Tuesday, August 27, 2013

တန်ဖိုးနည်းဖုန်း မသမာမှုကိစ္စ အုပ်ချုပ်ရေးပိုင်းကို ၀န်ကြီး သတိပေး

Tuesday, August 27, 2013
မွန်ပြည်နယ်အတွင်း မိုဘိုင်းလိုင်းကတ်များချထားပေးရာ ရပ်ကွက်၊ မြို့ရွာ ဌာနဆိုင်ရာများနှင့်အုပ်ချုပ်ရေးမှတာဝန်ရှိသူများ၏စီမံခန့်ခွဲမှုညံ့ဖျင်းချက်ကြောင့်အချို့မြို့ရွာများ၌ပြည်သူအများနှင့်အောက်ခြေ၀န်ထမ်းများ မရရှိခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင် သွင်က ဆိုသည်။
မွန်ပြည်နယ်တွင် ပဉ္စမအကြိမ်မြောက် မိုဘိုင်းလိုင်းကတ်များကို သြဂုတ်၂၃ ရက် မှစတင်ချထားပေးကြောင်း၊ ယခုချိန်အထိအောက်ခြေပြည်သူ များနှင့် အောက်ခြေ၀န်ထမ်းများရရှိခြင်း မရှိသည်မှာ မဖြစ်သင့်ကြောင်း၊ မိုဘိုင်းလိုင်းကတ်များကို ချထား ပေးသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများက စီစဉ်မှုညံ့ဖျင်းသလိုအလွဲသုံးစားကိစ္စရပ်များလည်းပါဝင်သည်ဟုဝန်ကြီးကသတိပေး ပြောကြားလိုက်ခြင်းဖြစ် သည်။ “ပြည်သူတွေဆီက အသံတွေထွက်နေတယ်။ စီစဉ်တာကလည်း ညံ့တယ်။တရားဝင်ပွင့်ပွင့်လင်းလင်း လုပ်ရ မှာတွေကို တရားဝင် မလုပ်ဘူး။ သူတို့မမှန်လို့ ဒီလိုအသံတွေ ထွက်လာတာပဲ။ စာရင်းတွေ မစစ်နိုင် လို့ လို့ ပြောတယ်။ စာရေးဆိုတဲ့ လူတွေ ဘာ အလုပ်မှ မရှိဘူး၊ဒါတောင် မစစ်နိုင်လို့ဆိုတော့ လုံးဝ မဖြစ်သင့် တဲ့ ကိစ္စပဲ။”ဟု မွန်ပြည်နယ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြော သည်။
လတ်တလောအနေအထား၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ် ချုပ်ရေးမှုများကို၎င်းတို့သက်ဆိုင်ရာဒေသ အလိုက် ဖွဲ့စည်းထားသော အရပ်ဘက်မှ အထောက်အကူပြု အဖွဲ့များဖြင့် စောင့်ကြည့်သွား မည်ဖြစ်ကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာဌာန များသို့ မိုဘိုင်းလိုင်းကတ်များကို အောက်ခြေအဆင့်မှ စပြီး ချထားပေးရမည့် တစ်လချင်းအမိန့်စာ ထုတ်ထားသော်လည်း လိုက်နာခြင်းမရှိကြောင်း၊ ထိုသို့ ဖြစ်သောသူများကို စာရင်းများတိတိကျကျတင်ပြစေပြီး စည်းကမ်း အတိုင်းအရေးယူသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။

“ကျွန်မတို့ ရုံးမှာဆိုရင် ဦးစီးအရာရှိကိုအရင်ပေးတယ်။ ပြီးရင် ဦးစီးမှူးပေါ့။ ဦးစီးမှူးပြီးရင် သူ့အောက်က ဌာနခွဲစာရေးပေါ့။အဆင့်အလိုက် ပေး တာ ပါ။ ရာထူးတူလာရင် လိုင်းကတ်ကနည်းတယ်ဆိုရင်တော့ မဲနှိုက်ပါတယ်”ဟု ကျိုက်မရာမြို့နယ် သမ၀ါယမအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

ဌာနဆိုင်ရာအချို့တွင် ထိုကဲ့သို့ ရာထူးကြီးစဉ်ငယ်လိုက်ပေးခြင်းမှာ မမှန်ကန်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် အောက်ခြေမှစပေးရမည်ဟူ၍သာ ညွှန့်ကြားထားကြောင်း၊ လူတစ်ယောက်မိသားစုတစ်ခုပဲ မဲပေါက်နေခြင်းသည်လည်းမဖြစ်သင့်ကြောင်း၊ အချို့သော တာ ၀န်ရှိသူများမှာလည်း မှန်ကန်စွာလုပ်ကိုင်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခင်မောင်သွင်က ဆိုသည်။

မွန်ပြည်နယ်တွင် မိုဘိုင်းလိုင်းကတ်များကို ချထားပေးရာ၌ ပဉ္စမ အကြိမ်အနေဖြင့် GSM လိုင်းကတ် ၁၄၀၀၀နှင့် CDMA လိုင်းကတ် ၁၀၀၀၀ စုစုပေါင်းကတ် ၂၄၀၀၀ ချထားပေးခြင်းဖြစ်ကြောင်း၊ မိုဘိုင်းလိုင်းကတ်များ စတင်ချထားပေးသည့်အချိန်မှစ၍ စုစုပေါင်း လိုင်းကတ် ၆၆၆၀၀ ကတ်ချထားပေးပြီးဖြစ်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ရုံးမှထုတ်ပြန်သည်။

မွန်ပြည်နယ်အတွင်း ၁၅၀၀ တန် မိုဘိုင်းလိုင်းကတ်၏ ပေါက်ဈေးသည် ပြင် ပဈေးကွက် တွင် GSM လိုင်းကတ် မှာ ကျပ် ၁၂၀၀၀၀ ခန့်အ ထိပေါက်ဈေးရှိပြီး၊ CDMA လိုင်းကတ်သည် ကျပ်၈၀၀၀၀ခန့်အထိ ပြင်ပဈေး ကွက်၌ ပေါက်ဈေး ရှိနေချိန် ဖြစ်သည်။

မှူးအိမ်ဇော်-မွန်ပြည်နယ်(မြစ်မခ)
ပုဂံအွန်လိုင်းမီဒီယာ

No comments:

Post a Comment

My Blog List