Tuesday, February 09, 2016

တပ်မတော်၏ "ညီငယ်" သို့မဟုတ် ရဲတပ်ဖွဲ့


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး တပ်ဖွဲ့မှ အရာရှိ အများအပြား အား ခြစားမှုနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စုံစမ်းစစ်ဆေးလျက်ရှိသည် ဆိုသော သတင်းများ ၂၀၁၅ ဒီဇင်ဘာက တည်းက ထွက်ပေါ်လျက် ရှိသည်။ အကယ်၍ ထိုသတင်း မှန်ကန်သည် ဆိုပါက နိုင်ငံအတွင်း အစိုးရ၏ လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုကြား တင်းမာသည့် ဆက်ဆံရေး ရှိနေကြောင်း လက္ခဏာရပ် တစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့အား သမ္မတ ဦးသိန်းစိန်က ထောက်ပံ့မှု အများအပြား ပြုလုပ်ခဲ့သည်။ တပ်နှင့် ရဲ တပ်ဖွဲ့ ခေတ်မီရေးနှင့် ကျယ်ကျယ် ပြန့်ပြန့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။ နှစ်ဖွဲ့လုံး၏ ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့ပြီး အသုံး အဆောင်နှင့် လက်နက် ကိရိယာသစ်များ တပ်ဆင်ပေးခဲ့သည်။ ထို့အပြင် ဆန်းသစ်သည့် လူထု ဆက်ဆံရေး အစီအစဉ်များ ပြုလုပ်ကာ ပြည်သူများ၏ ထောက်ခံမှု ပြန်လည်ရရှိရေး ကြိုးစားခဲ့သည်။

တပ်မတော်သည် နိုင်ငံရေးတွင် အသေးစိတ် ပါဝင် ပတ်သက်နေခြင်းကို လျှော့ချခဲ့ပြီး နယ်မြေကာကွယ်ရေးကိုသာ ဦးစားပေးအဖြစ် ထားရှိသည်။ တပ်အား ပိုမိုကျစ်လစ်ကာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာ နှင့် ပိုမို ချိတ်ဆက်မှု ရှိသည့် တပ်အဖြစ် တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ ပြည်တွင်း လုံခြုံရေး တာဝန်က စစ်ဘက်ထဲမှ အရပ်ဘက်က လွှဲပြောင်းရ ယူရန် စီစဉ်မှု၏ အစိတ်အပိုင်းအဖြစ် ရဲတပ်ဖွဲ့၏ အင်အားကို လက်ရှိ ရှစ်သောင်းခန့်မှ ၂၀၂၀ တွင် ၁၅၅၀၀၀ အထိ တိုးမြှင့်သွားရန် စီစဉ်လျက် ရှိသည်။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အဖြစ် လူ့အခွင့်အရေး သင်တန်းများ၊ လူစုလူဝေး ထိန်းသိမ်းခြင်းဆိုင်ရာ ခေတ်မီ နည်းစနစ်များကို နိုင်ငံခြားအကူအညီဖြင့် သင်တန်းများပေးခဲ့သည်။

တပ်နှင့် ရဲတပ်ဖွဲ့သည် နိုင်ငံနယ်နိမိတ် တစ်လျှောက် ကင်းလှည့်ခြင်း၊ လက်နက် ကိုင် ပုန်ကန်သူများကို နှိမ်နင်းခြင်းနှင့် ပြည်တွင်း အုံကြွမှုများကို နှိမ်နင်းခြင်း စသည့် လုပ်ငန်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာ ရှိသည်။ စစ်ဘက် ထောက်လှမ်းရေး အဖွဲ့များနှင့် အရပ်ဘက် စစစ အဖွဲ့တို့တွင်လည်း ဘုံအကျိုးစီးပွားများ ရှိနေသည်။ သို့သော် လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုကြား ပြိုင်ဆိုင်မှု မှာ အမြဲလိုလို ရှိခဲ့သည်။

