Tuesday, October 22, 2019

စစ်ကျွန်ပညာရေးစနစ် အဆုံးသတ်ရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲရေး သပိတ်တိုက်ပွဲ စတင်


Image may contain: 3 peopleImage may contain: 1 person, standing
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုများ ရန်ကုန်မြို့ရှိ လူစည်ကားနေရာများတွင် ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထုကို အသိပေးမှုများပြုလုပ်ကာ အားကောင်းသော ပညာရေးပြုပြင်ပြောင်းလဲမှု နှင့်စစ်ကျွန်ပညာရေးစနစ် အဆုံးသတ်ရေး သပိတ်တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသ) အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးက ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ရက်က ရန်ကုန်မြို့၊ တာမွေစျေးတွင် ဒီမိုကရေစီပညာရေး ဒီမိုကရေစီပညာရေးရရှိရေးနှင့် ရောသမမွှေထားသည့် ပညာရေးစနစ် အလိုမရှိဆိုသည့်စာသားများဖြင့် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။
“မနေ့ကဒီမိုကရေစီပညာရေးလှုပ်ရှားမှုကတော့ ဒီမိုကရေစီပညာရေးရရှိရေးနဲ့ ရောသမမွှေထားတဲ့ ပညာရေးစနစ် အလိုမရှိဆိုတဲ့စာသားတွေနဲ့လှုပ်ရှားတာပေါ့။ အဲဒီမှာ ကျွန်တော်တို့ ရောသမွှေဆိုတာက ကျွန်တော်တို့ ဗကသတွေအနေနဲ့ သုံးသပ်တာ လက်ရှိဗမာပြည် ပညာရေးစနစ်က ကိုလိုနီ ကျွန်ပညာရေးစနစ် ပြီးတော့ ဖဆဗလ ရဲ့ကမောက်ကမ ပညာရေးစနစ် ပြီးတော့ စစ်အာဏာရှင်စနစ်ကိုမွေးထုတ်ပေးတဲ့ စစ်ကျွန်ပညာရေးစနစ် အဲဒါတွကို ပေါင်းထားပြီးတော့ ရောပြီတော့ မွှေထားတဲ့ ပညာရေးစနစ်တစ်ခုဖြစ်တယ် လက်ရှိအခြေအနေမှာလည်း NLD အစိုးရတက်လာပြီး နောက်ပိုင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေဆိုပြီးတော့ လုပ်နေတာလည်းရှိတယ်ပေါ့။ အဲဒီလိုအခြေအနေတွေမျိုးမှာ တကယ့် ပြုပြင်ပြောင်းလဲမှုတွေက တကယ့် ကျောင်းထုအတွက် လူထုအတွက် ထိထိရောက်ရောက်ပြောင်းလဲသွားနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုးတွေလည်းမရှိဘူး" ဟု ၎င်းက ပြောဆိုသည်။
လက်ရှိ ပညာရေးစနစ်သည်လည်း ကိုလိုနီကျွန်ပညာရေးစနစ်နှင့် စစ်အာဏာရှင်စနစ် ပညာရေး စနစ်ဖြစ်ကြောင်း၊ ကျောင်းသားများအနေဖြင့် ဒီမိုကရေစီပညာရေးစနစ် ရရှိရေး တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
"စစ်အာဏာရှင်စနစ် မွေးထုတ်ပေးတဲ့ အရင်ကကိုလိုနီကျွန်ပညာရေးစနစ်က ဆင်းသက်လာတယ်။ ကမောက်ကမ ပညာရေးစနစ်အတိုင်းလည်းရှိနေတယ်။ အဲဒီ ကျွန်ပညာရေးဆိုင်ရာ ပညာရေးစနစ်ကြီးကို အသက်သွင်းမောင်းနှင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေပဲဖြစ်နေတယ်။ အဲတာတွေကို ကျွန်တော်တို့ အလိုမရှိဘူး။ နောက်တစ်ခုကကျတော့ ဒီမိုကရေစီပညာရေးသပိတ်ပေါ့။ ဒီသပိတ်ကို ဆက်လက်ကိုင်စွဲထားတုန်းပဲဖြစ်တယ်။ နောက်တစ်ခုကတော့ မနေ့ကလှုပ်ရှားမှုနဲ့ နောက်ထပ်ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီပညာရေးဆိုင်ရာတောင်းဆိုမှုတွေ လှုပ်ရှားမှုတွေဟာ ဒီမိုကရေစီပညာသပိတ်ရဲ့ နောက်ဆက်တွဲလှုပ်ရှားမှုတွေပဲလို့ ပြောလို့ရတယ်”ဟု ကိုဝေယံဖြိုးမိုးကဆိုသည်။
ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေး သပိတ်သည် သမ္မတဦးသိန်းစိန်လက်ထက် မန္တလေးမှ ရန်ကုန်အထိ လမ်းလျောက်ချီတက်ခဲ့သော လှုပ်ရှားမှု ပုံစံမျိုးဖြစ်လာနိုင်ခြေရှိကြောင်း၊ ထိုသို့ သပိတ်စစ်ကြောင်းမချီခင်တွင်လည်း ရန်ကုန်တွင် အလားတူလှုပ်ရှားမှုမျိုးလုပ်ဆောင်ခဲ့ကြောင်း၊ ဗကသ ကျောင်းသားများသည် လက်ရှိချိန်အထိ သပိတ်ကိုကိုင်ဆောင်ထားခြင်းဖြစ်ကာ ဆက်လက်လှုပ်ရှားနိုင်သည့် အခြေအနေဖြစ်စေရန် ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဒီမိုကရေစီပညာရေးရရှိရေးအတွက် မန္တလေးမှ ရန်ကုန်အထိ လမ်းလျှောက်ချီတက်ခဲ့ပြီး တောင်းဆိုချက် (၁၁)ချက်တောင်းဆိုခဲ့သော်လည်း လက်ပံတန်းမြို့အရောက်တွင် သပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်။
ထိုအချိန်က သပိတ်မှောက် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁) ချက်မှာ(၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ၊ (၂) ကျောင်းသားသမဂ္ဂများ ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှု အပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စ၊ (၃) လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင် နှင့် တက္ကသိုလ်များပေါင်းစပ်ညှိုနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ၊ (၄) ဒေသအလိုက်နှင့် ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့်ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ၊ (၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်ကိစ္စ တို့ပါဝင်သည်။
ထို့ပြင် နံပါတ် (၆) အနေဖြင့် ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ၊ ကိုယ်တိုင်လေ့လာ စူးစမ်း သင်ယူနိုင်သည့် သင်ကြား နည်းစနစ်များ ပြောင်းလဲရန်ကိစ္စ၊ (၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ် ( mother tongue based multi-lingual education ) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ၊ (၈) မသန်စွမ်းကလေးများအပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျူံးဝင်ပညာရေး (inclusive education) ကိစ္စ၊ (၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက် ခွင့် ကိစ္စ၊ (၁၀) ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေးကိစ္စ၊ (၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့် ကျင့်သုံးရေး တို့ဖြစ်သည်။
Photo Credit - ဗကသအဖွဲ့ချုပ်
Khit Thit Media

No comments:

Post a Comment

My Blog List