Friday, February 26, 2016

အစိုးရသစ်အကူးအပြောင်းကာလ၌ နိုင်ငံပိုင်သယံဇာတများကို အစိုးရ ဘက်မှ သဘောတူညှိနှိုင်းမှုမပြုဘဲ အလျင်အမြန်စီမံခန့်ခွဲနေမှုအပေါ် စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးတကြီးအဆိုတင်


နိုင်ငံတော်အစိုးရမှ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွာရေးလုပ်ငန်းများအား အလျင် စလို ငှားရမ်းရောင်းချလွဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန်မလွဲပြောင်မီ အလျင် အမြန်စီမံခန့်ခွဲနေမှုစသည်များကို နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးကြီး အဆိုတရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ တင်သွင်းခဲ့သည်။
ယင်းသို့အဆိုတင်သွင်းရခြင်း၏ အခြေအနေများမှာ မကြာမီအာဏာ လွှဲပြောင်းပေးရတော့မည့် အစိုးရ ဟောင်းအနေဖြင့် စပ်ကူးမတ်ကူးကြား ကာလတွင် နိုင်ငံပိုင်စီမံကိန်းများ၊ နိုင်ငံပိုင်သယံဇာတများနှင့် ကျူးကျော် နေထိုင်သူ ပြည်သူလူထုတို့အပေါ် ပြုမူနေခြင်းများနှင့်စပ်လျဉ်း၍ ရှင်လင်းတင်ပြခဲ့ရာတွင်“တိုးချဲ့ရန် ပြင်ဆင် လျက်ရှိသော ရန်ကုန်ဆေးရုံ ကြီးအနီး နိုင်ငံပိုင်အချက်အချာမြေနေရာ ၄ ဒသမ ၃ ဧက ကို ပြည်တွင်း လုပ်ငန်းရှင် အချို့နှင့် ဖက်စပ်လုပ်ကိုင်မည့် စင်ကာပူဆေးရုံတခုအား အသုံးပြုခွင့်ပေးခဲ့ခြင်း၊ စက်မှုဝန်ကြီးဌာန ၏ စက်ရုံအချို့အား လွန်ခဲ့သော ခြောက်လအတွင်း လွဲပြောင်းရာတွင် ယခင်ကဲ့သို့ အလုပ်သမားများ အခွင့် အရေးအပေါ် အလေးမထားတော့ခြင်း၊ ဥပမာအားဖြင့် ဒညင်းကုန်း အုတ်စက်ရုံမှ အလုပ်သမားများအား နှင်လွှတ်နေမှုရပ်ဆိုင်းခဲ့သော ဒဂုံစီတီး စီမံကိန်းဝင်ကုမ္ပဏီများကို ရန်ကုန်မြို့တော်၏ နိုင်ငံပိုင်တန်ဖိုးကြီးမြေနေရာ ကောင်းများ၊ (Marga Landmark)ကုမ္ပဏီအား ကမ္ဘာအေးဘုရာလမ်းပေါ်ရှိ မြေ ဧရိယာ ၁၇ ဒသမ ၇ ကျယ်သော သိပ္ပံနည်းပညာဝန်ကြီးဌာနပိုင် မြေကွက်အား အစားထိုးပေးခဲ့ခြင်း၊ နိုင်ငံတော်နှင့်မကိုက်ညီသည့် ကမ်းလှမ်းချက်များ၊ အများပြည်သူပါဝင်အကြံပြုရေးလုပ်ငန်းစဉ်၊ မဖြစ်မနေကြိုတင်လုပ်ဆောင်ရမည့် လှိုင်းနှုန်းအစီအစဉ် Spectrum Roadmapစသည်များ မပြီးစီးသေးဘဲ နိုင်ငံပိုင်ရှားပါးသယံဇာတ Spectrum ဖြစ်သည့် ကြိမ်နှုန်း ၂၆၀၀ မီဂါဟတ်ကို မတ်လမကုန်မီ လေလံတင် ရောင်းချရန် ပြင်ဆင်နေခြင်း၊ အငြင်းပွားဖွယ်ရာ ကြီးမားသော ရှမ်းပြည်နယ် သံလွင်မြစ်ကြောင်း တလျှောက် ရေကာတာပေါင်း ၁၈ ခုအား သဘောတူလက်မှတ်ထိုးခဲ့ သည်ဟူသောသတင်းများဖြစ်ပေါ်နေခြင်း၊ လျှပ်စစ်ဝန်ကြီးဌာန စီမံကိန်း အချို့အား အရေးတကြီး လက်မှတ်ထိုးသဘောတူနေခြင်း၊ ဥပမာအထက် ကျိုင်းတောင်စီမံကိန်းတွင် လုပ်ငန်းအခိျု့အား တင်ဒါမခေါ်ပဲပေးအပ်ခြင်း ကိစ္စ၊ စွမ်းအင်ဝန်ကြီးဌာန၏ ကျန်ရှိသော လောင်စာဆီဆိုင် ၇၀ ခန့်နှင့် အခြားလုပ်ငန်းများကို လွှဲပြောင်းပေးနေခြင်း၊ ပြင်ဦးလွင်အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ ရေဝေရေလဲဒေသ သဘာဝသစ်တောကြားခံဇုန် Buffer Zone မြေဧက ၂၇၂ ဒသမ ၁၅ ကို စက်မှုဇုန်ငှား ဂရမ်ချပေးရန် ပြင်ဆင်နေခြင်း၊ ဖွံ့ဖြိုးရေးမဟာဗျူဟာ မြောက်ပင်မစီမံကိန်း ဥပမာ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအဆိုပြုထားသော ရန်ကုန်မြို့ ဖွံ့ဖြိုးရေးပင်မစီမံကိန်းများကို အများပြည်သူနှင့် လွှတ်တော်သို့ ကျယ်ပြန့်ရှင်းလင်း မြင်သာစွာတင်ပြအကြံပြုချက်များရယူ အတည်ပြု ခြင်းမရှိဘဲ ရန်ကုန်မြို့သစ်စီမံကိန်းသို့ လုပ်ငန်းများကို အဆောတလျှင် ချထားရန်လုပ်ဆောင်နေခြင်း၊ နိုင်ငံအနှံ့ကျူးကျော်များကို စာနာထောက်ထားစွာ စနစ်တကျစီစစ်စီစဉ်ပြင်ဆင်ဆောင်ရွက်ပေးမှုမရှိဘဲ မြေနေရာရရှိရေးအတွက် အတင်းအဓမ္မဖယ်ရှားနေခြင်း၊ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပေါ်မှန်ကန်စွာ လိုက်နာကျင့်သုံးခြင်းမရှိဘဲဒေသခံ ပြည်သူတို့နှင့် ပြဿနာများစွာ ဖြစ်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာလာမည့် မေလတွင် သတ္တုရိုင်း စတင်ထုတ်လုပ်ရန်ရှိခြင်း စသည်အချက်များကို ဖော်ပြကာ ဒေါ်ခင်စန်းလှိုင်က အရေးကြီးအဆိုတင် သွင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုရက်သတ္တပတ်အတွင်း၌ပင်လျှင် လျှပ်စစ်စွမ်းအား ၅၀၀ မီဂါဝပ် ကျောက်မီးသွေး လျှပ်စစ်ဓာတ် စက်ရုံတခုအတွက် စာချုပ်ချုပ် ဆိုပွဲကျင်းပခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းအတွက် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် စီမံခန့်ခွဲမှု အစီအစဉ် EIA,SIA စသည်များကို လုံးဝ မကြားသိရဘဲ အတည်ပြုလက်မှတ်ထိုးခဲ့ကြခြင်းကိုလည်း ၎င်းအနေဖြင့် လွန်စွာအံ့သြဖွယ်အဖြစ် ခံစားရကြောင်း ဆက်လက် ပြောကြားသည်။

