Monday, August 26, 2013

အစိုးရသစ်လက်ထက် ရုပ်ရှင်ဒါရိုက်တာတစ်ဦးအားရိုက်ကူးခွင့်သုံးလပိတ်ပင်ခဲ့ပြီးနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ လုပ်ပိုင်ခွင့်နှင့် ယခင်စနစ်ဟောင်းမှအမူအကျင့်များအပေါ် မေးခွန်းထုတ်မှုများ ရှိလာ

အစိုးရသစ် လက်ထက် ရုပ်ရှင်ဒါရိုက်တာ တစ်ဦးအား ဇာတ်ကားရိုက်ကူးခွင့် သုံးလ ပိတ်ပင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ လုပ်ပိုင်ခွင့်နှင့် ယခင်စနစ်ဟောင်းမှ အမူအကျင့်များအပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့ပြီး အဆိုပါ လုပ်ရပ်များက အစိုးရ လောင်းရိပ်အောက်မှ မကြာသေးမီ အချိန်က ခွဲထွက်လာခဲ့သော NGO အဖွဲ့အစည်းများ အတွက် လုပ်နည်းကိုင်နည်းများ သတိထားရန် စံနမူနာပြ ဖြစ်လာကြောင်း သိရပါသည်။
8.1.1

ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်က ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ၎င်းရိုက်ကူးသည့် 'နှလုံးသားပေါ် ကြွေသည့်ကြယ်' ဇာတ်ကားနှင့် ပတ်သက် ပြီး အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင် စာထုတ်ပြန်ပြီး ပိတ်ပင်ခဲ့ပါသည်။
ညွန့်မြန်မာ ညီညီအောင်၏ ဇာတ်ကားသည် ဦးမင်းကိုနိုင် ရေးသားသော ဇာတ်လမ်းကို ဦးဇာဂနာက ဇာတ်ညွှန်း ရေးသားခဲ့ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူးထားသည့် 'မမပြုံး ပြုံးစမ်းပါ' ဇာတ်ကားနှင့် ဇာတ်လမ်း တူညီနေသည့် အတွက် ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးခဲ့သော ဇာတ်ကားကို ဆင်ဆာ ကြည့်ရှုပေးရန် တင်ပြမှုများ ရှိလာပြီးနောက် ယင်းကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ညွန့်မြန်မာ ညီညီအောင်သည် ဦးမင်းကိုနိုင်၏ ဇာတ်လမ်းကို ၀ယ်ယူပြီး၂၀၀၆ ခုနှစ်က တစ်ကြိမ် ရိုက်ကူးခဲ့ကာ ယခု ဒုတိယအကြိမ် ပြန်လည် ရိုက်ကူးရာတွင် ဦးမင်းကိုနိုင်ထံမှ ခွင့်ပြုချက် မတောင်းခံဘဲ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်တို့ CEC အစည်းအဝေးမှာ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အခါကျတော့ ကျွန်တော်တို့ အစဉ်အဆက်မှာလည်း အနုပညာလုပ်ငန်း ပိတ်ပင်တာ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒီကိစ္စမှာ ဒီလိုအရေးယူဖို့ ဖြစ်လာတဲ့အခါ ဘာကြောင့် ဒီနည်းလမ်းကို စဉ်းစားလဲဆိုတော့ နံပါတ်တစ်က ကာယကံရှင်ရဲ့ ဆန္ဒပါပါတယ်။ ကျွန်တော့် အနေနဲ့ကလည်း လေးစားတယ်။ အနုပညာရှင် တစ်ယောက်ရဲ့ တာဝန်ယူမှု၊ တာဝန်သိသိနဲ့ ကြိုတင်ကြံ စည်မှု မရှိဘဲနဲ့ ပေါ့လျော့မှုလေး တစ်ခုနဲ့ မှားသွားတဲ့ အမှားတစ်ခုကြောင့် သူ့အနေနဲ့ တာဝန်အပြည့်အ၀ ယူတယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြု