Friday, September 28, 2012

ကုဋေ ခြောက်ထောင် အိပ်မက်

-ကုဋေ ခြောက်ထောင် အိပ်မက်-
မြန်မာစကားပြောနည်းမှာ ``ကောက်ပင်ရိပ်လှီး`` စကားပြောနည်းတစ်ခုပါတယ်။ ကိုယ်ပြောချင်တာကို ဒုတ်ထိုးအိုးပေါက်မပြောပဲ သွယ်ဝိုက် သိမ်းပိုက်ခြုံငုံပြီးမှ ကိုယ်ပြောချင်တာ ကိုပြောတာပါ။ အဲဒီလို စကားပြောနည်းက ဘယ်အခါမှာ သုံးရသလဲဆိုရင် ကိုယ့်စကားကို နားထောင်တဲ့သူက လျှက်တစ်ပြတ် အလွယ်နား လည်ပြီးအထင်လွဲစေနိုင်တဲ့အခါသုံးပါတယ်။ အထင်လွဲသွားပြီဆိုရင်တော့ ရွာလည်ပြီး တိုင်ပတ် သွားရင် ပြန်ရှင်းပြဘို့က သိပ်ခက်သွားတတ်တယ်။ အခု ကျွန်တော်လည်း တိုင်ပတ်နိုင်တဲ့ အတွေးတစ်ခုကို တင်ပြချင်လို့ စကားကြောရှည်ပြီး နိဒါန်းပျိုးနေရတာပါ။ 
 (၁) ကျွန်တော် က ဗုဒ္ဓဘာသာပါ။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားအဖြစ်ကို မရောက်ခင် သိဒတ္ထမင်းသားဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိပါတယ်။ အိမ်ရှေ့စံပါ။ တစ်ချိန်မှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်ဘို့ ဖခင်ကြီး အထူးမျှော်လင့်ထားတဲ့သူပါ။ ဒီတော့ လူသားတိုင်း အရမ်းတောင့်တ တဲ့ သက်ဦးဆံပိုင် ရှင်ဘုရင်ဘဝ၊ လိုတရ ပြီး လက်ညှိုးညွှန်ရာ ရေဖြစ်စေတဲ့ ဘဝကို စွန့်လွှတ်ပြီး ပဋိက္ခရာ ရှစ်ပါးလောက်နဲ့ တောထွက် တရားရှာပြီး ဗုဒ္ဓအဖြစ်ရောက်ရှိခဲ့တာပါ။ ကျွန်တော် ပြောလိုခြင်းက သိဒတ္ထမင်းသားဟာ ရွှေငွေ ကျောက်သံ ပတ္တမြား ၊ ရာထူး အာဏာ စည်းစိမ် ၊ စတာတွေကို မတွယ်ကပ် မငြိတွယ်ဘဲ သံသရာရဲ့ လွတ်မြောက်ရာကို ရှာဖွေခဲ့သလို ဒီ စည်းစိမ်ဥစ္စာ ရွှေငွေ ရတနာတွေကိုလည်း တရားကျင့်သူ တရားရှာသူတွေနဲ့ မအပ်စပ်တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့အချိန်ထိ ဝိနည်း အလွန်လိုက်နာတဲ့ ရဟန်းတွေဟာ ငွေကို ကိုယ်တိုင် ကိုင်စွဲမသုံးကြ ပါဘူး။ ရွှေငွေ ကျောက်သံပတ္တမြားကို စုဘို့ဆိုတာဝေးရောပေါ့။ စုရင်လည်း ဘုရားက အပြစ်တင် ကဲ့ရဲ့မှာ ပါပဲ။ ဒီတော့ ရွှေငွေ စတာတွေဟာ ဘုရားသားတော် ရဟန်းတို့နဲ့တောင် မအပ်စပ်ဘူး ဆိုရင် ဘုရားရှင် ကိုယ်တိုင်ဆိုရင်တော့ ပြောဘို့တောင် မလိုအပ်ပါဘူး။
 (၂))
 ပြောချင်တာကို ပြောတော့မယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က သတင်းစာမှာဖတ်မိ တယ်။ ရွှေတိဂုံ စေတီတော်ကြီးကို လှုဒါန်းထားတဲ့ ငွေပမာဏဟာ အခု ဘဏ်ထဲမှာ ကုဋေခြောက်ထောင် ရှိပြီတဲ့။ ခောတ်အဆက်ဆက် ဘုရားမှာ ကပ်လှုထားတဲ့ ရွှေဆိုတာလည်း တန်ပေါင်းများစွာရှိတယ်။ ကျွန်တော်သိချင်တာက ဘုရားကို ရွှေငွေကျောက်သံပတ္တမြားတွေ လှုကောင်းရဲ့လား။ အဲဒီရွှေငွေကျောက် သံပတ္တမြားဆိုတာ လောကီလူသားတွေက တန်ဘိုးအဖြစ်သတ်မှတ်ထားတဲ့ ရုပ်ဝတ္ထုတွေပါ။ ပကတိတန်ဘိုး မရှိပါဘူး။ ဖဲရိုက်တဲ့အခါ ဖဲဝိုင်းမှာ အကြွေအခက်ခဲရှိရင် စက္ကူစတွေကို ငွေအဖြစ် သဘောတူ သတ်မှတ်ပြီး ပွဲမပြီးမချင်း ငွေအဖြစ်သတ်မှတ်သလိုပေါ့။ ကောင်းပြီ။ လှုဒါန်းသင့်တယ်ထား ။ အဲဒီငွေတွေကို ဘယ်လို အကျိုးရှိအောင် အသုံးပြုမှ လှုသင့်တဲ့ အနေထားကိုရောက်မှာလဲ။ သေချာတာကတော့ ဘုရားသာ သက်ရှိ ထင်ရှားရှိရင် လုံးဝစုမှီးသိုလှောင်ထားတာကို လက်ခံတော်မူမှာ မဟုတ်ပါဘူး။ သာသနာပြုရာမှာ လိုအပ်သ လို အသုံးပြုစေမှာပဲလို့ထင်မိပါတယ်။
(၃)
အခု မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်နေပါပြီ။ အများတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ပါပဲ။ ဒီစနစ်ကို လိုက်နာရင် လွတ်လပ်စွာ ပြောဆိုခွင့်။ လွတ်လပ်စွာ သသနာပြုခွင့် ။ လူ့အခွင့်အရေးတွေကို အပြည့်အဝပေးရပါတော့မယ်။ လစ်ဘရယ်ပေါ့။ သာသနာပြုတဲ့နေရာမှာ ယှဉ်ပြိုင်မှုတွေ မလွဲမသွေ ကြုံလာရမယ်။ ဒီအခါမှာ သာသနာပြုတဲ့သူတွေကို အထောက်အပံ့ပေးဘို့ လိုလာမယ်။ တောင်တန်းဒေသတွေ ၊ နိုင်ငံရပ်ခြားတွေမှာ သွားရောက်သာသနာပြုမယ့် သာသနာ့ဝန်ထမ်းရဟန်းတွေကို ဆွမ်း နဲ့နေထိုင်ဘို့ကျောင်းတွေ မပူပင်ရအောင် ထောက်ပံ့ပေးဘို့လိုသလို ထူးချွန်တဲ့သာသနာပြု ရဟန်းတွေကိုလည်း မွေးထုတ်ပေးရပါတော့မယ်။ အဲဒီလို သာသနာပြုရဟန်းတွေအတွက် မြတ်စွာဘုရားကို လှုဒါန်းထားတဲ့ ကုဋေခြောက်ထောင်ရဲ့ ဘဏ်တိုးငွေ ကို သုံးခွင့် ပြုသင့်တယ်လို့ ထင်မြင်ပါတယ်။
(၄)) 
 နောက်တစ်ခု။ ပရဟိတ။ အမြဲကြားနေရတာက ခရစ်ယံ ဘာသာဝင်တွေဟာ ပရဟိတ မှာ စွမ်းစွမ်းတမံ လုပ်ဆောင်ကြပါတယ်။ အချို့ ဓါတ်ခံနည်းတဲ့ ဗုဒ္ဓဘာသာဝင်တွေဆိုရင် သူတို့ကို ကူညီထောက်ပံ့ ပြုစုပျိုးထောင်ပေးတဲ့ ခရာစ်ယံဘာသာကို အားကိုးစွာ ဝင်ရောက်သွားကြပါတယ်။ ဓါတ်ခံနည်းတယ်ဆိုတာ ဗုဒ္ဓ ဝါဒကို သေချာမသိဘဲ မိရိုးဖလာ ဗုဒ္ဓဘာသာတွေအနေနဲ့ လက်ငင်း ကျေးဇူးတရားရှိတဲ့ ဘာသာကိုပြောင်းသွားတာ အပြစ်ပြောဖွယ်မရှိပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကတော့ ပရဟိတထက် ဘုရားတည်ပြီး သာသနာပြုတဲ့ဘက်မှာပဲ အားသန်တတ်ကြပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာဝင် ကလေးငယ်အချို့ အခြားဘာသာဘက်ကို ရောက်သွားရပါတော့တယ်။ အခုတော့ ဗုဒ္ဓဘာသာ ပရဟိတကျောင်းတွေ အများကြီး ပေါ်ပေါက်လာပါပြီ။ ဒါပေမယ့် ပြည့်စုံတဲ့ ထောက်ပံ့မှုတော့ မရသေးပါဘူး။ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ဆက်ပြီး ရှင်သန်နိုင်အောင် ရုန်းကန်နေကြရတုန်းပါပဲ။ ဒါဟာ ကိုယ်တိုင် ပရဟိတ လုပ်မှ သိရတာပါ။ ဒီတော့ အခမဲ့ ပညာသင်ကြားပေးတဲ့ ဘ/က ကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေကို ရော ဗုဒ္ဓမြတ်စွာဘုရားကို လှုဒါန်းထားတဲ့ ငွေတွေထဲက ဘဏ်တိုးကို ခွဲဝေ ပေးကမ်းစွန့်ကြဲရင်ရော သာသနာပြုရာမေ၇ာက်ဘူးလား။ သုံးသင့်တယ်လို့ မထင်ဘူးလား။ 

