Tuesday, April 28, 2020

ကိုဗစ်လူနာအမှတ် (၁၄၃) အား မူဆယ်မြို့တွင် ဆက်လက်ကုသ ပေးမည်

Image may contain: outdoor

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဈေးရပ်ကွက်က COVID-19 အတည်ပြုလူနာ နံပါတ်(၁၄၃)နဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ကျန်းမာရေးဌာနက ရှာဖွေကာ Quarantine ထားရှိထားတယ်လို့ မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ကြီး က ပြောပါတယ်။ လူနာနံပါတ်(၁၄၃) မှာ COVID-19 ရောဂါပိုး တွေ့ရှိရတာကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ (၂၄)ရက်၊ ညပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အသက်(၈၇)နှစ်အရွယ် COVID-19 အမျိုးသမီး လူနာ ဟာ နှလုံးရောဂါအခံရှိပေမယ့် လက်ရှိမှာ ကျန်းမာရေး အခြေအနေကောင်းမွန်နေတဲ့အတွက် မူဆယ်မှာပဲ ဆက်ပြီးကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လူနာနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာတွေကိုတော့ ရန်ကုန် မြို့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) ကို ပေးပို့စစ်ဆေးသွားမယ်လို့ မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဟန်နိုင်စိုးက ပြောပါတယ်။
COVID-19 လူနာ နံပါတ်(၁၄၃)ဟာ သမီး၊ ချွေးမတို့နဲ့အတူ ဒူဘိုင်းနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့သူ ဖြစ်ပြီး မတ်(၂၀)ရက်ကတည်းက မူဆယ်ကို ပြန်ရောက်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ လူနာမှာ COVID-19 ရောဂါ လက္ခဏာမပြသေးပေမယ့် နိုင်ငံခြားကပြန်လာသူဖြစ်လို့ဆိုပြီး ဓာတ်ခွဲစစ်ဆေးရာက COVID-19 ရောဂါပိုး တွေ့ရှိတာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောပါတယ်။
အဲဒီအတည်ပြုလူနာ နံပါတ်(၁၄၃)နဲ့ ပတ်သက်ခဲ့သူတွေကို ကျန်းမာရေးဌာနက စုံစမ်းရှာဖွေမှုတွေပြုလုပ်နေပြီး လူနာနေထိုင်ရာ ရပ်ကွက်ထဲက လမ်းတွေကိုလည်း ပိတ်ဆို့ ကန့်သတ်တာတွေပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကို Facility Quarantine အဖြစ် ထားရှိသွားမှာ ဖြစ်သလို၊ လူနာရဲ့ အိမ်အနီးအနားကသူတွေကိုတော့ Home Quarantineအဖြစ် ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ COVID-19 လူနာတွေကို ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ (၃)ယောက်၊ တောင်ပိုင်းနဲ့ မှာ မြောက်ပိုင်းမှာ (၂)ယောက်စီ COVID-19 အတည်ပြုလူနာ စုစုပေါင်း (၇)ယောက် ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- မိုင်းဘဉာဏ်

No comments:

Post a Comment

My Blog List