လေးစားပါတယ်။ ဒါရိုက်တာ ကိုယ်တိုင် သူ့မှာပဲ တာဝန်ရှိတယ်။ သူ့ကိုပဲ အရေးယူပါ။ အနုပညာ လုပ်ကိုင်ခွင့် ပိတ်ပင်မယ် ဆိုရင်လည်း ပိတ်ပင်ပါ ဆိုပြီး သူကိုယ်တိုင် ကျွန်တော်တို့ကို တင်ပြတောင်းဆိုလာတာ ရှိပါတယ်။ အဲဒီတော့ ဒီလိုအရေးယူဖို့ စဉ်းစားတဲ့ အခါမှာ သူကိုယ်တိုင် ဆန္ဒပြုလာတဲ့ စာအပေါ်မှာ မူတည်ပြီးတော့ပဲ အဲဒီကိစ္စကို ကျွန်တော်တို့ ဆုံးဖြတ် လိုက်တာပါ။ ဆုံးဖြတ်တဲ့ အခါမှာ ကျွန်တော် ကိုယ်တိုင် Personal ညှိနှိုင်းထားပြီး ဖြစ်တဲ့အတွက် အဲဒီကိစ္စ အဆင်ပြေတာနဲ့ ဒီထုတ်လုပ်ရေး ဇာတ်ကားလည်း သူ့အလိုလို Pass ဖြစ်သွားမယ်'' ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။
8.1.1
ညွန့်မြန်မာ ညီညီအောင်အား အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်း လိုက်သည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၏ ဆုံးဖြတ်ချက်သည် နှစ်ဖက်ကာယကံရှင်များကို အစည်းအရုံးသို့ ခေါ်ယူပြီး ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ နှစ်ဖက် တင်ပြလာသော စာများအပေါ် မူတည် ပြီး ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်က ဒီစာမထွက်လာခင် ကတည်းက ရုပ်ရှင်အစည်းအရုံးကို ကျွန်တော့် ပေါ့လျော့မှုကြောင့် ဖြစ်တာပါ ဆိုတာကို စာရေးသား ပေးပို့ထားပါ တယ်။ ဒီပြဿနာကို ဖြေရှင်းပေးပါ။ ကုမ္ပဏီနဲ့ မသက်ဆိုင်ပါဘူး။ တာဝန်ရှိတာ ကျွန်တော်ပါ။ ဖြေရှင်းပေးလို့ မရလို့ အပြစ်ပေးရမယ် ဆိုရင် ကျွန်တော့်ကို ပေးပါလို့ စာရေးသား ပေးပို့ထားပါတယ်။ ကျွန်တော့်ဘက်က တောင်းဆိုထားတာက ဖြေရှင်းပေးပါ ဆိုပြီး တောင်းဆိုထားတာ။ ကျွန်တော် ဖြစ်စေချင်တာကတော့ ရုပ်ရှင် အစည်းအရုံးဆိုတာ ကျွန်တော့်ရဲ့ ပြဿနာ အပေါင်းကို ကျွန်တော် မှားတယ်ဆိုလည်း မင်းနောက်မလုပ်နဲ့ကွာ၊ တစ်ဖက်က ဘယ်လို ဖြစ်သွားတယ် ဆိုပြီး ပြောရမယ်၊ တစ်ဖက်ကိုလည်း ဒီဘက်က မှားတာကို နောက်မမှားအောင် တာဝန်ယူပါတယ် ဆိုတာမျိုး ကြားထဲကနေ ပြီးတော့ နာယကဂုဏ် ခြောက်ပါးနဲ့ညီစွာ ဖြေရှင်းပေးမယ်လို့ ထင်ထားတာ။ ဇာတ်ညွှန်းရေးတဲ့ ကိုသူရ(ဇာဂနာ) နဲ့လည်း ပြောထားပြီးပြီ။ သူကလည်း ရပါတယ်။ ဖြေရှင်းပေးပါမယ်လို့ ပြောထားတယ်။ ကိုလူမင်းနဲ့လည်း ငြိမ်းချမ်းရေးပွဲမှာ တွေ့ဆုံတဲ့ အခါတုန်းက ပြောဆိုထားပြီးပြီ။ အဲဒီလိုတွေ ပြောပြီးသွားတဲ့ အချိန်ကျမှ ဒီလို ပိတ်တယ်ဆိုတဲ့ စာကအိမ်ကို ရောက်လာတယ်။ တော်တော်လေး အံ့သြသွားတယ်။ စိတ်မကောင်းလည်း ဖြစ်တယ်'' ဟု ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပြောကြားသည်။
ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်း ခဲ့ခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ် မမျှသော ဆုံးဖြတ်ချက် ဖြစ်ကြောင်း အနုပညာရှင် အချို့က ရှုမြင်ပါသည်။
