Monday, November 11, 2013
Voice : မြစ်ကြီးနားနဲ့ လိုင်ဇာမှာ ပြုလုပ်သွားတဲ့
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒါမှမဟုတ် ငြိမ်းချမ်းရေး ကွန့်ဖရင့်နဲ့
ပတ်သက်ပြီး ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ ခင်ဗျ။
SPN : အနေအထားကတော့ အစိုးရနဲ့ ဆွေးနွေပြီးပြီ၊ နေပြည်တော်မှာ ပြန်ဆုံဖို့ပဲ ကျန်တော့တယ်။ ပြန်ပြီး ဖိတ်ခေါ်မှပဲ ဆွေးနွေးမှာပေါ့၊ ဒါပါပဲ။
Voice : အခု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ အစိုးရတို့ ဆွေးနွေးခဲ့တဲ့ အပိုင်းကိုရော ဘယ်လို မြင်မိလဲ။
SPN : အခု ဆွေးနွေးနေတဲ့ အပိုင်းက နှစ်ဦး
နှစ်ဖက်လုံးကနေ တော်တော်လေး လုပ်ဆောင်ပေးမှပဲ မတူကွဲပြားတဲ့ အချက်တွေကို
ညှိလို့ရမယ် ထင်ပါတယ်။
Voice : လိုင်ဇာ ညီလာခံကို လက်နက်ကိုင်
တိုင်းရင်းသားတွေ အားလုံး တက်ခဲ့တယ်။ အန်ကယ်တို့ ‘ဝ’ က ဆွေးနွေးပွဲကို
မတက်ရောက်ခဲ့ဘူး။ ဘာကြောင့် မတက်ဖြစ်လဲဆိုတာ ပြောပြ ပေးနိုင်မလား။
SPN : မတက်ရောက်နိုင်တာက UWSA နဲ့ မိုင်းလားပဲ
မဟုတ်ဘူး ထင်တယ်။ ကျန်တာ နည်းနည်းပါးပါးတော့ ရှိတော့ ရှိမှာပေါ့။
မတက်ရောက်နိုင်တဲ့ ‘ဝ’ အပိုင်းက သူတို့ဒီလို တောင်းဆိုချက်တွေ အတိုင်း
သိပ်တူမှာ မဟုတ်ဘူးလေ။ အချို့ အချက်တွေကတော့ တူချင် တူမှာပေါ့။
Voice : ‘ဝ’ နဲ့ မိုင်းလားကို တရုတ် အစိုးရက
မတက်ခိုင်းဘူးလို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော
အန်ကယ်တို့ ဘာပြောချင်လဲ ခင်ဗျ။
SPN : ‘ဝ’ နဲ့ မိုင်းလားကို တချို့က တစ်ဖက် အင်အားကြီး
နိုင်ငံက မတက်ခိုင်းလို့ မသွားတာဆိုတဲ့ ဟာတွေက လုံးဝ မဟုတ်ပါဘူး။ ‘ဝ’
ကတော့ နဂိုကတည်းက ကိုယ့်နေရာ ကိုယ့်ဒေသမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတဲ့
သူတွေပါ။ နိုင်ငံတော် အစိုးရနဲ့ ကိုယ်တိုင်ပဲ ညှိနိုင်းဆောင်ရွက်ပြီး
ဖြစ်မြောက်အောင် လုပ်သွားဖို့ ရှိတယ်။တခြား အဖွဲ့အစည်းတွေထဲမှာ
ဆွေးနွေးရတာကို တစ်ဖက်သတ် ဆန်တယ်လို့ သူတို့ (UWSA) က မြင်တယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်ဖြစ်တဲ့အတွက် ဘယ်သူက စောဒက တက်တယ်
ဆိုတာမျိုးလည်း မကြားရပါဘူး။ မတက်ရောက်နိုင်တာ အမှန်ကတော့ ကျွန်တော်တို့ရဲ့
လိုလားချက်ကို ကျွန်တော်တို့နဲ့ ထိပ်တိုက် တွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့
