Tuesday, April 28, 2020

လွှတ်တော်ကျင်းပရေး စနစ်တကျဆောင်ရွက်မည်ဖြစ်၍ စိုးရိမ်စရာမလိုဟုဆို


Image may contain: outdoor
လွှတ်တော်ကျင်းပရေးကို စနစ်တကျစီစဉ်ဆောင်ရွက်သွားမှာဖြစ်လို့ Covid-19 ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ် စရာမလိုဘူးလို့ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအတွင်းရေးမှူး ဒေါက်တာ လှမိုးက ပြောကြားပါတယ်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို မေ(၁၈)ရက် ကျင်းပသွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ လွှတ်တော်အသီးသီးက ထုတ်ပြန်ကြေညာထားတာပါ။
လက်ရှိ Covid-19 ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း လူစုလူဝေးမပြုလုပ်ဖို့ကို အစိုးရကကြေညာချက်တွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းကို ပြည်တွင်းဘယ်နေရာက လာရောက်တာဖြစ်စေ Quarantine ပြုလုပ်ဖို့ ညွှန်ကြားထားတဲ့ကာလလည်းဖြစ်ပါတယ်။ ဒီလိုကာလအတွင်း လွှတ်တော်ခေါ်ယူကျင်းပတဲ့အပေါ် ပြောဆိုဝေဖန်မှုတွေလည်းရှိနေတာပါ။ လွှတ်တော်ကျင်းပရေးအတွက် ကော်မတီ(၇)ခု ဖွဲ့စည်းထားပြီး Covid-19 နဲ့ ပတ်သက်လို့ အမျိုးသားအဆင့်ဖွဲ့စည်းထားတဲ့ ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုး ကဆိုပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေကို မေ(၁၈)ရက် မနက်ပိုင်းနဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို အဲဒီနေ့ မွန်းလွဲပိုင်းမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေရှိတဲ့အတွက် ဒုတိယအကြိမ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ခေါ်ယူကျင်းပရတာဖြစ်ပြီး ဒီလကာလအတွင်း ဖြည့်စွက်ဘတ်ဂျက်နဲ့ Covid-19 ရောဂါနဲ့ ပတ်သက်ပြီးလိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ဖို့ ချေးငွေရယူရေးကိစ္စရပ်တွေ ဆွေးနွေးသွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောပါတယ်။ (၁၆)ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ကျင်းပ ကြာမြင့်မယ့်ရက်ကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒုတိယအကြိမ် လွှတ်တော် (၁၅)ကြိမ် မြောက် ပုံမှန်အစည်းအဝေးကတော့ မတ်(၂၆)ရက်က ပြီးဆုံးခဲ့တာဖြစ်ပြီး (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 
Image may contain: sky and outdoor
သတင်း-ငြိမ်းချမ်းအောင်

No comments:

Post a Comment

My Blog List