မည်သို့သော ဖက်ဒရယ်စနစ်သည် အသင့်တော်ဆုံးဖြစ်သလဲဆိုသော မေးခွန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းက တိုင်းပြည် အတွက် သေရေးရှင်ရေးမေးခွန်းဖြစ်သည်။ နိုင်ငံသားတိုင်းတူညီသော အခွင့်အရေးခံစားခွင့်ရစေမည်ဆိုသော ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုအစိုးရတည်ထောင်ရန် ၁၉၄၇ ဖေဖော်ဝါရီတွင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
ရွေးကောက်ပွဲအပြီး ပထမဆုံးရွေးချယ်ခံအစိုးရဖြစ်သည့် ဖဆပလအစိုးရသည် တိုင်းရင်းသားလူနည်းစုများ၏ နိုင်ငံရေး ရည်မှန်း ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့သောကြောင့် မြန်မာနိုင်ငံသည် စိတ်ပိုင်းဆိုင် ရာအရရော၊ စိတ်ခံစားချက်အရပါ ပြိုကွဲခဲ့ရသည်။ နောက်ဆုံး ပြည်တွင်းစစ် မီးတောက်လောင်ခဲ့ကာ ၁၉၆၂ တွင် တိုင်းပြည်သည် ဗိုလ်ချုပ်နေ၀င်း ၏ အာဏာသိမ်းအစိုးရအောက်သို့ ရောက်ရှိခဲ့ရပြန်သည်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ဝါဒကို အာမခံထားသော်လည်း ခေတ် အဆက်ဆက် တပ်မတော်က ဖက်ဒရယ်ကို ခါးခါးတူးတူးရွံ့မုန်းခဲ့သည်။
ဖက်ဒရယ်ဆိုသောစကားသည် တိုင်းပြည်ပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ဖြိုခွဲရေးစကားလုံး၊ အမျိုးသားသစ္စာဖောက်တို့၏ စကားလုံးအဖြစ် စစ်အစိုးရက မှတ်ယူခဲ့သည်။ ၂၀၁၁ ပြည်ခိုင်ဖြိုးအစိုးရ မတက်မီကာလအထိ ဖက်ဒရယ်ဆိုသော စကားတခွန်းကြောင့် ထောင်ဒဏ်ကျခံရနိုင်သည်။
ဒီမိုကရေစီစနစ်ဖော်ဆောင်မှုလုပ်ငန်းစဉ်အရ ဦးသိန်းစိန်အစိုးရက ဖက်ဒရယ်ကိုလက်ခံလာခဲ့သည်။ ဖက်ဒရယ်အရေးသည် လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ ဗဟိုချက်မကိစ္စဖြစ်နေသည်။ NLD မှာမူ ဒီမိုကရက်တစ် ပါတီဖြစ်သည့်အလျောက် ဖက်ဒရယ်အစိုးရဖော် ဆောင်ရေးကိုထောက် ခံသည်။ သို့ရာတွင် မည်သို့သောဖက်ဒရယ်စနစ်မျိုးဖြစ်လာမလဲဆိုသည်ကို မည်သူကမှ အတိအကျမသိသေးချေ။
မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအတွက် မည်သည့်ဖက်ဒရယ်စနစ်က အသင့်တော်ဆုံးလဲ။ အမေရိကန်ပုံစံ ဖက်ဒရယ်စနစ်လား၊ သို့တည်းမဟုတ် အိန္ဒိယကဲ့သို့ ဖက်ဒရယ်တပိုင်း ဖက်ဒရယ်စနစ်လား။ ၂၀၀၈ ဖွဲ့စည်းပုံပါ ဖက်ဒရယ်မူသည် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးနှစ်ခုဖြစ်သော အမေရိကန်၏ ဖက်ဒရယ်စနစ်နှင့်သော် လည်းကောင်း၊ အိန္ဒိယ၏ဖက်ဒရယ် ပုံစံနှင့်သော်လည်းကောင်း ခြားနားသည်။ ဥပမာ-အမေရိကန်ပြည်ထောင်စု တွင် နိုင်ငံသားများက သမ္မတရွေးချယ်ရေးအဖွဲ့ (electorial college) ၏ အဖွဲ့ဝင်များအတွက် မဲပေးရွေးချယ်ပြီး သမ္မတရွေးချယ်ရေးအဖွဲ့က သမ္မတ ကို ရွေးကောက်တင်မြှောက်သည်။ နိုင်ငံတော်သမ္မတကကာကွယ်ရေးဦးစီး ချုပ် ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင်လည်း ပြည်သူများကသမ္မတကို သွယ်ဝိုက်သောနည်းဖြင့် ရွေးချယ်တင်မြှောက်ပြီး နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ ဦးသျှောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။ သို့ရာတွင် နေ့စဉ်နှင့်အမျှ အုပ်ချုပ်ရေး တာဝန်များကိုမူ နိုင်ငံတော်ဝန်ကြီးချုပ်ကတာဝန်ယူသည်။ မြန်မာနိုင်ငံတွင်မူ သမ္မတရွေးချယ်ရာတွင် အများပြည်သူက လွှတ်တော်အမတ်များမှတဆင့် ရွေးချယ်တင်မြှောက်ရသည်။ သို့ရာတွင် နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်မဟုတ်။ ၀န်ကြီးချုပ်ဟူ၍လည်း မရှိသဖြင့် နေ့စဉ် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို သမ္မတကကြီးကြပ်ညွှန်ကြားသည်။
