Tuesday, February 09, 2016

"ရန်ကုန်နဲ့ယှဉ်ရင် နေပြည်တော်က နိုင်ငံအတွင်း အခြားဒေသတွေနဲ့ ပိုနီးပြီး ဒီအချက်မှာတော့ ဦးသန်းရွှေနဲ့ သဘောတူပါတယ်” ဟု ဆို


ဒေါ်အောင်ဆန်းစုကြည်၏ NLD က ဦးဆောင်မည့် အစိုးရသစ်သည် ဧပြီ ၁ တွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်သဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံတမန်များ အနေဖြင့် နေပြည်တော်တွင် ပိုမိုရှိနေရန် လိုအပ်လာမည်ဖြစ်သည်။ နိုဝင်ဘာ ၈ ရွေးကောက်ပွဲအပြီး လွတ်တော်ပြန် အစတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ နိုင်ငံတကာမှ သံတမန်များ တွေ့ဆုံမှုပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံပွဲ၌ သံတမန်များ၏ မေးခွန်းများတွင် ရန်ကုန်မြို့အား မြို့တော် အဖြစ် ပြန်လည်ပြောင်းရွှေ့ သတ်မှတ်ရန် အစီအစဉ် ရှိ၊မရှိ ဆိုသည့် မေးခွန်းပါဝင် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြုလုပ်ရန်မှာ အကုန်အကျကြီးမားလွန်းသည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သံတမန်တစ်ဦးက Nikkei Asian Review သို့ ပြောကြားသည်။

“အရင်အစိုးရတွေ လုပ်သွားတာတွေကို (မလိုအပ်ပဲ) ပြန်ပြင်မှာ မဟုတ်ဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံမှုနောက်ပိုင်း ရက်အနည်းငယ်အကြာတွင် တရုတ်သံရုံးသည် နေပြည်တော်ရှိ ACE Villa Compund အတွင်းတွင် ယာယီ ဆက်ဆံရေးရုံး တစ်ရုံးကို ဖွင့်လှစ်ခဲ့သည်။

နိုင်ငံမြို့တော်အား ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်းကို ဝေဖန်ခဲ့သူအချို့ကပင် ယခုအခါ ထိုသို့ ပြောင်းရွှေ့ခြင်းမှာ ကောင်းမွန်သည့် လုပ်ဆောင်ချက် ဖြစ်သည်ဟု ပြန်လည်ရှုမြင်လာကြသည်။ ၂၀၁၁ နောက် ပိုင်းတွင် ရန်ကုန်မြို့သည် အလွန်လျင်မြန်စွာ တိုးတက် ပြောင်းလဲ လာခဲ့ သည်။ မော်တော်ယာဉ်သစ်များ အများအပြား တိုးပွားလာခဲ့ကာ အခြေခံ အဆောက်အအုံများ ၀န်ထုတ်ဝန်ပိုးဖြစ်လာပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေခဲ့သည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး စီးပွားရေး မြို့တော် ဆိပ်ကမ်းမြို့တော် ဖြစ်သည်။ နေ့စဉ် ကုန်တင်ကားများ ဘက်စ် ကားများ ကိုယ်ပိုင်ကားများဖြင့် လမ်းများသည် ပြည့်ကျပ်လျက်ရှိသည်။ အဆိုပါ အချက်ကို လက်ရှိ ရန်ကုန်တွင် ရုံးစိုက်ကြသည့် သံအဖွဲ့ဝင်များ လည်း အဆိုပါ လမ်းပိတ်ဆို့မှုဒဏ်ကို အလူးအလဲ ခံနေသည်ဟု ဆိုသည်။ အစိုးရသစ်တွင် ဒေါ်အောင်ဆန်းစုကြည်က မည်သည့် တာဝန်ရယူသည် ဖြစ်စေ ရန်ကုန်မြို့တွင် လုပ်ငန်းဆောင်ရွက်ပါက ကြုံတွေ့ရမည့် ယာဉ်ကြော ပိတ်ဆို့မှုများအတွက် အချိန်ကုန်ခံ နိုင်မည်မဟုတ်ပေ။

နေပြည်တော်တွင် နေရာငှားရမ်းရန် ရှာဖွေနေသည့် သံတမန်တစ်ဦးက “သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ အချိန်က အဖိုးတန်ပါတယ်။ ကျွန်တော်တို့ ဒါကို ထည့်စဉ်းစားရပါမယ်” ဟု ပြောကြားခဲ့သည်။ “လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ပြောင်းခဲ့မယ်ဆိုရင် အခုအချိန်မှာ အဆင်ပြေနေပါပြီ။ အစိုးရကရွေးကောက် ပွဲကို မျှမျှတတ ပြုလုပ်ပေးမယ်လို့ မယုံခဲ့ကြတဲ့အတွက် ဒီကို ပြောင်းဖို့ နောက်ကျခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် နေပြည်တော်သို့ ပြောင်းရွှေ့ရန် အားလုံးနောက်ကျခဲ့သည်တော့ မဟုတ်ပေ။ အာရှဖွံ့ဖြိုးရေး ADB ဘဏ်သည် ၂၀၁၄ တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည် စတင်ဆောင်ရွက်ခဲ့ပြီးနောက် အဓိကဒေသဆိုင်ရာ ရုံးကို နေပြည်တော် Park Royal ဟိုတယ်တွင် စတုရန်းမီတာ ၄၀၀ ခန့် အကျယ်နေရာ ငှားရမ်းကာ ဖွင့်လှစ်ထားခဲ့သည်။ ကမ္ဘာ့ဘဏ်ကလည်း နေပြည်တော် Hilton ဟိုတယ်တွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်မှ ပီတာဘရင်ဘယ်လ်က “ဆက်သွယ်ရမယ့်သူတွေရဲ့ နီးတဲ့အတွက် နေပြည်တော်မှာ ရုံးခန်းဖွင့်ဖို့ ရွေးချယ်ခဲ့တာပါ။ ပြုပြင်ပြောင်း လဲရေး အစီအစဉ်တစ်ခုခု အတွက် ဆွေးနွေးဖို့ အစိုးရအရာရှိ တစ်ဦးဦးထံက အီးမေးလ်ရပြီး ၁၅ မိနစ်အတွင်း တွေ့နိုင်တာက တကယ်ကောင်းမွန်ပါ တယ်” ဟု ပြောကြားခဲ့သည်။