''အခုကိစ္စမှာ ညီညီအောင်ဘက်က ပေါ့လျော့ပြီး မှားတာတွေ ရှိတယ်။ ဒီအတွက် ရုပ်ရှင်အစည်းအရုံးက တရားဝင် ညှိနှိုင်းပေးတာမျိုး မလုပ်ရသေးဘူး။ အလွတ်သဘော ညှိနှိုင်းမှုတွေ လုပ်နေတာတော့ ရှိတယ်။ အဲဒီအချိန်မျိုးမှာ အခုလို ပြစ်ဒဏ်မျိုး ချလိုက်တာက မမျှတဘူးလို့ ထင်တယ်'' ဟု ဇာတ်ညွှန်း အကယ်ဒမီ မြင့်ဦးဦးမြင့်က ဆိုပါသည်။
''ကိုညီအောင် ဆိုတာ ဒီလောကထဲမှာ အောက်ခြေကစပြီး သေချာကြိုးစား လာတဲ့သူပါ။ အနုပညာနဲ့ ပတ်သက်ပြီး အမှားဆိုတာလည်း ကျွန်တော် သိသလောက်တော့ မရှိပါဘူး။ အခုမထင်မှတ်ဘဲ ဖြစ်သွားတဲ့ အမှားတစ်ခု အပေါ်မှာ ပေးတဲ့အပြစ်က ကြီးလွန်းတယ်။ အပြစ်လုပ်တာ တစ်ရာဖိုးမှာ အပြစ်ပေးတာ တစ်ထောင်ဖိုးလောက် ဖြစ်နေတယ်'' ဟု ဟာသသရုပ်ဆောင် ငှက်ပျောကြော်က ဆိုသည်။
''အခုပြောင်းလဲလာတဲ့ ဒီမိုကရေစီ ခေတ်မှာ NGO အဖွဲ့အစည်းတွေက ပိုပြီးတော့ ကျွန်တော်တို့ အနုပညာ သမားတွေ အပေါ်မှာ အနုပညာ လုပ်ငန်းနဲ့ လုပ်စားနေတဲ့ စက်မှုပညာရှင်တွေ လူတန်းစားတွေ အပေါ်မှာ ကာကွယ်ဖို့ ရပ်တည်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီအဖွဲ့ အစည်းကနေ အခုလိုမျိုး အရေးယူမှုကို ပြင်းထန်စွာ လုပ်တာကတော့ ကျွန်တော် လုံးဝလက်မခံဘူး''ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က ဆိုသည်။
''လူဆိုတာ လုပ်မှားကိုင်မှားတော့ ရှိတတ်တာပဲ။ ဒါကို ရုပ်ရှင်အစည်းအရုံးလို NGO တစ်ခုက အပြစ်ပေး အရေးယူတယ် ဆိုတာ လုံးဝအဓိပ္ပာယ် မရှိဘူး။ အာဏာရှင် ဆန်တယ်။ ဒီလို အပြစ်ပေး အရေးယူမှုမျိုးကို လုံးဝဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ မှားတယ်ဆိုရင်လည်း မှားတဲ့သူက တာဝန်ယူ ဖြေရှင်းလိမ့်မယ်။ အစည်းအရုံး အနေနဲ့တော့ ကြားဝင် အပြစ်ပေးလို့ မရဘူး'' ဟု ဒါရိုက်တာ မောင်မျိုးမင်းက ပြောကြားသည်။
အခြားတစ်ဖက်တွင်လည်း ရုပ်ရှင်ဒါရိုက်တာ တစ်ဦးကို အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်းရာ၌ အစည်းအရုံး ဖွဲ့စည်းပုံတွင် ပါဝင်သော မည်သည့် မူဘောင်စည်းမျဉ်း၊ စည်းကမ်းများဖြင့် ချမှတ်သည် ဆိုခြင်းကို သဲသဲကွဲကွဲ ပြောဆိုရန် ခက်ခဲနေပါသည်။
''ဘယ်မူတွေနဲ့ ဆုံးဖြတ်သလဲ ဆိုတော့ အဲတာတွေကို ကျွန်တော်တို့က ပြန်မပြောချင်ဘူး။ ပြန်ပြောလို့ရှိရင် အကုန်လုံး ငြိကုန်မှာစိုးလို့။ ဒီမှာရှိတဲ့ စာရွက်စာတမ်းတွေ အကုန်ပြလိုက်လို့ရှိရင် ဟိုဥစ္စာ ဖြစ်သွားမှာ စိုးလို့။ ကျွန်တော်တို့က ဘာမှကို မပြောချင်တာ။ အဲဒီကိစ္စကို။ ပိတ်တယ် ဆိုတာကတော့ အချေအတင်ရှိတယ်။ ဟိုဘက်ကလည်း တင်တယ်။ ဒီဘက်ကလည်း တင်တယ်'' ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ-၂ ဦးအေးကြူလေးက ပြောကြားသည်။
ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ရာ၌ အသုံးပြုခဲ့သော အစည်းအရုံး ဖွဲ့စည်းပုံပါ စည်းမျဉ်း၊ စည်းကမ်းများကို ထုတ်ဖော် ပြောကြားရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုကို 'မရှိသေးပါဘူး' ဟု ဦးလူမင်းက ပြောကြားပါသည်။
ညွန့်မြန်မာ ညီညီအောင် ကိစ္စရပ်နှင့် ပတ်သက်ပြီး မူရင်းစာရေးဆရာ ဖြစ်သော ဦးမင်းကိုနိုင်ဘက်မှ မည်သည့် ပြောကြားမှုမျှ မရှိကြောင်း ဦးလူမင်းက ပြောပါသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကာယကံရှင်များ ဖြစ်သော ဦးမင်းကိုနိုင်၊ ဦးဇာဂနာနှင့် ဒါရိုက်တာ ကြည်ဖြူသျှင်တို့ကို ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
သို့ရာတွင် သြဂုတ် ၁၉ ရက်က ဧရာဝတီ မဂ္ဂဇင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သော သတင်းတွင် ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ပင်ခဲ့ခြင်းအပေါ် ဦးဇာဂနာက ၎င်း၏ ထင်မြင်ချက်ကို ပြောကြားထားခဲ့ပါသည်။
''ဒီလို ပိတ်တာ ဆို့တာ အရွံမုန်းဆုံးပဲ။ ပိတ်တာ(ပြိတ္တာ) အစည်းအရုံး ဖြစ်နေပြီ။ ဒီစနစ် မကြိုက်လို့ ကျွန်တော် ကိုယ်တိုင် တိုက်ခဲ့ပါတယ်၊ ဘီလူးသတ်တဲ့ မင်းသားက ဘီလူးဖြစ်သွား တာကိုးဗျာ'' ဟု ဦးဇာဂနာက ဧရာဝတီ မဂ္ဂဇင်းသို့ ဖြေကြားခဲ့သည်။
ရုပ်ရှင်အစည်းအရုံး၏ လုပ်ဆောင်မှုများသည် တရားဝင် ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ တစ်ဖက်သတ် လုပ်ဆောင်သော အာဏာရှင်ဆန်သည့် လုပ်ရပ်များ ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေပါသည်။
''မာန်ထက်ချီကို ပိတ်ထားတယ်လေ။ ဇဗ္ဗူတလူ ပိတ်ထားတယ်လေ။ အခု ညွန့်မြန်မာ ညီညီအောင်ကို ပိတ်တယ်လေ။ ညွန့်မြန်မာ ညီညီအောင်ဆိုရင် တရားလို မရှိပါဘူး။ ညွန့်မြန်မာ ညီညီအောင်ကို ဇာတ်တူလို့တိုင်တဲ့ တရားလို တစ်ယောက်မှ မရှိပါဘူး။ ကျွန်မတို့ သိရသလောက်တော့။ အဲတာကို ညွန့်မြန်မာ ညီညီအောင်ကို သုံးလပိတ်တယ်။ ဒါတွေဟာလည်း ညှိညှိနှိုင်းနှိုင်း ဖြေရှင်းလိုက်ရင် ပြီးသွားမယ့် ကိစ္စသေးသေးလေးပါ။ ဇာတ်ကတော့ တူကြတာပဲ။ ကျွန်မဆိုရင် 'အပျို ဗိုက်' ဇာတ်ကား၊ လူမင်းနဲ့ သက်မွန်မြင့်။ ဆုဗီဒီယို ထုတ်လုပ်ရေးက။ မာန်ထက်ချီက အလယ်ပိုင်း ရပ်ဝန်းလား မသိဘူး။ ဒီဗီဒီကားကြီး။ ဟိန်းဝေယံနဲ့။ ဇာတ်အတူတူပဲ။ ကျွန်မတို့ ဖြန့်ရင် သူတို့ မဖြန့်ဘူးလေ။ သူတို့ အရင်ဖြန့်ရင် ကျွန်မတို့ နောက်ဆုတ်မယ်။ ဒါက ကျွန်မတို့ ထုတ်လုပ်သူတွေရဲ့ နားလည်မှု ရှိတဲ့ဟာပဲ။ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဇာတ်မျိုးဆိုတာ။ ဒီလို သေးသေးလေးကို သူက၊ ကိစ္စသေးသွား စေချင်တယ်။ သေးသွားရင် ပိုမကောင်း ဘူးလား။ ဒါကို