နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်(နိုင်/ချုပ်)
ဖြစ်မြောက်ရေး ကော်မတီအစည်းအဝေးကို စက်တင်ဘာလ ၂၃ရက်နေ့ နေ့လည်
၁နာရီအချိန်က ရန်ကုန်မြို့ရှိ M3 စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့ရာ
ဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင် ၂၅ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်(နိုင်/ချုပ်)ကို
ဖွဲ့စည်းရခြင်းမှာ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးနှင့် လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအား
လူမှုဘ၀မြှင့်တင်ပေးရေး၊ ပြည်သူများ၏ လူမှုရေးလိုအပ်ချက်များကို
တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရေး၊ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင်
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်
အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်ရန်ရည်ရွယ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသား
ဟောင်းများအဖွဲ့ချုပ်(နိုင်/ချုပ်) ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်
ကိုညိုထွန်းက''ကျွန်တော်တို့ဟာ အခုလို အဖွဲ့ချုပ်ဖွဲ့စည်းလိုက်တယ်ဆိုပေမယ့်
ကျန်တဲ့အဖွဲ့အစည်းပေါင်းစုံ ကျန်တဲ့မျိုးဆက်ပေါင်းစုံကို ကျွန်တော်
တို့ရဲ့ ညီအကိုတော်တွေလို့ ခံယူထားပါတယ်။ စင်တစ်ခုပေါ်တက်ဖို့ မဟုတ်ပါဘူး။
တကယ်လူထုလူမှုရေး အကျိုးစီးပွားတွေကို ပြည့်ပြည့်၀၀
ဖြည့်ဆည်းနိုင်ဖို့အတွက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုတွေရဲ့
လူမှုရေးအခက်အခဲတွေ ပညာရေးတွေ ကျန်းမာရေးတွေကို လုပ်ဆောင်ဖို့ အဓိကထားပြီး
ရည်ရွယ်ဖွဲ့စည်းတာပါ''ဟု ပြောပြခဲ့ပါသည်။
နိုင်/ချုပ်ဖွဲ့စည်းရေးအတွက်
၈.၉.၂၀၁၂ ရက်နေ့က နိုင်/ချုပ် အမြုတေကို ဖွဲ့စည်းခဲ့ပြီး
သဘောထားကြေညာချက်ကို စက်တင်ဘာလ ၁၄ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်းနှင့် ၂၀၁၂
ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအနှံရှိ နိုင်ငံရေးအကျဉ်းသား ဟောင်းများ
ပါဝင်မည့် နိုင်/ချုပ် ညီလာခံကို ကျင်းပနိုင်ရေး
ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုဖွဲ့စည်းခဲ့သည့်
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် (နိုင်/ချုပ်)နှင့်
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ကျဉ်း)တို့သည်
တူညီမှုမရှိကြောင်းလည်း သိရသည်။
No comments:
Post a Comment