Tuesday, February 09, 2016

မြန်မာ့ဒီမိုကရေစီကို နာကျင်စွာ ပြန်လည်မွေးဖွားခြင်း


မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီအစိုးရက အာဏာလွှဲပြောင်း လက်ခံရန် ကြိုးစားနေပြီ ဖြစ်သည်။ သို့ရာတွင် ပြဿနာပေါင်း မြောက်မြားစွာက ရှေ့တွင် ကြိုစောင့်နေသည်မှာ အားလုံးအသိပင် ဖြစ်သည်။၁၉၈၈ ဆီသို့ ပြန်ပြောင်းစဉ်းစားကြည့်လျှင်မူ စစ်အာဏာရှင်စနစ်ကို လူထုတစ်ရပ်လုံးက ဆန့်ကျင်ကာ ဒီမိုကရေစီ တောင်းဆိုသော ပြည်သူ့အရေးတော်ပုံ ကာလအတွင်း ဆန္ဒပြ အထက်တန်းကျောင်းသူ ဝင်းမော်ဦးကို အစိုးရ လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့သည့် အထင်ကရဖြစ်ရပ်ကို အမှတ်ရကြပေလိမ့်မည်။ သူမ ကွယ်လွန်သွားလျှင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း အမျှဝေခြင်း မပြုရန် ဝင်းမော်ဦးက မိဘများကို တောင်းဆိုသွားခဲ့သည်။
ဗုဒ္ဓဘာသာဓလေ့တွင် သေဆုံးသူ၏ ဝိညာဉ်ကို ကောင်းရာသုဂတိဘုံသို့ ရောက်စေရန် အလို့ငှာ အမျှဝေခြင်း အမှုကို ပြုလုပ်လေ့ ရှိကြသည်။ သို့ရာတွင် ဝင်းမော်ဦးကမူ နောက်ထပ် ဘုံဘဝသစ်တစ်ခုသို့ မကူးပြောင်းမီ သူမ၏ တိုင်းပြည်တွင် ဒီမိုကရေစီအောင်ပွဲ ရခြင်းကို မြင်တွေ့လိုသောကြောင့် အမျှဝေခြင်း မပြုသေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၈၉ နှစ်ဆန်းပိုင်းက သူမကွယ်လွန်ခြင်း ခြောက်လပြည့် အခမ်းအနားသို့ စာရေးသူ တက်ရောက်ခဲ့ရာ အမျှဝေရန် ငြင်းဆန်ခြင်းဖြင့် သမီး၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြသော မိဘများကို တွေ့မြင်ခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့က အထွေထွေရွေးကောက်ပွဲတွင်မူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံ ဒီမိုကရေစီပါတီက သောင်ပြိုကမ်းပြို အောင်ပွဲခံခဲ့ရာ ဆန္ဒမဲဖြင့် ရွေးချယ်သော ကိုယ်စားလှယ်နေရာ ၇၉ ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်တွင် အစိုးရသစ် ဖွဲ့စည်းရန် လုံလောက်သော အရေအတွက်ကို ရရှိခဲ့သည်။ သို့သော် ဤရွေးကောက်ပွဲသည် အားလုံးအတွက်၊ သင့်အတွက် ဖြစ်ရိုးဖြစ်စဉ် ရွေးကောက်ပွဲတစ်ခု လုံးဝမဟုတ်ဟု အတိအကျ ဆိုနိုင်သည်။

စစ်အာဏာရှင် ဖိနှိပ်အုပ်ချုပ်မှုကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရသော မြန်မာပြည်သူတို့အတွက် NLD ပါတီ၏ အောင်ပွဲသည် အားလုံး၏ သေရေးရှင်ရေး ကိစ္စပင်ဖြစ်သည်။ ရွေးကောက်ပွဲအပြီး သီတင်းပတ် အနည်းငယ်အကြာ ဒီဇင်ဘာလ ၆ ရက်နေ့တွင်မူ ဝင်းမော်ဦး၏ မိဘများက သူတို့၏သမီး ဘုံဘဝသစ်သို့ လွတ်လွတ်လပ်လပ် ကူးနိုင်စေရန်အတွက် နောက်ဆုံးတွင် အမျှဝေခြင်းအမှုကို ဆောင်ရွက်ပေးလိုက်ကြသည်။ တစ်ဖက်တွင် မြန်မာနှင့် ကမ္ဘာက နာကျင်ခံစားခဲ့ရသော ၎င်းဖြစ်ရပ်သည် အခြားတစ်ဖက်တွင် တိုင်းပြည်ကို ချောက်ထဲတွန်းချခဲ့သူများ အတွက်မူ ရှက်ရွံ့သိမ်ငယ်စရာ ဖြစ်လိမ့်မည်။