မဟုတ်ဘူး။ သူတို့က ဘယ်လိုပိတ်ရမလဲ၊ ဘယ်လိုဆို့ရမလဲ။ ကျွန်မတို့က ဒါမျိုးကို မလိုချင်ဘူး။ အာဏာရှင် ဆန်တာကို မလိုချင်ဘူး။ ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ်က လူကြီးဖြစ် နေပြီပဲ'' ဟု သြဂုတ် ၉ ရက်နေ့က ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ တာဝန်မှ ရာထူးရပ်ဆိုင်း ခံခဲ့ရသည့် ဒေါ်စန်းစန်းမော်က သြဂုတ် ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်လောက သားများ၏ ဆန္ဒမဲပေးမှုဖြင့် ၂၀၁၂ခုနှစ် ဧပြီလက ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒုတိယဥက္ကဋ္ဌ-၁ ဦးညီညီထွန်းလွင်၊ ဒုတိယဥက္ကဋ္ဌ-၂ ဦးလူမင်း၊ အတွင်းရေးမှူး ဦးဝင်းကြည်တို့က တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် ကျန်းမာရေး အခြေအနေကြောင့် ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရာထူးမှ အနားယူ သွားခဲ့ပြီး ဥက္ကဋ္ဌတာဝန်ကို ရုပ်ရှင် အစည်းအရုံး နာယကများ၏ ဆုံးဖြတ်ချက်ဖြင့် ဒုတိယ ဥက္ကဋ္ဌ -၂ ဦးလူမင်းကို ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စေခဲ့ခြင်း ဖြစ်ပါသည်။ ရုပ်ရှင်အစည်းအရုံး၏ နာယကများမှာ ဦးဘိုကလေးတင့်အောင်၊ ဦးညွန့်ဝင်း၊ ဦးစိန်တင်၊ ဦးအောင်မြင့်မြတ်၊ ဦးကြည်စိုးထွန်း၊ ဦးနှင်းမိုးနှင့် ဦးအောင်လွင်တို့ ဖြစ်ကြသည်။
''အခုချိန်မှာ အစိုးရရဲ့ လောင်းရိပ် အောက်က ခွဲထွက်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုတဲ့ NGO အဖွဲ့အစည်းတွေ အနေနဲ့ စီမံခန့်ခွဲမှုတိုင်းမှာ ပိုပြီး သတိထားဖို့ လိုလာတယ်။ ဆန္ဒပြမှုတွေ၊ မကျေနပ်မှုတွေက ရှိနေမှာပဲ။ ပြဿနာတွေ ဖြစ်လာလို့ ဆုံးဖြတ်တဲ့ အခါမှာ သဘောတူညီတဲ့ သူရော၊ သဘောမတူနိုင်တဲ့ လူရော အင်အားစုနှစ်ခုကို အမြဲရင်ဆိုင် ရမှာပဲ။ အဲတာကြောင့် ဆုံးဖြတ်တဲ့ အခါမှာ နိုင်ငံသားတိုင်းရဲ့ အကျိုးစီးပွားကို အခြေခံရမယ်။ နောက်တစ်ချက်က ဆုံးဖြတ်ချက်တွေက ဒီမိုကရက်တစ် ဆန်ရမယ်။ လူနည်းစုပဲဖြစ်ဖြစ်၊ လူများစုပဲဖြစ်ဖြစ် သူတို့နဲ့ ပတ်သက်တာတွေကို ဆုံးဖြတ်တဲ့အခါ မရိုးသားတာတွေ ပါဝင်မယ်ဆိုရင် အတွင်းပိုင်းက ပြန်တိုက်တာ မျိုးတွေလည်း ရှိလာနိုင်တယ်။ အထူးသဖြင့်တော့ အစိုးရရဲ့ လောင်းရိပ်အောက်က ထွက်လာတဲ့ NGO အဖွဲ့အစည်းတွေက သူတို့ရဲ့ လုပ်နည်း လုပ်ဟန်တွေကို ဂရုမစိုက်ပဲ စနစ်ဟောင်း၊ မူဟောင်းတွေနဲ့ လုပ်မယ်ဆိုရင် ရိုက်ခတ်မှုတွေက မကောင်းတဲ့ ဘက်ကိုပဲ ဦးတည်နေ လိမ့်မယ်'' ဟု ယခင်က ဇာတ်ညွှန်းများ ရေးသားခဲ့ပြီး ယခုအချိန်တွင် မီဒီယာ လွတ်လပ်ခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေသူ ဦးဇော်သက်ထွေးက ပြောကြားခဲ့ပါသည်။


No comments:

Post a Comment

My Blog List