Friday, February 26, 2016

ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး အခက်အခဲနှင့် ရင်ဆိုင်ရမည်ဟု အိုင်အမ်အက်ဖ် သတိပေး


ကမ္ဘာ့စီးပွားရေး ဆက်လက်ကျဆင်းနေပြီး ရှေ့မှာ ခက်ခဲတဲ့ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ များနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က သတိပေးလိုက်ပါတယ်။ လတ်တလော ကမ္ဘာ့ အဓိကငွေကြေးတွေ မတည်မငြိမ်ဖြစ်နေပြီး စတော့ဈေးကွက်တွေနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေ ထိုးကျနေချိန်မှာ အိုင်အမ်အက်ဖ်က အခုလို သတိပေး ပြောဆိုခဲ့တာပါ။
အခုတပတ်တည်းမှာပဲ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ G-20 နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေ တွေ့ဆုံစည်းဝေးဖို့ရှိပြီး အဲ့ဒီအစည်းအဝေး မတိုင်ခင် အိုင်အမ်အက်ဖ်က ထုတ်ဖော်ပြောဆိုခဲ့တာ လည်း ဖြစ်ပါတယ်။

လတ်တလော တရုတ်စီးပွားရေးတိုးတက်မှု အရှိန်ကျနေတာကလည်း ကမ္ဘာ့ စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုကို ပိုဖြစ်စေတယ်လို့လည်း အိုင်အမ်အက်ဖ် က ဆိုပါတယ်။

ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂၅ နှစ် အတွင်း စီးပွားရေးတိုးတက်မှု အနိမ့်ဆုံး ဖြစ်နေပါတယ်။

ကမ္ဘာ့ငွေကြေးတွေနဲ့ စတော့ဈေးကွက်တွေ ကမောက်ကမ ဖြစ်နေတာတွေ၊ ကမ္ဘာ့ရေနံဈေး ထိုးကျနေတာ၊ ကမ္ဘာ့နိုင်ငံတွေ စစ်ရေး၊ နိုင်ငံရေး ပြိုင်ဆိုမှု၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့် ကမ္ဘာ့စီးပွားရေးအနာဂတ် မရေမရာဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့် G-20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကျရင် ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်နေတဲ့ အဆိုးဆုံးနိုင်ငံတွေကို ကူညီဖို့ အစီအစဉ်တွေလည်း ကြိုတင်ပြင်ဆင်ထားဖို့ အိုင်အမ်အက်ဖ်က တိုက်တွန်းထားပါတယ်။

အိုင်အမ်အက်ဖ်ရဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ကြိုတင်ခန့်မှန်းမှုဟာလည်း တနှစ်အတွင်း ၃ ကြိမ် ပြင်ဆင်လျှော့ချခဲ့ရပါတယ်။

DVB

No comments:

Post a Comment

My Blog List