Thursday, October 24, 2019

ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဖြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော ရခိုင်အရေးသည် အစွန်းရောက်အကြမ်းဖက်မှု၏ နောက်ဆက်တွဲပြဿနာဟု ထောက်ပြ



Image may contain: 1 person, selfie and closeup
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ပြီးပြည့် စုံသည့် ဒီမိုကရေစီဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးသည် ဆောင်ရွက်ရမည့် လိုအပ်ချက်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးသည် နောက်နှစ်တွင်ပြုလုပ်မည့် ၂၀၂၀ ‌ရွေးကောက်ပွဲမတိုင်ခင် ဖြစ်နိုင်ရန် မရှိကြောင်း ပြောကြားလိုက်သည်။
‌ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် မနေ့က တိုကျိုမြို့တွင် ဂျပန်သတင်းဌာန Nikkei Asian Review ကို မိနစ် ၃၀ ကြာ အင်တာဗျူး ဖြေကြားခဲ့စဥ် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့ပြင် ရခိုင်ဒေတွင် ဘင်္ဂလီများ(မူရင်းသတင်းတွင် ရိုဟင်ဂျာများ)နှင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် အကြမ်းဖက်တိုက်ခိုက်မှုများကို ထိန်းချုပ်ရန် ကြိုးပမ်း သည့် ဆောင်ရွက်ချက်တစ်ခုသာ ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
ဆယ်စုနှစ်ပေါင်းများစွာ စစ်အစိုးရ၏ အုပ်ချုပ်မှုများက မြန်မာနိုင်ငံတွင် ပဋိပက္ခများကိုသာ ဖန်တီးထားခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်ပိုင်း လူထုတင်မြှောက်လိုက်သည့် အစိုးရသည် ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဦးဆောင်နိုင်မည်ဟု အများစုက မျှော်လင့်ထားခဲ့ကြသည်။
တကယ်တမ်းတွင်မူ တပ်မတော်က အဓိကကျသော အာဏာများကို ဆက်လက်ကိုင်စွဲထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း လွှမ်းမိုးနိုင်စေရန် နေရာကိုင်စွဲထားနိုင်သည်။
ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် အရေးပါကြောင်းနှင့် ပြီးပြည့်စုံသည့် ဒီမိုကရေစီအတွက် ဖွဲ့စည်းပုံပြင်ရမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်း ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း၍ ကြိုးပမ်းဆောင်ရွက်နေသော်လည်း တပ်မတော်မှ ကန့်ကွက်မဲပေးပါက ပြင်ဆင်နိုင်ရန် မဖြစ်နိုင်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အများစုက သံသယရှိနေကြခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များအရ ၂၀၂၀ ရွေးကောက်ပွဲတွင် ဆက်လက် အနိုင်ရသည့်အခါ၊ လာမည့်အစိုးရ သက်တမ်း အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ရည်မှန်းခြင်း ဖြစ်နိုင်ကြောင်း Nikkei Asian Review က ရေးသားထားသည်။
" ကျမတို့ရဲ့ ဒီမိုကရေစီစနစ်က မပြည့်စုံ သေးပါဘူး။ ရွေးကောက်မခံရဘဲ ရှိနေတဲ့ လွှတ်တော်ထဲက ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းက သိပ် ထင်ရှားတဲ့ ဥပမာတစ်ခုပါ။ ပြည့်စုံတဲ့ ဒီမိုကရေစီစနစ်ရှိဖို့ ကိုယ်စားလှယ်တွေအားလုံး ရွေးကောက်ခံ တွေ ဖြစ်ဖို့ လိုပါတယ်။ ပြည်သူလူတွေရဲ့ လက်ထဲ အချုပ်အခြာအာဏာ ရှိစေဖို့အတွက် ပြင်ဆင်ဖို့ လိုနေသေးတဲ့ အခြေခံ ဥပဒေထဲက တခြား အချက်တွေလည်း ရှိနေပါသေးတယ်" ဟု ပြောကြားလိုက်သည်။
" ကျမတို့အစိုးရ ၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရယူခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်မှာ ရေရှည် ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေတယ်ဆိုတာ သိနေပါတယ်။ ဒါ့ကြောင့် မေလထဲမှာပဲ ရခိုင်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မရှင်ကို ဖွဲ့ခဲ့တယ်။ တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာကြောင့် ဒီပြဿနာတွေကို ရေရှည်ဖြေရှင်းရမယ်လို့ ကျွန်မတို့ နားလည်ထားခဲ့ပါတယ်။ ဒီ ပြဿနာဟာ တစ်ချို့လူတွေထင်နေသလို ဘာသာရေးပြဿနာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ လူမှုရေးပြဿနာပါ။ စီးပွားရေး ကျပ်တည်းမှုနဲ့ အတူ လူမှုရေး စီးပွားရေး ပြဿနာတွေ ပိုဖြစ်လာပါတယ်။ ရခိုင်ဟာ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပေမဲ့ စီးပွားရေး အလားအလာတွေ အများကြီး ရှိနေပါတယ်။ နည်းလမ်းမှန်မှန်နဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့တာလေးပါ။ ဒါကြောင့် လူမှုရေးပြဿာနာတွေ ဖြေရှင်း ပေးဖို့ ကိုဖီအာနန်ကို ချဉ်းကပ်ပြီး ကော်မရှင်တစ်ရပ် ထူထောင်ခဲ့တာပါ။ ရခိုင် ပဋိပက္ခတွေဟာ ကိုဖီအာနန် ကော်မရှင်က အစီရင်ခံစာထွက်လာပြီးတဲ့နောက်မှာ ဖြစ်ပွားခဲ့တာပါ"ဟု ၎င်း က ပြောသည်။
" ဒါဟာ ဘာကိုပြသလဲဆိုရင် ရခိုင်ဒေသမှာ ငြိမ်းချမ်းရေးကို မလိုချင်ဘဲ ရခိုင်ဒေသရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အဖြေတွေကို မလိုချင်တဲ့ အစွန်းရောက်တွေ ရှိနေတယ်ဆိုတာကို ပြသနေတာပါ" ဟု ဆိုသည်။

အင်တာဗျူးအတွင်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် တရုတ်တို့လွှမ်းမိုးမှုရှိနေလားဆိုတဲ့အမေးကို ပယ်ချလိုက်ပြီး "ကျမတို့ဟာ တရုတ်အစိုးရနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာဖြစ်ပြီး ကမ္ဘာပေါ်က နိုင်ငံတွေအားလုံးနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိစေဖို့ ကြိုးစားဆောင်ရွက်နေပါတယ်" ဟု ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် အသက် ၇၅ နှစ်ပြည့်တော့မည်ဖြစ်သဖြင့် Nikkei Asian Review က တာဝန်မှ အနားယူရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းရာတွင် မိမိတို့တွင် အစီအစဉ်အများအပြား ရှိနေပြီး၊ တိုင်းပြည်၏ အနာဂတ်‌ရေးအတွက် အစီအစဉ် တခုတည်းပေါ်တွင် တည်မှီ‌နေခြင်း မဟုတ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
" ကျမတို့မှာ အစီအစဉ်တွေ အများအပြားရှိပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး အစီအစဉ်တစ်ခုတည်းမှာပဲ မှီခိုနေလို့မရပါဘူး" လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြကြားခဲ့ကြောင်း သိရသည်။
ပိုးပုလဲ/Myanmar Harp
Ref ; Nikkei Asian Review
ဓာတ်ပုံ ; Nikkei Asian Review

No comments:

Post a Comment

My Blog List