နေပြည်တော်တွင် ရုံးခန်းဖွင့်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများစွာ ရှိနေသေးသည်။ နိုင်ငံတကာ ကျောင်းများ မရှိသဖြင့် ကျောင်းနေအရွယ် ကလေးရှိသည့် သံတမန်ဝန်ထမ်းများ အခက်ကြုံရသည်။ နိုင်ငံတကာ အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် ဆေးရုံ ဆေးခန်းကြီးများ မရှိခြင်းကလည်း စိန်ခေါ်မှု တစ်ခုဖြစ်သည်။ ထို့အပြင် အလုပ်ချိန်ပြင်ပ လည်ပတ်ရန် လူစည်ကားသည့် နေရာလည်း နည်းပါးလွန်းလှသည်။

ကုလအဖွဲ့အစည်းများအနက် UNDP သာ နေပြည်တော်တွင် အမြဲတမ်းရုံး ဖွင့်ထားသည်။ ရန်ကုန်အခြေစိုက် ကုလရုံးများမှာ နေပြည်တော်သို့ ပြောင်းရွှေ့ရန် အကြောင်းအမျိုးမျိုးကြောင့် တုန့်ဆိုင်းလျက်ရှိသည်။ နေပြည်တော်ရှိ နေအိမ်နှင့် ဟိုတယ်များအား ပိုင်ဆိုင်သူ အများစုမှာ စစ်တပ်အရာရှိများ၊ အမေရိကန် အစိုးရ၏ အမည်ပျက်စာရင်းတွင် ပါဝင်သူများ ဖြစ်နေသဖြင့် သံတမန်များ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံခြား အစိုးရအရာရှိများမှာ နေပြည်တော်တွင် နေရာငှားရမ်းရန် ရှာဖွေသည့်အခါ အဖွဲ့စည်းကမ်းများနှင့် ဘောင်ဝင်မှန်ကန်မှုရှိရန် လွန်စွာ သတိထားနေရသည်။

ကုလအရာရှိတစ်ဦးက “လူတစ်စုကပဲ ဒါတွေ အားလုံး ပိုင်ထားတာပါ။ ရှောင်လို့မလွတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ ဥပမာအားဖြင့် တရုတ်သံရုံးက ဆက်ဆံရေးရုံး ဖွင့်လှစ်ထားသည့် ACE Villa ကို အားကစားဝန်ကြီး ဦးတင့်ဆန်း၏ ACE ဆောက်လုပ်ရေး ကုမ္ပဏီက ပိုင်ဆိုင်သည်။

ထို့အပြင် ပိုကြီးသည့် ပြသ၁နာတစ်ခုလည်း ရှိနေပြီး မြေယာသိမ်းမှု ပြသ၁နာဖြစ်သည်။ နေပြည်တော်အား မြို့တော်သစ် မတည်ဆောက်မီက ထိုဒေသတွင် ဒေသခံ လယ်သမားများက ကြံနှင့် ပဲများ စိုက်ပျိုးခဲ့ကြသည်။ နေပြည်တော် တည်ဆောက်ရာတွင် သံတမန်ဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာအတွက် လယ်သမားအိမ်ထောင်စု ၄၀၀ ခန့် နေရာဖယ်ရှားပေးခဲ့ရပြီး အတင်းအကျပ် ဖယ်ရှားခံရသူများ ပါဝင်ခဲ့သည်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသစ်ကို NLD အစိုးရသစ်က ခန့်အပ်ရမည်ဖြစ် သည်။ သို့သော် ကောင်စီ၏ အာဏာရှင်ဆန်ဆန် အပြုအမူများကို ထိုဥက္ကဋ္ဌ သစ်က ပြောင်းလဲပေးနိုင်ခြင်း ရှိ၊မရှိ လေ့လာသူများက မေးခွန်းထုတ် လျက်ရှိသည်။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် NLD လွှတ်တော်အမတ် ဦးမင်းသူက “ဒါက NLD အတွက် စိန်ခေါ်မှုပါပဲ” ဟု ပြောကြားခဲ့သည်။

ဦးမင်းသူသည် နေပြည်တော်သို့ စတင်ရောက်ရှိလာစဉ်က မြို့တော်အား ရန်ကုန်သို့ ပြန်လည်ပြောင်းရွှေ့ စေလိုခဲ့သော်လည်း ယခုအခါ အမြင်ပြောင်း လဲခဲ့ပြီဟု ဆိုသည်။ “ရန်ကုန်နဲ့ယှဉ်ရင် နေပြည်တော်က နိုင်ငံအခြားဒေသ တွေနဲ့ ပိုနီးပြီး ဒီအချက်မှာတော့ ဦးသန်းရွှေနဲ့ သဘောတူပါတယ်” ဟု ပြောကြားခဲ့သည်။

KHTun
ကိုးကား - Nikkei Asian Review
The Ladies News

No comments:

Post a Comment

My Blog List