၁၉၄၈ တွင် နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဦးနုအစိုးရက ရဲတပ်ဖွဲ့နှစ်ခု ဖွဲ့စည်းခဲ့သည်။ တစ်ဖွဲ့မှာ ပုံမှန်နေ့စဉ် ရဲလုပ်ငန်းများ ဆောင်ရွက်ရသည့် ရဲတပ်ဖွဲ့ဖြစ်ပြီး အခြားတစ်ဖွဲ့မှာ ပြည်ထောင်စု စစ်ရဲတပ်ဖွဲ့ ဖြစ်သည်။ လက်နက်ကိုင် ပုန်ကန်မှုနှင့် လက်နက်ကိုင် ဓားပြမှုကဲ့သို့ အန္တရာယ်ပေးနိုင် သော ပြသ၁နာများကို ဖြေရှင်းရန် စစ်ရဲတပ်ဖွဲ့ကို အသုံးပြုသည်။

စစ်ရဲတပ်ဖွဲ့ကို တပ်နှင့် ပူးပေါင်းခဲ့သော်လည်း အဆင့်အတန်း အနေအထားနှင့် အရင်းအမြစ်များအတွက် တပ်ဖွဲ့ နှစ်ခုကြား ပြိုင်ဆိုင်မှုများ ရှိနေခဲ့သည်။ တပ်ဖွဲ့ နှစ်ခု၏ ဆက်ဆံရေးကို ရှုပ်ထွေးစေသည့် အချက်မှာ ဦးနုအစိုးရ၏ ၀န်ကြီး နှစ်ဦးထံ အသီးသီး နာခံရခြင်းဖြစ်ပြီး ထိုဝန်ကြီးများမှာလည်း နိုင်ငံရေး ပြိုင်ဘက်များ ဖြစ်သည်။ ၁၉၅၈ တွင် ပြည်ထဲရေး ၀န်ကြီးသည် စစ်ရဲတပ်ဖွဲ့အား ရန်ကုန်မြို့အတွင်း ချီတက်လှည့်လည်မှု ပြုလုပ်စေခဲ့သည်။ ၀န်ကြီးက ထိုသို့ပြုလုပ်စေခြင်းမှာ အာဏာသိမ်းမှုတစ်ခုကို ကြိုတင် ကာကွယ်ရန် ဖြစ်သည်ဟု အကြောင်းပြခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးနှင့် ပုဂ္ဂိုလ်ရေး မကျေနပ်မှုတစ်ခုကြောင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့အားလုံးအား စစ်တပ်က ထိန်းချုပ်ထားမှု မရှိခြင်းအပေါ် ဦးနုအစိုးရလက်ထက် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်နေ၀င်းက အမြဲပင် အလိုမကျဖြစ်ခဲ့သည်။ ၁၉၅၈ တွင် ဗိုလ်ချုပ်နေ၀င်း၏ အိမ်စောင့်အစိုးရ တက်လာပြီး ၂ နှစ်ကြာ တာဝန်ယူခဲ့သည့် ကာလအတွင်း စစ်ရဲတပ်ဖွဲ့ကို ပြည်ထောင်စု နယ်မြေခံ ရဲတပ်ဖွဲ့အဖြစ် အမည်ပြောင်းလဲကာ စစ်တပ်မှ အရာရှိများကို ခေါ်ယူထည့်သွင်း ခန့်အပ်ခဲ့သည်။ ရဲတပ်ဖွဲ့ကို စစ်တပ်ပုံစံ လေ့ကျင့်ရေး စခန်းများ တက်ရောက်စေပြီး ထောက်ပံ့မှုများ လျှော့ချခဲ့သည်။

၁၉၆၂ တွင် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် စစ်ရဲတပ်ဖွဲ့ အားလုံးကို တပ်အတွင်း သို့ ပေါင်းစပ် ထည့်သွင်းခဲ့သည်။ ၁၉၆၄ တွင် ရဲတပ်ဖွဲ့အား ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းကာ စစ်တပ်ပုံစံ ဖွဲ့စည်းပုံသို့ ပြောင်းလဲခဲ့သည်။ ရဲတပ်ဖွဲ့ ထိပ်တန်း ရာထူးများတွင် တပ်မှ အရာရှိများကို ခန့်အပ်ခဲ့သည်။ နောက်ထပ်နှစ် ၂၀ ကာလအတွင်း ရဲတပ်ဖွဲ့သည် တပ်၏ “ညီငယ်” တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဘတ်ဂျက်၊ လက်နက်ကိရိယာနှင့် အသုံးအဆောင်များ ထောက်ပံ့ရာတွင် ဦးစားပေးခြင်း မခံရပေ။

ပြည်သူ့ရဲတပ်ဖွဲ့သည် စွမ်းဆောင်ရည် နိမ့်ကျပြီး ခြစားမှု ကြီးကြီးမားမား ရှိနေသည်ဟု နာမည်ထွက်ခဲ့သည်။ ရဲတပ်ဖွဲ့၏ ပဋိပက္ခ နှိမ်နင်းရေး တပ်ဖွဲ့ဖြစ်သော လုံထိန်းအဖွဲ့ကို ၁၉၇၄ တွင် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့မှာ ရက်စက်စွာ နှိမ်နင်းလေ့ရှိသည်ဟု ထင်ရှားသည်။ ၁၉၈၈ ဒီမိုကရေစီရေး အုံကြွမှုများကို နှိမ်နင်းရာတွင် လုံထိန်းတပ်ဖွဲ့သည် စစ်တပ်ထက်ပင် ပိုမိုပြင်းထန်စွာ ဆောင်ရွက်ခဲ့သည်။ စစ်အစိုးရ လက်ထက်တွင် ရဲတပ်ဖွဲ့အား ထောက်ပံ့မှုများ ပိုမိုပြုလုပ်ခဲ့ပြီး အဆင့်အတန်း မြှင့်တင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ပြည်သူ့ရဲတပ်ဖွဲ့အား ထပ်မံ အမည်ပြောင်းထားသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း ၂၀၁၁ တွင် အာဏာရလာသည့် သမ္မတ ဦးသိန်းစိန် အစိုးရက အသိအမှတ်ပြုခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် အခြေခံကျကျ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်အပြင် စစ်တပ်က ပြည်တွင်းလုံခြုံရေး တာဝန်အချို့ကို စွန့်လွှတ်၍ ပုံမှန်ကာကွယ် ရေး အဖွဲ့အစည်းအဖြစ် ရပ်တည်ရန်ဖြစ်သည်။ ထိုအချိန်မတိုင်မီကပင် နိုင်ငံ၏ လူစည်ကားသည့် နေရာများတွင် လုံခြုံရေး တာဝန်ယူမှုကို အစိမ်း ရောင် ယူနီဖောင်းများအား အပြာရောင် ယူနီဖောင်းများက အစားထိုး လျက်ရှိသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ တာဝန်များ ကွဲပြားခြားနားမှုမှာ ထင်သာ မြင်သာ ရှိသော်လည်း ထိုသို့ ခွဲခြားရန် စွန့်စားရမှုများ ရှိသည်။ ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၉၉ က စစ်တပ်နှင့် ရဲတပ်ဖွဲ့အား ခွဲခြားခဲ့စဉ်က တပ်ဖွဲ့အသီးသီး၏ တာဝန်နှင့် အခန်းကဏ္ဍ ဆိုင်ရာများ၊ ဘတ်ဂျက် ဆိုင်ရာများ အတွက် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်သည်အထိ ဖြစ်ပွားခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၌ ထိုသို့ ပြသ၁နာမျိုး ဖြစ်ပွား နိုင်ခြေ နည်းပါးသည်။ စစ်တပ်သည် နိုင်ငံတွင် သြဇာအာဏာ အကြီးဆုံး အဖွဲ့အစည်းဖြစ်ပြီး ဘတ်ဂျက်ဝေစု အများဆုံး ရယူထားသည်။ ထို့အပြင် လက်ရှိ အခြေခံဥပဒေ အရ ပြည်ထဲရေးဝန်ကြီးကို စစ်တပ်က ခန့်အပ်ရသည်။ ရဲတပ်ဖွဲ့ တိုးချဲ့ရာ တွင်လည်း တပ်မှ လူများ ပြောင်းရွှေ့ ဖြည့်တင်းခြင်းဖြင့် ဆောင်ရွက်လျက် ရှိသည်။

ရဲတပ်ဖွဲ့အား သီးခြားအဖွဲ့အစည်းအဖြစ် တည်ဆောက်ရာတွင် ရဲအရာရှိ များအား ယင်းတို့ ကိုယ်ကိုယ် ကွဲပြားသည့် တာဝန်နှင့် နည်းလမ်းများ ရှိသည့် အဖွဲ့အဖြစ် စစ်တပ်နှင့် ခွဲခြားရှုမြင်ရန် လိုအပ်နေသည်။ အကယ်၍ ရဲတပ်ဖွဲ့သည် သီးခြား ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် လုံလောက်သည့် ဘတ်ဂျက် ရရှိမည်ဆိုပါက ရဲတပ်ဖွဲ့ဆိုင်ရာ လုပ်ငန်းများကို စစ်တပ်က ၀င်ရောက် စွက်ဖက်မှုများ ရှိပါက တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်။

မြန်မာနိုင်ငံတွင် သတင်းရင်းမြစ်များနှင့်ပတ်သက်၍သတိပြုရန် လိုအပ်သော် လည်း ယခု သတင်းမှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ရဲတပ်ဖွဲ့ အထူးတပ်ဖွဲ့နှင့် စစစ အဖွဲ့များ မူးယစ်မှောင်ခို လုပ်ငန်းတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ဆိုကာ တပ်ချုပ်က စုံစမ်းစစ်ဆေး ခိုင်းသည်ဟု သတင်းထွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ခြစားမှု အများဆုံး နိုင်ငံစာရင်းတွင် ပါဝင်သဖြင့် ထိုသတင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

သို့သော် စွပ်စွဲခံရသူများမှာ ခြစားမှုများ ဖော်ထုတ်ရန် တာဝန်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ အဖွဲ့အစည်းနှစ်ခုမှ ဖြစ်နေသည်။ ထို့ကြောင့် စုံစမ်းစစ်ဆေးရန် တပ်ချုပ်ကဲ့သို့ ပုဂ္ဂိုလ်နှင့် စစ်တပ်က ပါဝင် ပတ်သက်နေရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထိုသတင်းအပေါ် မြန်မာအရပ် ဘက်နှင့် စစ်ဘက်ခေါင်းဆောင် နှစ်မျိုးလုံးက စိတ်ဝင်စားလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရန် နှင့် ခြစားမှု တိုက်ဖျက်ရန် ယခင်ကတည်းက ဦးတည်ချက်ရှိသည်။ အစိုးရအဖွဲ့၏ ခြစားမှုများကို အရေးယူမှုအား ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံမည်ဖြစ်သည်။ သို့သော် နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုအကြား ကွဲပြားခြင်းမှာ ဗိုလ်ချုပ်များအတွက် အခက်အခဲ ဖြစ်စေသည်။ လက်နက်ကိုင် တပ်ဖွဲ့များ၏ ညီညွတ်မှုနှင့် သစ္စာရှိမှုကို လျော့နည်းစေရန် လုပ်ဆောင်မှုများမှာ ပြင်းထန်သည့် တုံ့ပြန်အရေးယူမှုများနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ထွက်ပေါ်လာသည့် တီးတိုးသတင်းများကို ပိုမတွက်သင့်သော်လည်း နိုင်ငံ၏ စိုးရိမ်ဖွယ် ပြသ၁နာတစ်ခုကို အဓိက ထိပ်တန်းခေါင်းဆောင်များ အတူဖြေရှင်းမှု၏ အစောပိုင်းလက္ခဏာများ ဖြစ်ဖွယ်ရှိသည်။

မောင်နိုး
The Ladies News

No comments:

Post a Comment

My Blog List