Tuesday, August 27, 2013

မိုးထိ မိုးမိ အသေးစား ရွှေလုပ်ငန်းများ လုပ်ကိုင်ခွင့် ဆက်လက် ရရှိရန် တောင်းဆိုမည်

Tuesday, August 27, 2013
ရမည်းသင်းမြို့နယ် မိုးထိမိုးမိရွှေတူးဖော်ရေးဒေသတွင် ယခုလအတွင်း ရပ်ဆိုင်းခဲ့ရသောအသေးစား ရွှေ လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ခွင့် ရရှိရန် အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု အုပ်စု လီမိတက်ထံ တောင်းဆိုမည် ဖြစ်ကြောင်း အသေးစား ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးတင်ဝင်းဌေး က ပြောကြားသည်။
သြဂုတ်လ ၆ ရက်တွင် အသေးစား ရွှေလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီး အသေးစား ရွှေတူးဖော်ရေးမှ အကြီးစား ရွှေတူးဖော်ရေး လုပ်ငန်းများ သို့ ပြောင်းလဲရန်အတွက် ဆက်လက် လုပ်ကိုင်လိုသူများ လိုက်နာ ရန် စည်းကမ်းချက် ၁၂ ချက်ကို အဆိုပါ ကုမ္ပဏီက ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် အဆိုပါ အချက်များမှာငွေကြေးမြောက်မြားစွာစိုက်ထုတ်ရမည်ဖြစ်သဖြင့်လိုက်နာရန်ခက်ခဲကြောင်း ၎င်းကဆိုသည်။စည်းကမ်းချက်များကိုပြင်ဆင်ပြောင်းလဲပေးရန်၊ ပြောင်းလဲမပေးပါကအသေးစားလုပ်ငန်းများ ပြောင်းရွှေ့ လုပ်ကိုင်နိုင်ရန်၊ လုပ်ကွက်အသစ်နှင့် နစ်နာကြေးပေးရန်တောင်းဆိုခြင်းဖြစ်ကြောင်း အသေးစား လုပ်ငန်း ရှင်များအဖွဲ့မှ ဦးကျော်ဆင့်က ပြောကြားသည်။
“ကျွန်တော်တို့က လုပ်ကွက် မရှိတော့ ဘယ်မှာသွားပြီး လုပ်ရမလဲ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စကို ဖြေရှင်းပေးရန် သြဂုတ်လ ၂၆ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး သြဂုတ် လ ၂၇ ရက်နေ့တွင် သက်ဆိုင်ရာ ကုမ္ပဏီ ကို တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းရှင်များထံမှ သိရှိရ သည်။
အဆိုပါ အသေးစား ရွှေလုပ်ငန်းများကို ရပ်ဆိုင်းထားသည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု အုပ်စု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ထံသို့ ဆက်သွယ် မေးမြန်းရာ “အသေးစား လုပ်ငန်းတွေ မလုပ်ရတော့ဘူးဆိုတာ ဟုတ်တယ်။ ကုမ္ပဏီ စဝင်လာကတည်းက နိုင်ငံတော်က ချပေးထားတဲ့ လိုင်စင်မှာ အကြီးစားလို့ပဲ ချပေးခဲ့တာ။ ဒါပေမဲ့ သူတို့က အဲဒီမှာ အရင် ရောက်နေတာဆိုတော့ သူတို့ကို မောင်းထုတ်လို့ မရဘူးလေ။အဲဒါကြောင့် ၂ နှစ် လုပ်ခွင့် ပေးထား တယ်။ ၂နှစ် ပြည့်တော့လည်း အကြီးစား ပြောင်းလဲပြီး လုပ်လို့ ရပါတယ်။ ကျွန်တော်တို့မှာ သူတို့တွေကို လုပ်ပိုင်ခွင့် ပေးထားတော့ ကုမ္ပဏီက နိုင်ငံတော်အပေါ်မှာ အကြွေး တင်တယ်။ ဥပမာ-တစ်လ တန်ချိန် ၅၀၀၀ သွင်းရမယ်ဆိုရင် အသေးစားတွေ ဆိုတော့ Target ပြည့်အောင် မထုတ်နိုင်ကြဘူး။ တိုင်ချင်ရင်လည်း တိုင်၊ ကျွန်တော်တို့က လုပ်ပိုင်ခွင့် ဘာမှမရှိဘူး။ နိုင်ငံတော်က လုပ်ပိုင်ခွင့် ချပေးတာ ဥပဒေကြောင်းအရ ရှင်းလို့ ရပါတယ်” ဟု ပြန်လည် ဖြေကြားသည်။
မိုးထိမိုးမိ ဒေသရှိ ရွှေတူးဖော်ရေး လုပ်ငန်းများကို အဆိုပါ အသေးစား လုပ်ငန်းရှင်များနှင့် အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု အုပ်စု လီမိတက်တို့ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ပူးပေါင်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှေအသေးစား လုပ်ငန်းများ စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး ရှင်းလင်းမည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားကြောင်း ရွှေအသေးစား လုပ်ငန်းရှင်များ အဖွဲ့ထံမှ သိရသည်။

ဟိန်းသွင်ထက်

The Voice Weekly

No comments:

Post a Comment

My Blog List