ယခုအပတ် ဖေဖော်ဝါရီလ ၁ ရက်က လွှတ်တော်သစ်၏ ပထမဆုံး အစည်းအဝေးသို့ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်အသစ်များ ရောက်ရှိလာချိန်တွင် ထိုဇာတ်လမ်းကို စာရေးသူ သတိရမိခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်သစ် ခေါ်ယူစည်းဝေးသည့် သတင်းကို အစိုးရပိုင် မီဒီယာများက သာမန်မျှသာ မရှက်မကြောက် ဖော်ပြခဲ့သော်လည်း ပြည်သူလူထုကမူ မျက်ရည်လည်သော အပျော်ဖြင့် ကြိုဆိုခဲ့ကြသည်။ NLD ပါတီသည် ယခုအခါ လွှတ်တော်နှစ်ရပ်စလုံးကို လွှမ်းမိုးထိန်းချုပ်နိုင်တော့မည် ဖြစ်ပြီး သမ္မတနှင့် ဒုသမ္မတတစ်ဦးတို့ကို သီတင်းပတ် အနည်းငယ်အတွင်း ရွေးချယ်ခွင့်ရတော့မည် ဖြစ်သည်။

လက်ရှိအချိန်ထိမူ နှစ်ပေါင်းငါးဆယ် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ရုန်းထွက်ကူးပြောင်းနေမှုသည် အနည်းဆုံးအားဖြင့် မှန်မှန်ခရီးပေါက်နေပုံ ရသည်။ လက်ရှိသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် နှစ်ဦးစလုံးတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြပြီး အာဏာလွှဲပြောင်းမှု ချောမွေ့ရေးကို ကတိပြုခဲ့ကြသည်။ အာဏာလွှဲပြောင်းရေးကို ကြိုတင်ပြင်ဆင်ရန် အစိုးရနှင့် NLD ပူးတွဲ ရှစ်ဦးကော်မတီကို ဖွဲ့စည်းလုပ်ဆောင်လျက်ရှိရာ ဒီမိုကရေစီ ကူးပြောင်းမှုအတွက် အရေးပါသောခြေလှမ်း ဖြစ်သည့် အစိုးရသစ်ကို ဖွဲ့စည်းသည့်အချိန်တွင် ပူးတွဲပြင်ဆင်မှု မည်မျှအလုပ်ဖြစ်သည်ကို တွေ့မြင်ရပေလိမ့်မည်။

ယခုအချိန်ထိ မဖြေရှင်းရသေးသော အဓိက ကိစ္စနှစ်ခု ကျန်ရှိနေသည်။ ပထမတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်မှာလား ဟူသော မေးခွန်း ဖြစ်သည်။ ယခင် တပ်မတော်အစိုးရ (အကြီးအကဲ) စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေက ဗြိတိန်နိုင်ငံသား ခံယူထားသော သားနှစ်ယောက်၏ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်စေရန် ပိတ်ဆို့ထားရာ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသော တပ်မတော် အစုအဖွဲ့၏ ထောက်ခံမှုမရဘဲ အခြေခံဥပဒေ စည်းကမ်း တစ်စုံတစ်ရာကို ပြင်ဆင်နိုင်မည် မဟုတ်ပေ။

ဒုတိယအချက်မှာ ၎င်းအခြေခံဥပဒေကပင် ရွေးချယ်တင်မြှောက်ခံ အရပ်သား နိုင်ငံရေးသမားများ၏ အခွင့်အာဏာကို ဆိုးဆိုးဝါးဝါး ကန့်သတ်ထားသောကိစ္စ ဖြစ်သည်။ NLD ပါတီက အစိုးရသစ် ဖွဲ့စည်းနိုင်သည့်တိုင်အောင် တပ်မတော်နှင့် ၎င်း၏ ခရိုနီများက တကယ့်အာဏာ၏ သော့ချက်အစိတ်အပိုင်းများကို ဆက်လက်ရယူ ထိန်းချုပ်ထားကြဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ခံထားရမည့် ရွေးချယ်ခံ အရပ်သား နိုင်ငံရေးသမားများက ပြည်သူလူထု၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်မှာလား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

တပ်မတော်သည် အခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းမှု မှန်သမျှကို လှေနံဓားထစ် ငြင်းဆန်နေသော်လည်း တစ်ချိန်တည်းတွင် NLD အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလိုလားလား ရှိနေသည်ဟု တပ်မတော် သတင်းရပ်ကွက်က ဆိုပါသည်။ အရာရာကို အခြေခံဥပဒေအရ ဥပဒေဘောင်ထဲက လုပ်ဆောင်သွားမယ်ဟု အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ လွှတ်တော် စတင်ခေါ်ယူသည့်နေ့တွင် တပ်မတော်က အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု စစ်တပ်ပိုင် သတင်းစာမှတစ်ဆင့် သွယ်ဝိုက်အသိပေးခဲ့သည်။

သူမ၏ သမ္မတရာထူး ကြိုးပမ်းမှုကို တပ်မတော်က အကြိမ်များစွာ ငြင်းဆန်ခဲ့ပြီး အနောက်နိုင်ငံများနှင့် သူမ၏ နီးစပ်မှုသည် အမျိုးသားလုံခြုံရေးအပေါ် ရိုက်ခတ်မှု ရှိနိုင်သည်ဟု ဗိုလ်ချုပ်ကြီးများက မမောတမ်း အကြောင်းပြခဲ့ကြသည်။ သို့ရာတွင် ပုဂ္ဂလိက အမြင်အရ ဗိုလ်ချုပ်ကြီးဟောင်း လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခိုင်ခိုင်မာမာ မဟာမိတ် ဖွဲ့ထားသည့် ကိစ္စမှာ အဓိက ပူပန်စရာဖြစ်ပြီး တပ်မတော် အားနည်းသွားအောင် ဦးရွှေမန်း၏ သြဇာကို အသုံးပြုနိုင်သည်ဟု စိုးရိမ်ခြင်း ဖြစ်သည်ဟု ဝန်ခံပြောဆိုကြသည်။ အမှန်စင်စစ် ဦးရွှေမန်းအား မလိုလားမှုသည် တပ်မတော်၏ သဘောထားအမှန် မဟုတ်နိုင်ဘဲ နောက်ကွယ်မှ စနစ်တကျ ထိန်းကျောင်းလမ်းညွှန်နေသော အကြီးအကဲဟောင်း၏ သဘောထားကို ကိုယ်စားပြုခြင်းသာ ဖြစ်နိုင်စရာရှိသည်။

တပ်မတော်နှင့် အပေးအယူ ညှိနှိုင်းမှု အဆင်မပြေပါက (ဖြစ်လာနိုင်ခြေမရှိ) ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရွေးချယ်လာနိုင်သော နည်းလမ်းနှစ်သွယ် ရှိနိုင်သည်။ ပထမတစ်နည်းမှာ အခြေခံဥပဒေ ပြင်ဆင်ရန် အလားအလာအတွက် ထပ်မံညှိနှိုင်းဖို့ ကာကွယ်ရေးဦးစီးချုပ်နှင့် တတိယအကြိမ် တွေ့ဆုံရန် စီစဉ်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းညှိနှိုင်းမှုတွင် လိုချင်သော အဖြေမထွက်ပါက လွှတ်တော်တွင် ၅၉/စ ကို ယာယီဆိုင်းငံ့ကာ သူမ သမ္မတ ဖြစ်လာနိုင်ရေးအတွက် လမ်းဖွင့်နိုင်ခြင်း ဖြစ်သည်။ လွှတ်တော်တွင် လူများစု ထောက်ခံမှုဖြင့် ယင်းသို့ ဆောင်ရွက်ခြင်းသည် ဥပဒေအရ ဘောင်ဝင်ပြီး သီအိုရီပိုင်းအရ ဖြစ်နိုင်ခြေ ရှိသည်ဟု NLD ပါတီမှ ဥပဒေအကြံပေးတစ်ဦးက ပြောကြားသည်။


မင်းဇင် ရေးသားပြီး နေလင်းမောင် ဘာသာပြန်ဆိုသည်။

(Ref: Foreign Policy)
The Voice Weekly

No comments:

Post a Comment

My Blog List