(၅))
 ဗုဒ္ဓက ဟောဖူးတယ်လို့ ကြားဖူးတယ်။ ဗုဒ္ဓဘာသာကို ဘယ်သူမှ ဖျက်လို့ မပျက်နိုင်ဘူး။ ဒါပေမယ့် ရဟန်းတော်များ ဖျက်ရင်တော့ ပျက်စရာအကြောင်းရှိတယ်တဲ့။ ဒါကို ဘာကိုပြောလိုတာလဲဆိုတော့ သာသနာဟာ ရဟန်းတွေရဲ့ သီလ သမာဓိ ပညာ ၊ အကျင့်သီလ အပေါ်မှာ အများကြီး မှီတည်သလို ဗုဒ္ဓတ၇ားတော်တွေကိုလည်း လိုရာပြုပြင်တာမျိုး မဖြစ်စေဘို့ အရေးကြီးပုံပါပဲ။ ဒီတော့ သာသနာပြု မဟုတ်ဘဲ အတုယောင် ရဟန်းများ အကျင့်သီလ မရှိတဲ့ ရဟန်းတုများအတွက်လည်း လာမယ့် ပွင့်လင်းမြင်သာမှုမှာ အခက်ခဲကြုံရမှာပါ။ ဟိုတလောကပဲ ချဲနံပါတ်ပေးတဲ့ ရဟန်းတု တစ်ယောက်ဟာ ဒကာမနဲ့ ဖက်နမ်းရှုတ်တဲ့ ဗီဒီယိုဖိုင်တစ်ခု တွေ့လိုက်၇ပါတယ်။ အခြားဘာသာက သာသနာကို ဖျက်ဆီးလိုလို့ အတုလုပ်တင်တယ်ဆိုရင်တောင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တန်ပြန်ရှင်းပြတာမျိုး လုပ်ရပါမယ်။ မှန်နေရင်လည်း အာဏာသက်ရောက်တဲ့သူတွေက သာသနာသန့်ရှင်းအောင် အရေးယူရပါမယ်။
 (၆))
 နောက်ဆုံးတစ်ခုပြောချင်ပါတယ်။ လာမယ့်နိုင်ငံအခင်းအကျင်းမှာ အမျိုးဘာသာ သသနာကို ချစ်တယ်ဆိုရင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ကြရပါတော့မယ်။ အရင်က ဗလီတစ်လုံးဆောက်ဖို့ ခွင့်ပြုချက်ရဘို့မလွယ်ပါဘူး။ နောက်ဆိုရင်တော့ အကြောင်းမဲ့ တားလို့ရမှာမဟုတ်တော့ဘူး။ ဒါဆိုရင် ပြိုင်ဘက်အနေနဲ့သဘောထားကြည့်မယ်ဆိုရင် ပြိုင်ဘက်ဟာ အာဏာဆိုတဲ့ ကြိုးက လွတ်တော့မယ်။ ခရာစ်ယံဘာသာလည်း အလားတူပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက ဝါဒရေးမှာ အချိန်မရွေးပြိုင်ဘို့ ဝန်မလေးစရာဖြစ်ပေမယ့် လူမှုရေး မှာတော့ အတော်အားနည်းပါတယ်။ တစ်တိုင်းပြည်လုံး နီးပါး ဗုဒ္ဓဘာသာ ဖြစ်နေတာတောင် ပရဟိတ ဘုန်းကြီးကျောင်းတွေမှာ ရင်လေးနေရတုန်းပါပဲ။ တိုင်းတပါး အလှုရှင်ကို အားကိုးနေရတုန်းပါပဲ။ ဘုရားရှိရင်တော့ ဘုရားဆီက စွန့်ကြဲပေးဘို့ အလှုခံချင်ပေမယ့် ဘုရားက ပရိနိဗ္ဗာန်ပြု သွားပြီဆိုတော့ ဘုရားကို လှုထားတဲ့ ရွှေငွေ ဥစ္စာတွေက ဂေါပက လက်ထဲမှာဆိုတော့ သူတို့ သဘောတူမှ ရနိုင်မှာမို့ ဖြစ်နိုင်ရင် ဂေါပက လူကြီးမင်းများ စဉ်းစားပေးကြပါလို့။ 

**ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)**

No comments:

Post a Comment

My Blog List