Thursday, September 27, 2012

ဆက်သွယ်ရေး ဥပဒေကြမ်း လာမည့်လွှတ်တော်တွင် တင်မည်


ဆက်သွယ်ရေး (တယ်လီကွန်း) ဥပဒေမူကြမ်းအား လာမည့် ပဉ္စမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ လက်ရှိတွင် အဆိုပါ ဆက်သွယ်ရေး ဥပဒေမူကြမ်းအား ရှေ့နေချုပ်ရုံးမှတစ်ဆင့် ပြန်လည်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းမှတစ်ဆင့် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့သို့ ပေးပို့လျက်ရှိကြောင်း ဆက်သွယ်ရေးမှ သိရသည်။ အကြံပေးအဖွဲ့ စစ်ဆေးမှုတွေ ပြီးရင်တော့ လာမယ့် လွှတ်တော်ပုံမှန် အစည်းအဝေးကို တင်သွင်းမှာပါ။ လွှတ်တော်က အချေအတင် ဆွေးနွေးပြီး အတည်ပြုလိုက်ရင်တော့ ဆက်သွယ်ရေး ဥပဒေသစ် ထွက်ပေါ်လာမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ အဆိုပါ ဆက်သွယ်ရေး ဥပဒေမူကြမ်းတွင် မိုဘိုင်းဖုန်း ထုတ်လုပ်ခွင့်လိုင်စင်များ၊ Operator အဖြစ် လုပ်ကိုင်ခွင့်ပြုမည့် အချက်များနှင့်ဆိုင်ရာ ဥပဒေများ ဆက်သွယ်ရေးကဏ္ဍအား ပုဂ္ဂလိကရင်းနှီးမြှုပ်ခွင့်ပြုနိုင်မည့် အချက်များလည်း ပါဝင်မည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။ “အရင်တုန်းက ထုတ်ခဲ့တဲ့ ဆက်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဆိုတာ မပါဝင်ခဲ့ဘူး။ အခု ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာတဲ့အတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကဏ္ဍကို နိုင်ငံတကာ ဆက်သွယ်ရေး ဥပဒေတွေကို နမူနာယူပြီး ထည့်သွင်းထားရခြင်း ဖြစ်ပါတယ်” ဟု ၄င်းကဆက်လက် ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆက်သွယ်ရေး ဥပဒေသစ် ပေါ်ပေါက်လာပါက ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိက Operator လေးခုကို လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးမည်ဟု ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ဆက်သွယ်ရေးအသွင်ပြောင်း မြန်မာ့တယ်လီကွန်းနှင့် ရတနာပုံတယ်လီကွန်း ကုမ္ပဏီနှစ်ခုကို ရွေးချယ်ထားလျက်ရှိကြောင်း သိရသည်။ ယခင် မြန်မာ့ဆက်သွယ်ရေးမှ ပြဋ္ဌာန်းခဲ့သည့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများမှာ ၁၈၈၅ ခုနှစ်တွင် Myanmar Telegraph Act ဥပဒေ၊ ၁၈၉၈ တွင် Myanmar Post Office Act ဥပဒေ၊ ၁၉၈၉ တွင် State Own Enterprises Law ၊ ၁၉၉၆ တွင် Computer Science Development Law နှင့် ၂၀၀၄ ခုနှစ်တွင် Electronic Transaction Law များအား ပြဋ္ဌာန်းထားခဲ့ကြောင်း ဆက်သွယ်ရေးမှ သိရသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။  

From : ခေတ်လူငယ်

No comments:

Post a Comment

My Blog List