သဘောကိုပဲ သက်ရောက်တာပဲလေ။ ဒါ ကျွန်တော် အမြင်ကို သုံးသပ်တာပါ။
Voice : ‘ဝ’ အနေနဲ့ရော တိုင်းရင်းသား ညီလာခံနဲ့ ပတ်သက်ပြီး မတူညီတဲ့ သဘောများ ရှိလား ခင်ဗျ။
SPN : မတူတာက ကချင်တို့ လိုလားချက်ကလည်း တစ်မျိုး၊
ကယန်းတို့ မွန်တို့လည်း ဒီအတိုင်းပဲ မတူတဲ့ အချက်တွေ ရှိလာမယ်။ အဲဒီတော့
‘ဝ’ လိုလားချက်ကလည်း တစ်မျိုး၊ ‘ဝ’ က နံပါတ်တစ် အနေနဲ့ ကိုယ့်ကံကြမ္မာ
ကိုယ်ဖန်တီးပြီးတော့ တိုးတက်ဖွံ့ဖြိုးမှု ဆောင်ရွက်နိုင်အောင် ‘ဝ’ ပြည်နယ်
တောင်းတယ်။ အဓိက ရည်မှန်းချက်ကို သူတို့ တောင်းဆိုတဲ့ ကိစ္စ။ အစိုးရက
သူတို့ကို ကူညီ ပံ့ပိုးပေးဖို့၊ အထူး ဆောင်ရွက်ပေးဖို့ စသဖြင့်
တောင်းဆိုချက်တွေက ဒီလိုမျိုး ရှိတယ်လေ။ တချို့ကျတော့ သူတို့ရဲ့
နယ်မြေဒေသမှာ ရှိတဲ့ ဓာတ်ငွေ့တို့ စီးပွားရေး လုပ်ငန်းတို့ကို
တောင်းဆိုတယ်။ ဥပမာ- ရခိုင်ဘက်မှာ ဓာတ်ငွေ့ကို အချိုး ၅၀ ရာခိုင်နှုန်း
ပေးရမယ် ဆိုတဲ့ သဘောမျိုးပေါ့။ ‘ဝ’ အနေနဲ့လည်း တခြားတိုင်းရင်းသား
လက်နက်ကိုင်တွေ ဘက်က ဘာမှ ဝင်ပြောဖို့ မရှိဘူးလေ။ ပြောရင်လည်း
မသက်ဆိုင်ဘူးလို့ သူတို့ ယူဆကြမှာပေါ့။
Voice : လိုင်ဇာ ညီလာခံကလည်း လုပ်ထားတယ်။ ‘ဝ’ ကလည်း ပြည်နယ် တောင်းဆိုတာလည်း ရှိတော့ အခြေအနေ ဘယ်လို ရှိနိုင်မလဲ ခင်ဗျ။
SPN : တောင်းဆိုချက် မတူတဲ့ အချိန်မှာ အင်အားနှစ်ခုကို
အပြိုင်အဆိုင် တောင်းဆိုတဲ့သဘောမျိုး သက်ရောက်သွားမယ်။
ထိပ်တိုက်ရင်ဆိုင်မှုကို လုပ်ဆောင်တဲ့ သဘောပဲ ဖြစ်တယ်။ ပကတိ
ကိုယ့်တိုင်းရင်းသား၊ ကိုယ့်ဒေသရဲ့ လိုလားချက်တွေကို ကာယကံရှင်တွေက
တိုက်ရိုက် တောင်းဆိုတဲ့ ပုံစံ မဟုတ်ဘဲနဲ့ အင်အား တစ်ခုနဲ့ သက်သေယူပြီး
တောင်းဆိုတဲ့ ပုံစံ ဖြစ်သွားမှာပေါ့။
Voice : နောက်အပြင်မှာ သတင်းတချို့ ထွက်နေပါတယ်။
ယူနန်ဘက်က တရုတ်တွေကို ဘုရားဖူး ခေါ်လာပြီး ပြည်တွင်းမှာ အခြေချစေတယ်ပေါ့။
အဲဒီ တရားမဝင် လာရောက်တဲ့ တရုတ်တွေကို သက်ဆိုင်ရာက ဖမ်းဆီးတော့ ‘ဝ’ ဘက်က
ဝင်လာတယ် ဆိုတော့ ‘ဝ’ တပ်ဖွဲ့ကပဲ ယူနန် ပြည်နယ်ထဲကို ပြန်ပို့တယ်လို့
ကြားထားပါတယ် ခင်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော အန်ကယ် သိထားတာ ရှိလား
ခင်ဗျ။
SPN : အဲဒါတော့ မကြားရဘူး။ တရုတ်တွေနဲ့ ‘ဝ’ က မဆိုင်ဘူး ထင်တယ်။
Myanmar Express
No comments:
Post a Comment