Tuesday, February 09, 2016

မြောက်ကိုရီးယား ဒုံးပျံပစ်ခတ်မှု နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်စွာ တုံ့ပြန်


မြောက်ကိုရီးယား၏ တိုက်ကြီးများကို ဖြတ်ကျော်ပစ်ခတ်နိုင်သော ဒုံးကျည်စမ်းသပ်သည်ဟု ယူဆခြင်းခံရသည့် ဒုံးပျံစမ်းသပ်မှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်စွာ တုံ့ပြန်ဝေဖန်ခဲ့ကြကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗြောင်ကျကျ ချိုးဖောက်ခဲ့သည့် လုပ်ရပ်ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကြေညာချက်တစ်ရပ် ထုတ်ပြန်ဝေဖန်ခဲ့သည်။

တိုက်ကြီးများကို ဖြတ်ကျော်ပစ်ခတ်နိုင်သော နည်းပညာကို အသုံးပြုခြင်းဟာ ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေပြီး ရန်လိုသော အပြုအမူလည်းဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဆူဆန်ရိုက်စ်ကလည်း ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားရဲ့ ဒုံးပျံ စမ်းသပ်ပစ်ခတ်ခြင်းဟာ ကျွန်မတို့ရဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအပြင် ကျွန်မတို့ အကျိုးစီးပွားကို ခြိမ်းခြောက်တာ ဖြစ်ပါတယ်” ဟု ဆူဆန်ရိုက်စ်က ဆိုသည်။

မြောက်ကိုရီးယား၏ ပစ်ခတ်မှုသည် လုံခြုံရေးကောင်စီ၏ မူငါးချက်ကို ချိုးဖောက်ခြင်း ဖြစ်ကာ ပြုံယမ်းအစိုးရ အနေနှင့် နိုင်ငံတကာ ဥပဒေများကို လိုက်နာသင့်သည်ဟု NATO အဖွဲ့၏ အကြီးအကဲ ဂျန်စ်စတိုတန်ဘာ့ဂ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ လုပ်ရပ်သည် ခွင့်မလွှတ်နိုင်လောက်သော ရန်လိုမှု ဖြစ်သည်ဟုလည်း တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟီးက ပြောကြားသည်။

ဂျပန်ပြည်သူများ၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ်နိုင်ရန်အတွက် တန်ပြန်လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုင်းပြည်ကို ကတိပြုလိုက်သည်။

မြောက်ကိုရီးယားအစိုးရ အနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ချိတ်ဆက် ညှိနှိုင်းလုပ်ဆောင်မှုများ ပြုလုပ်သင့်ကြောင့် ဥရောပသမဂ္ဂက တိုက်တွန်း ပြောကြားလိုက်သေးသည်။

“လတ်တလော လုပ်ရပ်တွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေမှု ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေကို ပိုပြီးဖြစ်စေပါတယ်” ဟု EU နိုင်ငံခြားရေးရာ တာဝန်ခံ ဖက်ဒရီကာ မော့ဟီရီနီက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားကို အမြဲတမ်း ထောက်ခံပေးခဲ့သော ရုရှားသည်ပင်လျှင် နိုင်ငံတကာ ဥပဒေများကို မြောက်ကိုရီးယား လိုက်နာပါဟု တိုက်တွန်းထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List