Tuesday, August 27, 2013

စပါးစိုက်ပျိုးမြေများ လျှော့ချရန် ဗီယက်နမ်စဉ်းစား

Tuesday, August 27, 2013
ဗီယက်နမ်နိုင်ငံ မြစ်နီမြစ်ဝှမ်းဒေသနှင့် အလယ်ပိုင်းဒေသရှိ မြို့နယ် ခြောက်ခုမှ မြေဟက်တာ ၁,၀၀၀ တွင် လယ်သမားများ စပါးစိုက်ပျိုးထားခြင်းမရှိကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီး ဌာန အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ လယ်သမားများမှာမြေကိုရွှေကဲ့သို့တန်ဖိုးထားသော်လည်း စပါးစိုက်ပျိုးခြင်းဖြင့်မရပ်တည်နိုင်တော့သောကြောင့် လယ်မြေကို အစိုးရထံသို့ ပြန်လည် အပ်နှံလာကြခြင်းဖြစ်သည်။ ဆန်တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၅,၀၀၀ (သုည ဒသမ ၂၄ ဒေါ်လာ) သာ ဈေးရှိသော ကြောင့် လယ်သမားများမှာ တစ်နှစ်လျှင် စပါးနှစ်သုတ်စိုက်သည့်တိုင် အမြတ်ငွေမှာ ဒေါင် ၁၀ သန်း(၄၇၄ ဒေါ်လာခန့်)သာ ရရှိသောကြောင့် ဖူလုံမှုမရှိကြောင်း သိရသည်။ဗီယက်နမ်နိုင်ငံက နှစ်စဉ်ဆန်ပိုမိုတင်ပို့လာသော်လည်း လယ်သမားများ၏ အခြေအနေမှာ ပို၍သာ ဆုတ်ယုတ်လာခဲ့သည်။ ထို့ကြောင့် စိုက်ပျိုးမွးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနက စပါးစိုက်သည့် လယ်မြေ ဟက်တာ ၂၀၀,၀၀၀ ကို အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးရန် အစီအစဉ်အား တင်ပြလာရာ ပညာရှင်များ၏ ထောက်ခံမှုကို ရရှိထားသည်။
ထိုမြေများကို အခြားသီးနှံစိုက်ပျိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မဆိုင်သော အခြား စီမံကိန်းများ ဆောင်ရွက်ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ၀န်ကြီး ကောင်ဒူဖက်က အလေးပေး ပြောကြား
သည်။ အထက်ပါအစီအစဉ်မှာ လယ်သမားများကို လယ်ယာများသို့ ပြန်လည် ဆွဲခေါ်နိုင်မည့် အစီအ စဉ်ကောင်းတစ်ခုလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ သီးနှံစိုက်ပျိုးမှု မြေနေရာများကို ပြောင်းလဲ သတ်မှတ်ရန် ယခုအချိန်မှာ သင့်တော်ကြောင်းလည်း ၎င်းကဆိုသည်။ အရည်အသွေးမြင့် စပါးမျိုးကောင်း များကို မြေသြဇာကောင်းသော မြေတွင် စိုက်ပျိုးကာ အခြားသီးနှံများကို အရည်အသွေးကျဆင်းလာသော လက်ရှိ စပါးစိုက်ပျိုး မြေများတွင် ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း ၎င်းကဆိုသည်။
စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဟောင်း ငုရင်ကွန်တန်က စပါးစိုက်ပျိုးသော မြေဟက်တာ နှစ်သန်းအထိတွင် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးသွားရန် ရည်ရွယ် ထားကြောင်း ပြောကြားခဲ့သည်။ လယ်ယာမြေကို ထိုမျှလျှော့ချ လိုက်ပါက ဆန်တင်ပို့ရာ မှရရှိသော ၀င်ငွေဒေါ်လာဘီလျံနှင့်ချီ၍ ထိခိုက် နိုင်သည်ဟု ၎င်းက ၀န်ခံသော်လည်း လယ်သမားများ အနေနှင့်မူ အခြား အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း ပြောကြားသည်။
ဥပမာအားဖြင့် စပါးအစားတိရစ္ဆာန် အစာအဖြစ်သုံးစွဲရန် ပြောင်းကို စိုက်ပျိုးနိုင်ကြောင်း ၎င်းကဆို သည်။ ပြောင်းစိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန် မွေးမြူသူများအနေနှင့် ပြည်ပမှတင်သွင်းသည့်အစာကို မှီခိုနေရ မှု လျော့ ကျလာနိုင်ကာ ပြောင်းမှာလည်း ဈေးကွက်တွင် လိုအပ်လျက် ရှိသောကြောင့် လယ်သမားများ ၀င်ငွေတိုးတက်နိုင်ကြောင်း ၎င်းကဆိုသည်။
ဆန်စပါးပညာရှင် ငုရင်ဒင်ဘစ်ကမူ စပါးစိုက်ပျိုးမြေကို ဟက်တာ နှစ်သန်း ထိ လျှော့ချမည်ဆိုလျှင် ဖြစ် လာနိုင်သည့် အကျိုးဆက်များကို သေချာချင့်ချိန် စဉ်းစားသင့်ကြောင်း ပြောသည်။ ထိုသို့လျှော့ချခြင်းဖြင့် လယ်သမားများ၏၀င်ငွေ နှစ်ဆတိုးလာမည်ဟု သေချာမပြောနိုင်သော်ငြား စားနပ်ရိက္ခာဖူလုံမှုနှင့် ပတ်သက် ၍ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက် လာမည်မှာ သေချာကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment

My Blog List