ယနေ့အချိန်ကာလသည် ၂၀၁၀ ပြည့်နှစ် အရွေးကောက်ခံ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရက ဒီမိုကရေစီစံချိန် စံညွှန်းများနှင့် ကိုက်ညီစွာကြိုးစားပြင်ဆင်ပေးခဲ့ကြောင်း သမိုင်းမှတ် တမ်းတင်ရမည့်အချိန်ကာလဖြစ်ပါသည်၊ အဆိုပါ အစိုးရလက်ထက် ဆောင်ရွက်ခဲ့မှုများသည် ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာစေရေးအတွက် လမ်းခင်းပေးမှုများဖြစ်ကြောင်း ပြည်သူနှင့် နိုင်ငံတကာက မျှော်လင့်ယုံကြည်လျက်ရှိကြပါသည်။ အစိုးရသစ်က လုပ်ငန်းတာဝန်များ ကို ချောမွေ့စွာ ဆက်လက်ထမ်းဆောင်နိုင်ရန်အတွက် စနစ်တကျတာဝန် လွှဲပြောင်းခြင်းကို အာရုံစိုက်ညှိနှိုင်းလုပ် ဆောင်ရမည်ဖြစ်ပါသည်။ သို့သော် အကူးအပြောင်းကာလတွင် အထက်ဖော်ပြခဲ့ပါကဲ့သို့ကိစ္စရပ်များသည် အများပြည်သူ အမြင်တွင်ရှုပ်ထွေးကာ မလိုလားအပ်သောသံသယများ၊ အထင်အမြင်လွဲမှားမှု များဖြစ်ပေါ်စေလျက်ရှိပါကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတည်ဆောက်နိုင် ရေးအတွက် ၂၀၁၀ အစိုးရက မှန်ကန်သော ကြိုးစားမှုများနှင့် ရလဒ်များရှိ ခဲ့ကြောင်း မှတ်တမ်းတရပ်တင်ခဲ့ပြီး ဖြစ်ပါသည်။ မှတ်တမ်း၏ နောက်ဆုံး ရက်သတ္တပတ်များအတွင်း ဆောင်ရွက်ချက်များသည် ဥပဒေ နည်း လမ်းစည်းကမ်းများနှင့်ညီညွတ်ခြင်း၊ တရားမျှတမှုအပေါ် အလေးထားခြင်း၊ စေတနာမှန်ခြင်းတို့ဖြင့် အရောင်တင်ကာကောင်းမွန်သော သမိုင်းရေးထိုး ကြခြင်းကို ၀မ်းသာစွာမှတ်တမ်းတင်လိုပါသဖြင့် ဤအရေးကြီး အဆိုအား တင်သွင်းရခြင်းဖြစ်ပါကြောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သည်။

