Tuesday, February 23, 2016

စတော့အိတ်ချိန်းတွင် ရှယ်ယာကစားနိုင်ရန် စာရင်းစဖွင့်ပေးမည်ဟုဆို


ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ဝယ်ယူရောင်းချလိုသူများ Securities Trading Account (ငွေချေးသက်သေခံ လက်မှတ်စာရင်း) များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း စတော့အိတ်ချိန်းတွင် လုပ်ကိုင်ခွင့် ရထားသည့် KBZ SC နှင့် AYAtrust ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး ကုမ္ပဏီတို့က ကြေညာထားသည်။
အစုရှယ်ယာများကို အီလက်ထရွန်နစ်ပုံစံဖြင့် လုပ်ကိုင်မည့် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ် ပြုလုပ်လိုသူများသည် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများတွင် Securities Trading Account များ ဖွင့်လှစ်၍ အရောင်းအဝယ် ပြုလုပ်ရမည် ဖြစ်ပြီး KBZ SC ကုမ္ပဏီနှင့် AYAtrust တို့၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစ၍ အသီးသီး စာရင်းဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက သတင်းထုတ်ပြန်သည်။

ငွေချေးသက်သေခံလက်မှတ် စာရင်းဖွင့်လှစ်လိုသူများသည် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် ဘဏ်ငွေစာရင်း စာအုပ် ယူဆောင်လာရမည် ဖြစ်ပြီး ကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်နှင့် ဒါရိုက်တာအဖွဲ့ ဆုံးဖြတ်ချက် ယူလာရမည်ဖြစ်ကာ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ကမ္ဘောဇဘဏ်ခွဲ ၃၀ တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း KBZ SC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AYAtrust ကုမ္ပဏီကမူ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဧရာဝတီဘဏ်ခွဲ ၁၆ ခုတွင် စာရင်းဖွင့်လှစ်မှုကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် KBZ SC ကုမ္ပဏီသည် FMI နှင့် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) အစုရှယ်ယာ ပိုင်ဆိုင်သူများ အတွက်ပါ စာရင်းပြောင်းလဲ ဖွင့်လှစ်ပေးခြင်း လုပ်ကိုင်မည်ဖြစ်ပြီး AYAtrust ကုမ္ပဏီကမူ MTSH ကုမ္ပဏီအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ လက်မှတ်များကို အီလက်ထရွန်နစ် ပုံစံနှင့် ပြောင်းလဲလုပ်ကိုင်မည် ဖြစ်ပြီး အစပိုင်းတွင် အစုရှယ်ယာရှင်များ ကသိကအောက် ဖြစ်နိုင်သော်လည်း နောက်ပိုင်းတွင် အဆင်ပြေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးလုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုထားသည်။

“တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ပြောင်းလုပ်တာပဲလေ။ ပထမ စာရွက်နဲ့ လုပ်တာကနေ နောက်ကျတော့ Electronic Form နဲ့ ပြောင်းလုပ်တာ။ ကြီးကြီးကျယ်ကျယ်ကြီး ပြဿနာတက်တယ် မကြားဘူးလေ။ လူထုက လက်မခံဘူးလို့ ပြောတာလည်း မကြားဘူး။ နောက် အဆင်ပြေသွားမှာပေါ့” ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ထားသော ရန်ကုန်စတော့အိတ်ချိန်း၌ မတ်လဆန်းမှ စတင်၍ အစုရှယ်ယာ အရောင်းအဝယ် ပြုလုပ်တော့မည် ဖြစ်ပြီး FMI ကုမ္ပဏီနှင့် MTSH ကုမ္ပဏီတို့က ပထမဆုံး ရှယ်ယာရောင်းချမည့် ကုမ္ပဏီများအဖြစ် ဆန်ခါတင် ရွေးချယ်ခံထားရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

လတ်တလောတွင် စတော့အိတ်ချိန်း၌ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် Myanmar Securities Exchange Centre (MSEC)၊ AYAtrust နှင့် KBZ SC ကုမ္ပဏီတို့က လိုင်စင်ရရှိထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List