Tuesday, February 09, 2016

မန္တလေးတိုင်း အစိုးရအဖွဲ့ လူထုမသိဘဲ မည်သည့်အရာမျှ မလုပ်ဟုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အများဆုံးပါဝင်မည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် ပြည်သူလူထု မသိဘဲ မည်သည့်အရာမျှ မလုပ်ဆောင်ဟု အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟု နာမည်ထွက်ပေါ်နေသူ ဒေါက်တာဇော်မြင့်မောင်က ကတိပေး ပြောကြားသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုလုပ်သော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူလူထု မသိဘဲ ဘာမှမလုပ်ပါဘူး။ ပြည်သူလူထု မနှစ်သက်တာ ဘာမှမလုပ်ပါဘူး” ဟု ၎င်းက ထပ်မံဆိုသည်။

ယင်းလွှတ်တော် သက်တမ်းအတွက် ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရွေးချယ်ခံရသော ဒီမိုကရက်တစ်ပါတီ မြန်မာ ကိုယ်စားလှယ် ဦးအောင်ရွှေကလည်း ပြည်သူလူထု အကျိုးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဟု ကတိပြု ပြောကြားသည်။

ကိုယ်ကျိုးမပါဘဲ အများအကျိုးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူလူထု၏ အကျိုးစီးပွားကို ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသော အခွင့်အရေး ရစေရန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြော ကြားသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါက်တာခင်မောင်ဌေးကို ရွေးချယ်ခန့်အပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရကိုယ်စားလှယ် ၄၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၈ ဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တစ်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး၊ စုစုပေါင်း ၇၆ ဦး တက်ရောက်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List