Thursday, September 26, 2013

ဆင်းရဲနွမ်းပါးသော ကျောင်းသားလှုငယ်များအတွက် ပြုလုပ်ခဲ့သည့် ရန်ပုံငွေရှာဖွေပွဲမှ ငွေစာရင်းများလာမည့် လဆန်းတွင် ထုတ်ပြန်မည်

Thursday, September 26, 2013
မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးမှ စီစဉ်ကျင်းပခဲ့သည့် “ဆင်းရဲနွမ်းပါးကျောင်းသား လူငယ်များ၏ ဘ၀မြှင့်တင်ရေး ရန်ပုံငွေအနုပညာဖျော်ဖြေပွဲမှ ရရှိလာသော ရန်ပုံငွေများနှင့်ပတ်သက်သည့် ငွေစာရင်းရှင်းတမ်းကို လာမည့်အောက်တိုဘာ လဆန်းတွင် ထုတ်ပြန်သွားမည်ဖြစ်သည်ဟု အစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က စက်တင်ဘာ ၂၅ တွင် ပြောသည်။
ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ရာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်သွားမည်ဖြစ်ပြီး ယင်းသို့ ထုတ်ပြန်သည့်အပြင် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး၏ ရှေ့ဆက်လုပ်ငန်းစဉ်များကိုလည်း ပြောပြ သွားမည်ဟု ၎င်းက ဆိုသည်။ အဆိုပါ ရန်ပုံငွေအနုပညာဖျော်ဖြေပွဲမှာ သြဂုတ် ၂ ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ခြင်းဖြစ်ကာ ယင်းမှရရှိသော ရန်ပုံငွေကို ဆင်းရဲနွမ်းပါးသော ကလေးများ၏ ပညာရေးအတွက်ပေးလှူခြင်း ဖြစ်သည်။

ကိုဇွဲရန်နိုင်က “သတင်းစာရှင်းလင်းပွဲလုပ်တဲ့နေ့မှာ ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေ လုပ်ဆောင် သွားမယ်ဆိုတာကိုလည်း ပြောမှာပါ”ဟု ပြောသည်။

အဆိုပါ အနုပညာဖျော်ဖြေပွဲကို တိုင်းပြည်အတွက်လစ်ဟာနေသည့် ကွက်လပ်များအား လူငယ်အဖွဲ့အစည်း တစ်ရပ် အနေဖြင့် အနုပညာရှင်များအပါအ၀င် ပြည်သူများနှင့် လက်တွဲပူးပေါင်းပြီး တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲမှ ရရှိလာသော ရန်ပုံငွေများကို ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများနှင့် ငြိမ်းချမ်းရေးရယူ ပြီးသော ဒေသများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေရသော ဒေသများရှိ ကျောင်းများအား အရေအတွက်တစ်ခုသတ်မှတ်၍ ပညာသင် ထောက်ပံမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောသည်။

အထက်ပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရန်ပုံငွေသုံးစွဲမှုနှင့် ပတ်သက်၍ ဘဏ္ဍာငွေ စီမံခန့်ခွဲမှု ကော်မတီအား ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ လူငယ်အင်အားစုများမှနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များအား ကိုယ်စားပြုနိုင်သည့် အသင်းအဖွဲ့ တစ်ရပ်ရှိသင့်သည်ဟု ဆွေးနွေးကာ တိုင်းပြည် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံလုံးဆိုင်ရာ လူငယ် အဖွဲ့အစည်းဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ယုဝေ
မဇ္ဈိမ

No comments:

Post a Comment

My Blog List