ဒေါ်ခင်စန်းလှိုင်၏ အဆိုကို ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ထောက်ခံ ဆွေးနွေးသည်။

ဦးတင်ထွန်းနိုင်က ''ကမ္ဘာပေါ်က တခြားနိုင်ငံတကာ ဒီမိုကရေစီ အစိုးရ များရဲ့ အတုယူစရာ လေးစားစရာ အစဉ် အလာကောင်းတခုကတော့ ယခုလို အစိုးရ အပြောင်းအလဲ စပ်ကူးမပ်ကူးကာလတွေမှာ ချမှတ်လေ့ရှိတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို နောင်ဖြစ်ထွန်းပေါ်ပေါက်လာမယ့် ဆက်ခံမယ့် အစိုးရအသစ်ရဲ့ ဦးဆောင်မယ့် ပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေး အသိပေးပြီးမှသာ ချမှတ်လေ့ရှိတယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ယခုဆိုရင်လည်း နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဆိုတာကလည်းရှိနေပြီမို့ အရေးကြီးတဲ့ ကတိက၀တ်များ စာချုပ်စာတမ်းများ အရေးယူဆောင်ရွက်ချက်များအပေါ် နောင်လာမယ့် ဖြစ်ထွန်းပေါ်ပေါက်လာမယ့် အစိုးရအသစ်နဲ့ ပိုပြီး လှလှပပ စေတနာထားဆောက်သွားမယ်ဆိုလျှင် အင်မတန်မှ မျက်နှာပန်းလှပြီး တသက်လုံး ဂုဏ်ယူစရာ တာဝန်ကျေမှုအဖြစ် သမိုင်းမှတ်တမ်းတွေ ကျန်ရစ်ခဲ့မှာဖြစ်ပါကြောင်း ပြောကြားရင်း စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုကို လွှတ်တော်က လက်ခံအတည်ပြုပေးနိုင်ပါရန် လေးလေးနက်နက် ထောက်ခံဆွေးနွေးအပ်ပါတယ်''ဟု ပြောကြားသည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၄၃၂ ယောက် အနက် ၂၇၈ ယောက်ကထောက်ခံပြီး ၁၃၂ ယောက်ကန့်ကွက်ခဲ့ကာ ဆက်လက် ဆွေးနွေးဖို့အတည်ပြုခဲ့သည်။

ဒေါ်ခင်စန်းလှိုင်၏အဆိုနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက''လွှတ်တော်အသစ်နဲ့ အစိုးရ အဟောင်း ပေါ့။ အဲဒီအခြေအနေမျိုးလာတွေ့နေရတာပေါ့။ အစိုးရက အဟောင်းပဲရှိ သေးတယ်။ လွှတ်တော်အသစ်ဖြစ်သွားပြီ။ ဒီအနေအထား ဖြစ်နေတဲ့အခြေ အနေမှာ အစိုးရအသစ်ကလည်း မပေါ်သေးဘူး။ အစိုးရ အသစ်က သမ္မတ အရင်ရွေးရမယ်။ သမ္မတကနေ ၀န်ကြီးဌာနတွေ၊ ပြည် ထောင်စုဝန်ကြီးတွေ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ လျှာထားတဲ့ လုပ်ငန်း စဉ်ရှိသေးတယ်။ အဲ့ဒီတော့ အစိုးရသစ်မပေါ်ခင်စပ်ကြားမှာ လွှတ်တော်သစ်ကပေါ်လာတာ ဖြစ်တဲ့အတွက် စပ်ကူးမတ်ကူးကာလမှာ ပထမဆုံးအတွေ့အကြုံပေါ့။ ကျွန်တော်တို့ အခုစကြုံရတာပေါ့။ အဲ့ဒါကို နှစ်ဦး နှစ်ဖက်ပေါ့ ပြေပြေလည် လည် ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်ပေါ့။ အဲဒီလို ဆောင်ရွက်သွားဖို့သင့် တယ်။ အဲ့ဒီလိုမြင်တယ်''ဟု ပြောကြားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


No comments:

Post a Comment

My Blog List