှိသလို ဖြစ်နေပါတယ်။ အထူးသဖြင့် ပညာရှင်လို့ အသတ်မှတ် ခံထားရတဲ့ ကျောင်းဆရာ၊ ဆရာမတွေဟာ အလုပ်ဝင်ခါစ မူလတန်းဘ၀မှ အသက် ၆၀ ပြည့် ပင်စင်ယူသည်အထိ မူလတန်းပြ ရာထူးနဲ့ပဲ အဆုံးသတ်သွား ကြတာပါ။
အခြားဌာနတွေမှာ လုပ်သက်နဲ့ ရာထူးတိုးပေးပေမယ့် ပညာရေး ဌာနမှာ မူလတန်း၊ အလယ်တန်း၊ ဆရာအတတ်သင် လက်မှတ်ရှိမှ ရာထူးတိုးခွင့် ရတာပါ။ ရာထူးတိုးပြီးရင်လည်း သူကျွမ်းကျင်တဲ့နေရာ (ကျောင်း) မှာ ဆက်တာဝန် ထမ်းဆောင်လို့ မရတော့ပါဘူး။ သူမကျွမ်းကျင်တဲ့ နေရာအသစ်မှာသွား တာဝန်ထမ်းဆောင်ရပါတယ်။
ရာထူးတိုးပေးတာဟာ လစာတိုးရရုံ အဆင့်တိုးမြှင့် သတ်မှတ်ခံရ ရုံကလွဲပြီး ပညာရပ်ပိုင်းမှာ တိုးတက်မသွားဘဲ ပညာရှင်ခမျာ ရာထူးနဲ့ ထိုက်တန်အောင် အစက ပြန်လေ့လာ ရပြန်ပါတယ်။ ဆိုတော့ ပညာရှင်များကို ကြာရှည်ထိန်းထား နိုင်ရေးအတွက် ရာထူးတိုးမြှင့်ပုံစနစ် ပြုပြင်ရပါမယ်။ ပညာရှင်ကို ပညာရှင်နေရာမှာပဲထားပြီး ရာထူးတိုးပေး ရပါမယ်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကိုယ်တိုင်က အာဏာသုံးရပ်ကို ခွဲဝေအပ်နှင်း ထားပါတယ်။ အစိုးရဆိုတာ အုပ်ချုပ်ရေး အာဏာကို အပ်နှင်းခံထားရတဲ့ ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အုပ်ချုပ်ရေး လုပ်ငန်းစဉ်မှာ ပညာရှင်ကိုနေရာ (ရာထူး)ပေး ခေါ်ခန့်တာဟာ ကောင်းသယောင်နဲ့ အမှတ်မထင် ဆိုးကျိုးကို ဖြစ်ထွန်းစေပါတယ်။ အထက်မှာ ရေးခဲ့သလို ပညာရှင့် ဂုဏ်ရည်ပျက်စီး သွားစေပါတယ်။ ဒါကို ပညာရှင် ကိုယ်တိုင်လည်း သိသလို ပညာရှင်ကို နေရာပေး ခေါ်ခန့်တဲ့ပုဂ္ဂိုလ် (အဖွဲ့အစည်း) လည်း သိမှာပါ။
ဒါပေမဲ့ အချို့သော ပညာရှင်များက အုပ်ချုပ်သူများကို မလွန်ဆန်နိုင်တာ၊ မလွန်ဆန်ရဲတာ၊ တိုးပေးတဲ့ ရာထူးကို မက်မောတာတွေကြောင့် ပညာရှင်ဘ၀ကို စွန့်လွှတ်ပြီး အုပ်ချုပ်ရေးဘက် ပြောင်းကုန်ကြတာ အများကြီးပါ။ ဒါကို အုပ်ချုပ်ရေးဘက်က ပုဂ္ဂိုလ်များက တွက်ဆပြီး ရာထူးအပြောင်းအရွှေ့ လုပ်တတ်ကြပါတယ်။ ပညာရှင်ဘ၀ကို သတ်ပစ်လိုက်တာပါပဲ။
ပညာရှင် စစ်စစ်ဟာ အခွင့်အရေးရတိုင်း မယူပါဘူး။ ဒါကို ယူချင်အောင် ဆွဲဆောင်ပြီး ယူတော့မှ ပညာရှင်လည်း အခွင့်အရေးသမားလို့ သတ်မှတ်ကြပြန်တာပါ။ ပညာရှင်အဖြစ် ရပ်တည်လိုရင် မိမိတတ်မြောက်ထားတဲ့ ပညာအပေါ် သစ္စာရှိရပါမယ်။ ပညာရပ်နဲ့ ပတ်သက်ပြီး ပညာရှင်ကို ခြောက်လည်းကြောက်စရာ မလိုပါဘူး။ မြှောက်လည်းမြောက်စရာ မလိုပါဘူး။ မိမိပညာရပ်ကို တိုးတက်အောင် အချိန်တိုင်း သုတေသန ပြုနေရမှာပါ။ သုတေသန တွေ့ရှိချက်များမှ တိုင်းပြည်တိုးတက်အောင် များစွာဆောင်ရွက် နိုင်ပါတယ်။
သုတေသန လုပ်ငန်းနှင့် ပညာရှင်များ ထွန်းကားပါစေ။

No comments:
Post a Comment