ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၊ ယခင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာမာဇူကီဒါရူစမန်တို့နှင့် သီးခြားစီ ပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှုများတွင် ၎င်းတို့၏ ဆွေးနွေးမှုများ အပေါ် တုံ့ပြန်မိန့်ခွန်းများ ပြောကြားခဲ့သည်။
(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ)၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ဘာသာ ရပ်ဆိုင်ရာ အစည်းအဝေးများကို ၂၂ - ၁၀ - ၂၀၁၉ ရက်နေ့တွင် ဆက်လက်ပြုလုပ် လျက်ရှိပါသည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် ယခင်မြန်မာနိုင်ငံ ဆိုင်ရာအချက်အလက် ရှာဖွေရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူတို့က ဆွေးနွေး မှုများကို အသီးသီးပြုလုပ်ခဲ့ကြသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က မစ္စယန်ဟီလီ၏ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီမှ အပ်နှင်းထားသည့် လွတ်လပ်သည့် လုပ်ပိုင်ခွင့် တာဝန်ရှိသူများနှင့် ယန္တရားများအနေဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် လွတ်လပ်မှု၊ သမာသမတ်ကျမှုနှင့် ပညာရှင်ဆန်သည့် ဂုဏ်သိက္ခာရှိမှု တို့ကို မြဲမြံစွာ ကျင့်ကြံရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုသည့် မြင့်မြတ်သည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် စံနှုန်းနှစ်ခုကျင့်သုံးခြင်း၊ နိုင်ငံရေးအရ ခုတုံးလုပ်ခြင်းနှင့် နိုင်ငံတစ်နိုင်ငံ အား ပစ်မှတ်ထား ရွေးချယ်ထိုးနှက်ခြင်း စသည့်အလေ့အကျင့်များက မည်သို့မျှ အထောက်အကူပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် နှစ်ပေါင်းသုံးဆယ်ကျော် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံတစ်နိုင်ငံအား ပစ်မှတ်ထားသည့် အဆိုဆုံးဖြတ်ချက်များ၊ မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများမှ သွေဖယ်ပြီး သမာသမတ် မကျသည့် လုပ်ဆောင်မှုများဖြင့် နိုင်ငံရေးအရ ဖိအားပေးအသုံးချရန် ရည်ရွယ်ထားသည့် ယန္တရားများသာ တိုးပွားလာနေကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က အထူးအစီရင်ခံစာတင်သွင်းသူ အနေဖြင့် သူမ၏တာဝန် ထမ်းဆောင်သည့် ကာလတစ်လျှောက်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြောကြားချက်များသည် သမာသမတ်မကျ၊ ဓမ္မဓိဋ္ဌာန်မကျဘဲ မြန်မာပြည်သူများ၏ ခံစားချက်နှင့် စိတ်ရင်းမှန်များကို အမြဲလျစ်လျူရှုလျက်ရှိကြောင်း၊ ယင်းလုပ်ရပ်များကြောင့် အသိုက်အဝန်း အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအတွင်း အချင်းချင်း သဘောထား ကွဲပြားမှု၊ ယုံကြည်မှုကင်းမဲ့ လာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည့် အတွက် မိမိတို့အနေဖြင့် သူမ၏ လုပ်ရပ်များအပေါ် အထူးစိုးရိမ်မိ ကြောင်း၊ မစ္စယန်ဟီလီ၏ အစီရင်ခံစာတွင် ဖော်ပြထားသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများသည် ဆက်လက်ပြီး ဆိုးရွားဆုတ်ယုတ်လျက်ရှိသည်ဆိုသည့် ခြုံငုံသုံးသပ်ချက်နှင့် ပတ်သက်ပြီးများစွာ စိတ်ပျက်မိကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုဖြစ်စဉ်၊ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ စသည့်တိုးတက်မှုများအား အစည်းအဝေးသို့ ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာဒါရုစမန် ၏ ပြောကြား ချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ယင်းအချက်အလက် ရှာဖွေရေးအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ထို့အတူ အချက်အလက်ရှာဖွေရေးအဖွဲ့ သက်တမ်းကုန်ဆုံးသည့်နောက် ဆက်လက် တာဝန်ယူဆောင်ရွက်မည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့် Independent Investigative Mechanism (IIM) ကိုလည်း လက်မခံကန့်ကွက် ကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ယန္တရားဆိုသည်မှာ ခွဲခြားဆက်ဆံမှုအလေ့ကို အခြေခံလျက် နိုင်ငံတစ်နိုင်ငံအား စိစစ်စုံစမ်းမှုပြုလုပ်ရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့၏ လုပ်ထုံးလုပ်နည်းများမှ သွေဖယ်ပြီး လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုသာဖြစ်ကြောင်းဖြင့် ပြောကြားသွားသည်။
ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများသည် ဇာတ်ကြောင်းပြန်ဆို ပြောကြားမှုများအပေါ် အခြေခံထားကြောင်း၊ အထောက်အထားမဲ့ ရေးသားထားပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့များကို ရာဇဝတ်မှုကျူးလွန်သူများအဖြစ် ပုံဖော်ထား သော်လည်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် ARSA မှ လုံခြုံရေးကင်းစခန်း များအား ဝင်ရောက်တိုက်ခိုက်မှုများနှင့် ယင်းတို့၏ အကျိုးဆက် များအဖြစ် ယခုကြုံတွေ့နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ဖြစ်ပေါ်လာရခြင်းကို ထည့်သွင်းပြောကြားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားခဲ့ကြောင်း၊ သက်သေအထောက်အထား အထင်အရှားရှိသည့် ရခိုင်ပြည်နယ်အတွင်း ဟိန္ဒူများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခြင်းခံ ရမှုများကို တစ်ကြိမ်တစ်ခါမျှပင် ရှုတ်ချပြောဆိုမှုမျိုး မရှိခဲ့ကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားဘက်ခြမ်းရှိ ဒုက္ခသည်စခန်းများ အတွင်း လုံခြုံရေး အခြေအနေများနှင့် ပတ်သက်ပြီး ARSA အနေဖြင့် စခန်းများအတွင်း ခြိမ်းခြောက်မှုများ ပြုလုပ်နေမှုများကို အမြန်ဆုံး အရေးယူ ဆောင်ရွက်သွားရန် အရေးကြီးကြောင်းကိုလည်း ထောက်ပြ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူဝါဒများအား အလေးအနက်ထားလျက် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်လျက်ရှိကြောင်း၊ သို့ရာတွင် ရခိုင်ဒေသအရေး ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တစ်ဖက်သတ် ဆောင်ရွက်နေသည်ဟု ပြည်သူများအကြား ခံစားမှုများ ပိုမိုကြီးထွားလာနေကြောင်း၊ သို့သော် လည်း ယခု ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား တန်ပြန်ရင်ဆိုင်ရာတွင် မိမိတို့နှင့်အတူ ရပ်တည်ပေး နေသည့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေကောင်းများအား ကျေးဇူးတင်ရှိပါ ကြောင်း၊ မိမိတို့ရင်ဆိုင်နေရသည့် အခက်အခဲများကို မြန်မာနိုင်ငံ အနေဖြင့် ပြည်သူများ၏ အင်အားနှင့် ညီညွတ်မှုကို အခြေခံပြီး ဖြေရှင်း ကျော်လွှားသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
No comments:
Post a Comment