တိုင်းရင်းသားလူမျိုးစုများ အားလုံးတန်းတူအခွင့်အရေးရရှိရေးသည် ဖက်ဒရယ်စနစ်အတွက် အခြေခံအကျဆုံး အချက်အဖြစ် တိုင်းရင်းသား လူနည်းစုများက ရှုမြင်သည်။ အခြားတိုင်းရင်းသားများနည်းတူ မြန်မာကို လည်း တိုင်းရင်းသားလူမျိုးစုတခုအဖြစ် မှတ်ယူသင့်သည်ဟု ၎င်းတို့က ဆိုသည်။ သို့ရာတွင် မြန်မာလူမျိုးအတွက် သီးသန့် တိုင်း၊ ဒေသ၊ ဇုန်ဟူ၍ မရှိပေ။ ပြည်နယ်ခုနစ်ခုကို တိုင်းရင်းသားများ၏နယ်မြေများအဖြစ် သတ်မှတ် ထားပြီး ကျန်တိုင်းဒေသခုနစ်ခုတွင် တိုင်းရင်းသား မျိုးနွယ်စုများ လည်းရှိလင့်ကစား မြန်မာပိုင်နယ်နိမိတ်များဟု ယူဆသည်။
လူများစုဖြစ်ခြင်း၊ အစိုးရအဖွဲ့တွင်းနှင့် စစ်တပ်တွင် နေရာများကိုအုပ်စီးထား နိုင်မှုများကြောင့် တိုင်းရင်းသားများအဆိုပြုသော တန်းတူရည်တူ အခွင့် အရေးကို မြန်မာများကလက်ခံရန် လွယ်ကူမည် မဟုတ်ချေ။ ထို့ပြင် ဖက်ဒရယ်စနစ် ပီပီပြင်ပြင်ရုပ်လုံးပေါ်ရေးတွင် မြန်မာ့နိုင်ငံရေး၌ တပ်မတော်၏ လွှမ်းမိုးမှုက အဓိကအဟန့်အတားတခုဖြစ်သည်။
တပ်မတော်သည် လွှတ်တော်တွင် ၂၅ % ရာခိုင်နှုန်းရယူထားသည့်အပြင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ် ရေးရာဟူသော ၀န်ကြီးဌာန သုံးခု၏၀န်ကြီးများ ခန့်အပ်ပိုင်ခွင့်ကို ရယူထားသည်။ ထိုမျှမက တိုင်းပြည်ကို အရေး အပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းနိုင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကိုလည်း တပ်မှပုဂ္ဂိုလ်များက ဦးဆောင်နေသည်။
တင်းကျပ်ပြည့်သော ဖက်ဒရယ်စနစ်တိုင်းတွင် သက်ဆိုင်ရာပြည်နယ်တွင် ဥပဒေပြုခြင်း၊ မြို့တော်ဝန်နှင့် ပြည်နယ် ၀န်ကြီးချုပ် ရွေးချယ်ခန့်အပ်ခြင်း များကို ပြည်နယ်အစိုးရများက လုပ်ဆောင်သည်။ ယင်းသည် ဖက်ဒရယ် စနစ်၏အနှစ်သာရဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံက ကျင့်သုံးသောစနစ်အရ ပြည်နယ်များက ယင်းအခြေခံအခွင့်အရေးဆုံးရှုံးလျက်ရှိသည်။
NLD အစိုးရဖြစ်လာသည်နှင့်အမျှ ဒီမိုကရေစီနည်းမကျသော၊ဖက်ဒရယ်စနစ် နှင့်ဆန့်ကျင်သော ပြဋ္ဌာန်း ချက်များ အပါအ၀င် လက်ရှိစနစ်ကို ပြောင်းလဲ နိုင်မည့်နည်းလမ်းများကို ရှာဖွေသင့်သည်။ ထို့အတွက် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် လွှတ်တော်ပြင်ပတွင် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြစ်နိုင်သောနည်းလမ်း တခုဖြစ်သည်။ ခက်ခဲသည်ဆိုသော်လည်း ဖြစ်နိုင် သောအခြားနည်းလမ်းတခုမှာ နိုင်ငံရေးတွင်ပါဝင်နေသော တပ်မတော်၏ အခန်းကဏ္ဍကို ဥပဒေဘောင်အတွင်းမှ လျှော့ချခြင်းဖြစ်သည်။
အခက်အခဲများ စိန်ခေါ်မှုများရှိလင့်ကစား မြန်မာနိုင်ငံတွင်ပေါ်ထွန်းသင့် သောဖက်ဒရယ်စနစ်သည် တိုင်းရင်း သားလူမျိုးစုတိုင်းအတွက် တူညီသော အခွင့်အရေးများကို အာမခံသော၊ ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ ပြည်နယ် အစိုးရများ အုပ်ချုပ်ရေးအာဏာ ပိုမိုပိုင်ဆိုင်နိုင်သောဖက်ဒရယ် စနစ်ဖြစ် သင့်သည်။ တက်လာသည့် အရပ်သား အစိုးရတိုင်းသည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်းခံရသော အစိုးရဖြစ်ရေးသည် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ တာဝန်ဖြစ်သည်။
Ref : Bangkok Post
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment