Tuesday, July 23, 2013

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရန် ဝန်ထမ်း တစ်သိန်းကျော် နေ့စား ခန့်မည်

Tuesday, 23 July 2013
လာမည့်နှစ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဝန်ထမ်း အင်အား တစ်သိန်း နှစ်သောင်း လိုအပ်နိုင်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ခန့်မှန်း ထားပြီး ယင်းဝန်ထမ်း နေရာများတွင် ပညာရေး ဝန်ထမ်းများကို နေ့စားအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်း၏ အမျိုးသားအဆင့် အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
ဒေသအလိုက် စာရင်း ကောက်ခံမည့် ဝန်ထမ်း တစ်သိန်းနှင့် ကြီးကြပ် စစ်ဆေးမည့် စာရင်းစစ် နှစ်သောင်း ခန့်ထားမည်ဖြစ်ပြီး အခြား ဝန်ထမ်းများ ထက် ပညာရေး ဝန်ထမ်းများက တစ်နိုင်ငံလုံး အတိုင်းအ တာ ရောက် ရှိနိုင်သောကြောင့် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“စာရင်းကောက်တဲ့ ဆရာမလေးတွေကို တစ်နေ့ ကျပ်သုံးထောင်နဲ့ ကြီးကြပ်တဲ့ ဆရာမတွေကို ကျပ်လေးထောင် ဆိုပြီး သတ်မှတ်ထားတယ်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောဆိုသည်။ယင်းသန်းခေါင်စာရင်း ကောက်ယူမှု စီမံကိန်းတွင် လက်နက်ကိုင် ပဋိပက္ခ ဒေသများ အပါအဝင် မြန်မာနိုင် ငံနယ်နိမိတ်အတွင်း အားလုံးကို ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဒေသ တစ်ခုနှင့် တစ်ခု ကောက်ခံမှု နည်း ဗျူဟာများ ကွဲပြားသွားရန်ရှိကြောင်း အမျိုးသားအဆင့် အရာရှိ တစ်ဦးက ဖြည့်စွက် ပြောဆိုသည်။
လွန်ခဲ့သောနှစ်က ပဋိပက္ခ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများတွင် သန်းခေါင်စာရင်း ကောက်ယူမှုကို အထူး အစီအစဉ်ဖြင့် ဆောင်ရွက်သွားရန်ရှိပြီး ယင်းစခန်းများကို စီမံခန့်ခွဲနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီနှင့် ကောက်ခံ မည် ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူမှု အတွက် နည်းပညာပိုင်း ကူညီ ပံ့ပိုးနေသော ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ထံမှ သိရသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် စမ်းသပ် သန်းခေါင် စာရင်းကို ပညာရေး ဝန်ထမ်းများ၏ လုပ်အားဖြင့် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ် တစ်ခုစီတွင် ကောက်ယူခဲ့ပြီး အားနည်းချက်၊ လိုအပ်ချက်များ ကို ပြင်ဆင် ဖြည့်စွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၈ ဒသမ ၅ သန်း ကုန်ကျမည်ဟု ခန့်မှန်း ထားပြီး အစိုးရက ဒေါ်လာ ၁၅ သန်း၊ ကုလသမဂ္ဂ အကူအညီ ဒေါ်လာ ငါးသန်းနှင့် ကျန် လိုအပ်သည်ကို အလှူရှင် နိုင်ငံများထံမှ ရယူ သုံးစွဲမည် ဖြစ်ကြောင်း ဦးခင်ရီက ပြောကြားသည်။
လက်ရှိ အချိန်တွင် ဒေါ်လာ ၁၄ သန်းခန့် လက်ခံ ရရှိထားသည်ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ စာရင်းများအရ သိရသော်လည်း အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူရေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ ရှိရာ ဒေသ အချို့နှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများ နေထိုင်ရာ ဒေသများတွင် အခက်အခဲများ ကြုံတွေ့နေရသေးကြောင်း ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တည်ရှိရာ ဒေသများတွင် သန်းခေါင် စာရင်း ကောက်ယူနိုင်ရန် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးစဉ် တစ်ပါတည်း ညှိနှိုင်းနေပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ လူဦးရေ စာရင်း ကောက် ယူနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းအကူအညီဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီး ဌာန၏ ထုတ်ပြန် ပြောကြားချက်အရ သိရသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ် သည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ည ၁၂ နာရီ အချိန်တွင် မြန်မာနိုင်ငံ ဧရိယာအတွင်း နေထိုင်သူ တိုင်းရင်းသား လက်နက်ကိုင်များ၊ ဘင်္ဂါလီ လူမျိုးများအပါအဝင် လူဦးရေ အားလုံးနှင့် ပြည်ပ နိုင်ငံများတွင် ရောက်ရှိနေ သည့် မြန်မာနိုင်ငံ သားများပါဝင်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

No comments:

Post a Comment

My Blog List