Thursday, February 25, 2016

ရခိုင်တောင်ပိုင်း အခြေပြု ပါတီသစ်တရပ် ဖွဲ့စည်းမည်

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ မြို့နယ်များကို အခြေပြုထားတဲ့ ပါတီသစ်တရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်မှုမှာ ၇၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီး ဖြစ်ကြောင်း ပါတီသစ်ရဲ့ အမည်မဖော်လိုသေးတဲ့ တာဝန်ခံက အတည်ပြု ပြောကြားပါတယ်။ “ကျနော်တို့ အစည်းအဝေး ၄ ကြိမ်ထက်မနည်း ပြုလုပ်ပြီးပါပြီ။ ရခိုင်တောင်ပိုင်းဒေသဘက်ကို လက်ရှိ ရခိုင်ပါတီကြီးတွေက နေရာပေးမှု အားနည်းတယ်။ ကျနော်တို့ ပါတီတရပ်လိုအပ်နေပါတယ်။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးခံနိုင်ဖို့ထိ မျှော်မှန်းထားပါ တယ်။”
အဆိုပါ ပါတီသစ်ကို ယာယီအားဖြင့် အမည် ၂ ခု လျာထားပြီး ၎င်းတို့မှာ “သရီးဝတီပါတီ” နှင့် “ရခိုင်တောင်ပိုင်းပါတီ” တို့ ဖြစ်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်တွင် အင်အားအကြီးဆုံး ပါတီ ၂ ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD တို့ကို ပေါင်းစည်းကာ ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နောက်မှာ ပါတီတွင်း နေရာခွဲဝေမှု မမျှတမှုတို့ကြောင့် ပါတီဝင်တချို့ နုတ်ထွက်ခဲ့ကာ ရခိုင်မျိုးချစ်ပါတီ APP ကို ထူထောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအလွန် ဦးအေးသာအောင် ဦးဆောင်တဲ့ ALD အင်အားစုများရဲ့ သဘောထားများကို ရယူခြင်း မပြုဘဲ ကြေညာချက်များ ထုတ်ပြန်ခြင်း၊ UNA နှင့် မဟာမိတ် ဆက်ဆံရေး ရပ်စဲကြောင်း ကြေညာ မှုများနှင့် ပတ်သက်ပြီးလည်း ရန်ကုန်မြို့တွင် ALD အင်အားစုများနှင့် ရခိုင်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုတွေကို ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ကနေ စတင်ပြုလုပ်လျှက်ရှိပါတယ်။
“ဒီပါတီ ၂ ခုက ပေါင်းစည်းထားတာပါ။ တစ်ဘက်နဲ့ တစ်ဘက် သဘော ထားကို အပြန်အလှန် ရယူသင့်ပါတယ်။ ဒီမိုကရေစီကို အနိုင်ကျင့်ပြီး အများစုက အနည်းစုရဲ့ သဘောထားကို ရယူခြင်းမပြုဘဲ ဆုံးဖြတ်ချက်တွေ ချမှတ်တာဟာ ကျနော်တို့ ဘယ်လောက်ထိ သည်းခံနိုင်မလဲ။ သည်းခံနိုင်သလောက် သည်းခံတာပဲ။ ခု ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်။ ဒါပေမယ့် သတင်းတွေ ထွက်ပေါ်နေသလို ကျနော်တို့ ပါတီသစ် ထပ်ဖွဲ့မလား၊ ဒီတိုင်းပဲ ဆက်နေမလား ဆိုတာက ကျနော်တို့ကတော့ ANP ကို ဒီတိုင်းပဲ ရှိနေချင်ပါတယ်။ သို့ပေမယ့် တဘက်က လွန်ကဲလာမယ်ဆိုရင် အဖြေက တမျိုး ပြောင်းသွားပါလိမ့်မယ်။ ကျနော်တို့ အစည်းအဝေး မပြီး သေးပါဘူး။ အများကြီး ဆွေးနွေးနေပါတယ်။ ရခိုင်အဖွဲ့အစည်းတွေနဲ့ပေါ့။ ကျနော်တို့ ဘာဆက်လုပ်ရမလဲဆိုတာ။” လို့ အစည်းအဝေးတက်ရောက်နေ တဲ့ ALD အင်အားစုရဲ့ ဗဟိုအလုပ်အမှုအဖွဲ့ဝင် (အမည်မဖော်လိုသူ) က RiA ကို ပြောကြားခဲ့ပါတယ်။

RIA

No comments:

Post a Comment

My Blog List