ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာ၊ မြန်မာ့အလင်း ၂၁-၉-၂၀၁၂နေ့ထုတ်ကို ဖတ်ဖြစ်ပါတယ်။ မနက်ခင်းရဲ့ဂျာနယ်ဆိုင်ကလေးမှာ လူတချို့က ဂျာနယ်တွေ ၀ယ်ရင်း၊ လူတစ်ယောက်က““ဒီနေ့ထုတ်၊ ကြေးမုံနဲ့ မြန်မာ့အလင်းကတော့ ထူးခြားတယ်ဗျ””
လို့ပြော တာနဲ့ ကျွန်တော်လည်း ဘာများထူးခြားလို့လဲဆိုတဲ့စိတ်နဲ့ သောကြာနေ့မှာ ၀ယ်နေကျ ဂျာနယ်တွေအပြင် မြန်မာ့အလင်းသတင်းစာတစ်စောင်ကိုလည်း ၀ယ်လိုက်ပါသည်။
အိမ်ကို ပြန်ရောက်တော့ အခြားဂျာနယ်တွေ မဖတ်သေးဘဲ၊ ၀ယ်လာခါစ၊ မြန်မာ့အလင်းသတင်းစာကို ဖတ်ကြည့်ပါတယ်။ ရှေး ခေတ်ကတော့ သတင်းစာခေါင်းကြီးလို့ ထင်ပါရဲ့။ အခုတော့ အယ်ဒီတာ့ အာဘော်ပေါ့ဗျာ။ မြန်မာ့ အလင်းသတင်းစာ အယ်ဒီတာ့အာဘော်ကို ဖတ်ကြည့်တယ်။ ကောင်းတယ်ခင်ဗျ။ ““ပညာနှင့်အလုပ် အကိုင်အခွင့်အလမ်း”” ဆိုတဲ့ အယ်ဒီတာရဲ့အာဘော်ကို ဖတ်လိုက်ရတယ်။ ကလေးတွေပညာရေး ကြိုးစားကြဖို့နဲ့၊ ပညာရွှေအိုးရဲ့ တန်ဖိုးကို ရေးထားတာပါ။ ဟုတ်တယ်။ ပညာ တတ်တွေ လိုအပ်နေတဲ့ ခေတ်ကြီးကိုခင်ဗျာ။ အလုပ်အကိုင် အခွင့်အလမ်းဆိုတာကလည်း ပညာတတ်မှ ပိုပြီးလမ်းတွေ ပွင့်လာမှာကို။ ကျွန်တော်တို့ကလည်း မိဘဖြစ်ခဲ့ကြသလို ခုဆိုရင် အဘိုးအရွယ်တောင် ရောက်နေပြီဆိုတော့၊ တိုင်းပြည် မှာရှိတဲ့ ကလေးတိုင်းကို၊ ပညာတတ်စေချင်ပါတယ်။ သားသမီးချင်း ကိုယ်ချင်းစာတယ်။ မြေး၊ မြစ်အရွယ်ချင်း ကိုယ်ချင်းစာပါတယ်။ မိဘတိုင်း ကိုယ့်သားသမီးကို၊ ဘိုး ဘွားတိုင်း ကိုယ့်မြေးလေးမြစ်လေးတွေကို စာသင်ခန်း တွေထဲ ရောက်နေတာ မြင်ချင်တွေ့ ချင်ကြ ပါဘိသနဲ့ဗျာ။ ဒါ မျှော်လင့်ချက်ကြီးတစ်ခုပါ။ ပြောရဦးမယ်ဗျ။ ခုတလောမှာ ကျွန်တော်နေထိုင်တဲ့ ရပ်ကွက်၊ တိုက်တာအိမ်ခြေများရဲ့ နောက်ဖေးလမ်းကြားမှာ၊ တစာစာအော်ဟစ်ပြီး၊ ပစ္စည်းလေးတချို့ ပစ်ချပေးကြပါလို့ ပြောရင်းမော့ကြည့်နေကြတဲ့ ကျောင်းနေအရွယ် လူမမည်လေးတွေရဲ့ မျက်နှာနု ဖတ်ဖတ်၊ ကြမ်းရင့်ရော်၊ နေဒဏ်မိုးဒဏ် ရေစိမ်ခံလေးတွေကို မြင်လိုက်ရတော့ ရင်ထဲမှာ တော်တော် ထိခိုက်နေရဆဲပါပဲ။ သူတို့ခမျာ ရေသန့်ဘူးအလွတ်လေးများ ပစ်ချပေးကြမလား၊ အင်္ကျီအ၀တ်အထည်၊ အသုံးအဆောင်အဟောင်းလေးတွေများ ပစ်ချပေးကြမလားလို့ တစာစာ အော်ဟစ်နေ ကြတာပါ။ ပုလင်းခွံ၊ ဘူးခွံ၊ ပလတ်စတစ် ပစ္စည်းလေးများ ပစ်ချပေးရင် ပျော်ရွှင်နေကြတဲ့ သူတို့ရဲ့ မျက်နှာလေးတွေပေါ့။ တချို့ကျောင်းနေအရွယ် ကလေးငယ်တွေကျတော့လည်း မိဘတွေ၊ ဦးလေး၊ အဒေါ် တွေ၊ အစ်ကို၊ အစ်မတွေ၊ ဘိုးဘွားတွေက၊ ကျောင်းထားပေးချင်ကြပါရက်နဲ့ ကျောင်းထားဖို့ ပိုက်ဆံမရှိကြလို့ ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတယ်။ ကလေးတွေဟာ၊ အရွယ်နဲ့မမျှ၊ အိမ်ဖော် အလုပ်တွေ ၀င် လုပ်နေကြရတယ်။ တချို့အိမ်ရှင် လူချမ်းသာ လူကြမ်းစိတ်ကြမ်း၊ ရက်စက်တတ် သူတွေရဲ့ နှိပ်စက် ညှင်းပန်းမှုကို ခံကြရရှာတယ်။ တချို့ကလေးတွေကျတော့ လက်ဖက်ရည် ဆိုင်တွေ၊ ထမင်းဆိုင်တွေ၊ အရက် ဆိုင်တွေမှာ ဟိုလူကဆူ၊ ဒီလူကဟောက်နဲ့၊ ကြောက်ကြောက်လန့်လန့်၊ စားပွဲထိုး အလုပ် ၀င်လုပ်နေကြရရှာတယ်။ ဘ၀အခြေအနေအရပေါ့ခင်ဗျာ။
သူတို့လေးတွေအားလုံး ကျောင်းနေခွင့်၊ စာသင်ခွင့် ရအောင် ၀ိုင်းဝန်းကြိုးစားပေးကြရင် ပိုပြီး ကျွန်တော်တို့တိုင်းပြည်ကြီး မင်္ဂလာရှိလာလိမ့်မယ် ထင်ပါရဲ့ခင်ဗျာ။ တိုင်းပြည်က တာဝန်ရှိလူကြီးများကို ကျွန်တော်တို့ အားကိုးပါရစေခင်ဗျာ။ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ မှ သတင်းတို လေး တစ်ပုဒ်ကလည်း ထူးခြားပါတယ်။ ““ကိုလိုနီအဆောက်အအုံများအနီး အထပ် မြင့်တိုက်တာ များ ဆောက်လုပ်ခွင့်မပြုတော့”” ဆိုတဲ့ သတင်းတိုလေးက ထူးခြားပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်းပိုင်း မှာရှိတဲ့ သမိုင်းဝင်အဆောက်အအုံတွေကို Heritage Trust Zone တွေ သတ်မှတ်ပြီး ထိန်းသိမ်းစောင့်ေ ရှာက် တဲ့အပိုင်းတွေ လုပ်နေပြီတဲ့။
ကျေးဇူးလည်းတင်၊ ၀မ်းလည်းသာလိုက်ရပါကြောင်းခင်ဗျာ။ နိုင်ငံတကာမှာလည်း ရှေးဟောင်း လက်ရာ အဆောက်အအုံတွေကို ထိန်းသိမ်းကြပါတယ်လို့လည်း သတင်းထဲမှာ ဖတ်လိုက်ရတော့ဝမ်းသာ မိတာပေါ့။ ကျွန်တော်တို့ မြန်မာဆိုတာလည်း နိုင်ငံတကာထဲက နိုင်ငံတစ်ခုပဲဗျာ။ လွမ်းမိတာကတော့ အခု မရှိတော့တဲ့ ဂျူဗလီဟောအဆောက်အအုံကြီးပါပဲ။ ရန်ကုန်ဦးဝိစာရလမ်းနားက ဂျူဗလီဟောကြီးကို သိပ်လွမ်းတာပဲ။ သမိုင်းဝင်အဆောက်အအုံကြီးပေါ့ခင်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေ ပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အကြမ်းဖက်လက်နက်ကိုင်သမားတစ်စုက လုပ်ကြံ သတ်ဖြတ်လိုက်ပြီး နောက်ပိုင်းမှာ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်တွေကို အများပြည်သူအလွမ်းနဲ့ ဂါရ၀ပြုနိုင်ကြဖို့အတွက် သက် ဆိုင်ရာက အဲ့ဒီဂျူဗလီဟောကြီးမှာ နိုင်ငံတော်ဈာပနာအနေနဲ့ ထားပေးခဲ့ ဖူးတယ်ခင်ဗျာ။ ဟိုးတုန်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ပန်းချီပန်းပုအနုပညာပြပွဲကြီးကိုလည်း ဂျူဗလီဟော မှာပြသကျင်းပခဲ့ဖူးတာပေါ့။ ပြီးတော့မင်္ဂလာဆောင်ဧည့်ခံပွဲတချို့၊ ဇာတ်ပွဲသဘင်တချို့လည်း ဂျူဗ လီဟောကြီးထဲ ကျင်းပခဲ့ဖူးတယ်ခင်ဗျာ။ နောက်ဆုံးကြုံခဲ့ဖူးတာကတော့ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်၊ စာရေးဆရာဦးဝင်းဦး သက်ရှိထင်ရှား ရှိခဲ့စဉ်တုန်းက လျှပ်တစ်ပြက်ဂီတပဒေသာဆိုပြီး ဂျူဗလီေ ဟာကြီးထဲမှာ ပရိသတ်များစွာနဲ့ သီဆိုဖျော်ဖြေသွား ခဲ့တဲ့ပွဲကြီးပါပဲဗျာ။ ခုတော့ ရှေးဟောင်းသမိုင်းဝင် ဂျူဗလီဟောကြီး မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ခုလိုနောက်ဆက်တွဲ သတင်းကောင်းတွေ သတင်းစာထဲ ဖတ်ရတော့ ကျေးဇူးတင်ပါတယ်။ ရန်ကုန်က ၀န်ကြီးများရုံးကြီးဆို သမိုင်းဝင်ပေါ့။ တစ်နေ့တော့ ကြည့်ခွင့်ကြုံခဲ့ရင် ဗို်လ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေးခန်းကြီးကို တက်ကြည့်ချင် ပါသေးတယ်။ ကျွန်တော်လည်း တောင်တွေး မြောက်တွေး တွေးရင်း သတင်းစာကို ဆက်ဖတ်နေ မိတယ်။ စောစောက ဂျာနယ်ဆိုင်မှာ လူတစ်ယောက်က ဒီနေ့ထုတ် သတင်းစာထူးတယ်ဆိုတာ ဘာကိုများ ထူးတယ်လို့ ပြောသွားတာပါလိမ့်ဆိုပြီး သိချင်တာနဲ့ လျှောက်ပြီး လှန်လှောကြည့် နေမိတယ်။
သတင်းစာကျောဖုံး စာမျက်နှာ ၂၀ မှာပါတဲ့ သတင်းကိုများ အဲဒီလူက ရည်ညွှန်းပြောသွားတာ များလားတော့ မသိဘူးဗျ။ ““မြန်မာနိုင်ငံ၏ နိုင်ငံတော်ထူထောင်ရေးလုပ်ငန်းစဉ်များသည် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ်လာ၊ အမေရိကန် ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူသည့်အခမ်းအနားတွင် ဒေါ်အောင် ဆန်းစုကြည်ပြော ကြား””ဆိုပြီး ခေါင်းစီး စာလုံး အမည်းကြီး တပ်ထားသလို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ဂုဏ်ပြုပေးအပ်တဲ့ အမြင့်ဆုံးရွှေတံဆိပ်ဆုကို လက်ခံရယူနေတဲ့ ဓာတ်ပုံကိုလည်း မြန်မာ့အလင်းသတင်းစာ က ဖော်ပြထားပါတယ်။ သတင်းကို ဖတ်ကြည့်တော့ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကန်နိုင်ငံရေးဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေတို့လည်း တက် ရောက်ခဲ့ကြသည်လို့ ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။ ဟုတ်ပါတယ်။ ဒါ လည်း နေ့စဉ်ထုတ်သတင်းစာမှာ ထူးခြားတဲ့သတင်းလို့ ဆိုနိုင်ပါတယ်။ ဟိုတုန်းက မတွေ့ခဲ့၊ မမြင်ခဲ့ရဖူးတဲ့ သတင်းမျိုးပေါ့ခင်ဗျာ။ ဓာတ်ပုံမျိုးပေါ့ခင်ဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အစဉ်အလာ ကြီးမားခဲ့တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းလို သတင်းစာကြီးတွေမှာ လူထုလူတန်းစား တွေရဲ့ဘ၀နဲ့ သူတို့ရဲ့ဖြစ်ရပ်အစုံ၊ ဖြစ်စဉ် အစုံတွေကို သည့်ထက် ...သည့်ထက် ...ပိုပြီး၊ သွက်သွက်လက် လက်၊ ဝေေ၀ဆာဆာ၊ စုံစုံလင်လင် ဖော်ပြပေးမယ်ဆိုရင် ပိုပြီးဝမ်းသာကြိုဆိုနေမိမှာပါ။ ဒီနေ့ ဒီရက်မှာတော့ဖြင့် နိုင်ငံပိုင်သတင်း မီဒီယာရဲ့ အရွေ့အသစ်၊ ခြေလှမ်းအသစ်ကို စပြီး တွေ့မြင်ရ စပြုပြီလို့ဆိုလိုက်ပါရစေ။
from:မြန်မာသံတော်ဆင့်
No comments:
Post a Comment