Friday, April 24, 2020

မွန်ပြည်နယ်တွင် ပြည်ပမှ ပြန်လာသူ (၈၄၀၀) အတွက် Facility Quarantine နေရာများ ပြင်ဆင်ထားပြီး

Image may contain: one or more people
ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတွေက ဧပြီ ၃၀ နောက်ပိုင်း မြဝတီမြို့နယ်စပ်ဂိတ်က တစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ ပေါင်း (၃၀၀၀၀) ဝန်းကျင်းရှိမယ်လို့ ပြည်ထောင်စုအစိုးရက ခန့်မှန်းထား ပါတယ်။ ပြန်လည်ဝင်ရောက်လာသူတွေ ထားရှိဖို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ Community Based Facility Quarantine (CBFQ) နေရာအသစ်တွေ တိုးချဲ့ထားပြီး မွန်ပြည်နယ်ကတော့ လူဦးရေ (၁၀၀၀၀) ခန့် ထားရှိနိုင်ဖို့ ရည်မှန်းထားပြီး လက်ရှိ လူဦးရေ (၈၄၀၀) အတွက် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။ 
မွန်ပြည်နယ်မှာ ပြည်ပပြန်လာသူတွေကို ထားတဲ့အခါ စနစ်တကျဖြစ်အောင်ထားဖို့ စီစဉ်ထားပြီး ဝင်လာတဲ့ရက်မတူရင် အဆောင်အတူတူ မထားသလို အဆောင်ထဲမှာလည်း တစ်ဘက်နဲ့ တစ်ဘက် မကူးရအောင် မျဉ်းအဝါတွေ ဆွဲထားမှာ ဖြစ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
“အတတ်နိုင်ဆုံး ခပ်ခွာခွာနေတဲ့ ပုံစံဖြစ်အောင် ဆောင်ရွက်ထားမယ်” လို့ ဒေါက်တာအေးဇံက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ အုပ်ချုပ်ရးအဖွဲ့တွေနားနေဖို့လည်း သီးခြား အခန်းတွေ စီစဉ်ပေးမှာဖြစ်ပြီး ပထမ အကြိမ် လူဦးရေ (၉၅၀၀) လက်ခံတုန်းက ချို့ယွင်းချက်တွေ ရှိခဲ့တဲ့အတွက် ဒီတစ်ခါမှာတော့ စနစ်တကျပြင်ဆင်ထားလို့လည်း ပြောပါတယ်။ ကြိုတင်ပြင်ဆင်ထားရာမှာလည်း ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ အချက် (၁၅) ချက် ပါ CBFQ ပုံစံအတိုင်း ပြင်ဆင်ထားပြီး သန့်ရှင်းရေးလုပ်တာ၊ကုတင် ထားရှိတာ၊ ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်နေပါတယ်။ မြဝတီနယ်စပ်ဂိတ်က ဝင်လာသူတွေကို ကရင်ပြည်နယ် အစိုးရအဖွဲ့က မွန်ပြည်နယ်ကို ပို့ဆောင်တဲ့အခါ မော်လမြိုင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း(AGTI) မှာ ထပ်မံ စီစစ်ပြီး လူဦးရေအလိုက် သထုံခရိုင်နဲ့ မော်လမြိုင်ခရိုင်တွေက ထားရှိရမယ့်နေရာကို ရွေးချယ်သွားဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ နေထိုင်သူဆိုရင် သက်ဆိုင်ရာမြို့နယ်တွေရဲ့ CBFQ မှာ ထားရှိ သွားမှာ ဖြစ်ပြီး အခြားတိုင်းနဲ့ ပြည်နယ်က လူတွေကို သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်က လာကြိုဖို့လည်း စီစဉ်ထားသလို ကြိုဖို့ အခက်အခဲရှိပါက မော်လမြိုင်မှာ ထားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။CBFQ မှာနေထိုင်သူတွေအတွက် ခေါင်းအုံး၊ စောင်၊ ခြင်ထောင်အပြင် လူတစ်ဦးကို တစ်ရက် (၂၅၀၀) ကျပ်နှုန်းနဲ့ ကျွေးမွေးထားတယ်လို့ သိရပါတယ်။ အလှူရှင်တွေအနေနဲ့ လည်း CBFQ မှာ နေထိုင်တဲ့သူတွေကို လှူချင်ပါက အစိုးရအဖွဲ့ကိုလာရောက်လှူဒါန်းလို့ ရပြီး၊ စောင်၊ ခေါင်းအုံး၊ အိပ်ယာ ၊ခြင်ထောင်နဲ့ ထမင်း တစ်ရက်စာ၊တစ်နပ်စာ လှူဒါန်းလိုပါလည်း လှူဒန်းနိုင်တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာ အေးဇံက ပြောပါတယ်။ မော်လမြိုင်တက္ကသိုလ်မှာ ပထမ အကြိမ် Quarantine စတင်ထားတုန်းကလဲ မော်လမြိုင်မြို့ပေါ်က အလှူရှင်တွေနဲ့ မွန်ပြည်နယ်အစိုးရက စားစရိတ် ထက်ဝက်စီ ထောက်ပံ့ ကျွေးမွေးခဲ့တယ်လို့ ဒေါက်တာအေးဇံက ပြော ပါတယ်။ မော်လမြိုင်တက္ကသိုလ် အပြင်ဆောင် တွေဖြစ်တဲ့ မော်လမြိုင်ဆောင်၊ သထုံဆောင် ၊ဘားအံဆောင်၊ ကော့ကရိတ်ဆောင်၊ ထားဝယ်ဆောင်မှာ လူ (၇၀၀) ဆန့်ပြီး တက္ကသိုလ် အတွင်းဆောင် တွေဖြစ်တဲ့ သန္တာဆောင်၊ နီလာဆောင်၊ ပုလဲဆောင်၊ သံလွင်ဆောင်(၁၊၂၊၃၊၄) နဲ့ အင်ကြင်းဆောင်မှာ လူ (၁၀၀၀) ထားနိုင်တယ်လို့ သိရပါတယ်။ ဒါအပြင် အ.ထ.က(၆)နဲ့ အ.ထ.က(၃)မှာ ထားဖို့လည်း ပြင်ဆင်ထားသလို မော်လမြိုင်ပညာရေးကောလိပ်က မြတ်သစ္စာ၊ မြတ်မာလာ၊ မနော်ဟရီ၊ ဗညား၊ တလနွန် ဆောင်တွေမှာ လူ (၄၀၀) ထားရှိနိုင်ဖို့လည်းပြင်ဆင်ထားပါတယ်။ စီစဉ်ထားတဲ့ အဆောင်တွေမလုံလောက်ပါက အရန် အနေနဲ့ အားကစားသိပ္ပံကျောင်း၊ မြေနီကုန်းရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွေကိုလည်း လျာထားတယ်လို့ သိရပါတယ်။မော်လမြိုင်မြို့ မှာ လူဦးရေ (၃၀၅၀) ထားရှိနိုင်ဖို့ စီစဉ်ထားတာ အပါအဝင် မော်လမြိုင်ခရိုင်မှာ လူ (၆၄၀၀)အတွက် CBFQ (၂၈) နေရာ စီစဉ်ထားပါတယ်။သထုံခရိုင်မှာ လူဦးရေ (၂၀၀၀) ထားရှိနိုင်ဖို့အတွက်စီစဉ်ထားပြီး CBFQ နေရာ (၂၀) သတ်မှတ်ထား ပါတယ်။
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and people standing
Image may contain: one or more people, people standing and outdoor

သတင်း-အာကာကျော်ထွန်း

·

No comments:

Post a Comment

My Blog List