Wednesday, October 23, 2019

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် အောင်ကြီးမှာ လိင်အကြမ်းဖက်ခဲ့ခြင်း မရှိကြောင်း Wisdom Hill ကျောင်းမှ မူကြိုဆရာမ ထွက်ဆို


ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် အောင်ကြီးမှာ လိင်အကြမ်းဖက်ခဲ့ခြင်း မရှိကြောင်း Wisdom Hill ကျောင်းမှ မူကြိုဆရာမ ထွက်ဆိုခဲ့သည်ဟု တရားခွင်အတွင်း ဝင်ရောက်နားထောင်နေသည့် The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

အောက်တိုဘာ ၂၃ ရက်က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည့် ၉ ကြိမ်မြောက် ရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းမှ ဆရာမများကိုလည်း စွပ်စွဲခံသူဘက်မှ ရှေ့နေ ဒေါ်စုဒါလီအောင်နှင့် တရားလို ဥပဒေအရာရှိတို့က မေးမြန်းနေခြင်း ဖြစ်သည်။

စွပ်စွဲခံရသူ အောင်ကြီးဘက်မှ ရှေ့နေ ဒေါ်စုဒါလီအောင်က အခင်းဖြစ်နေ့က တာဝန်ကျသည့် မူကြိုဆရာမ ဒေါ်နီလာအေးအား မေးမြန်းရာတွင် Wisdom Hill ကျောင်းရှိ ဇ/ ၁၄ ဆောင်တွင် အောင်ကြီးက လိင်အကြမ်းဖက်ခြင်း လုံးဝမရှိခဲ့ကြောင်း ၄င်းကထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
ဥပဒေအရာရှိက မေးမြန်းရာတွင်လည်း မူကြိုဆရာမ ဒေါ်နီလာအေးက ဗစ်တိုးရီးယားလေးမှာ မိမိနှင့် တချိန်လုံး အတူတူရှိနေကြောင်း၊ မိမိ မရှိပါက ကျောင်းမှ အခြားဆရာမတစ်ဦးနှင့် ရှိကြောင်း၊ CCTV တွင် ပြန်ကြည့်ပါကလည်း အောင်ကြီးမှာ အခန်းရှေ့ရှိ ဆိုဖာပေါ်တွင် တချိန်လုံး ထိုင်နေကြောင်း၊ ယင်းကြောင့် အောင်ကြီးမှာ ကျူးလွန်ခြင်း မရှိနိုင်ဟု ထွက်ဆိုရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
အမှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ဆေးနေဆဲဖြစ်ပြီး ယနေ့တွင် ကိုအောင်ကျော်မျိုး (ခ) အောင်ကြီး၏ ရှေ့နေများက အာမခံလျှောက်ထားမှုကို ဆုံးဖြတ်မည် ဖြစ်သည်။

Eleven Media Group




Eleven Media Group 

No comments:

Post a Comment

My Blog List