Tuesday, July 23, 2013

သီလဝါ ပထမအဆင့်စီမံကိန်း လျော်ကြေးတွက်ချက်မှု ဇူလိုင် ၃၀ ပြီးမည်

Tuesday, 23 July 2013
မြန်မာ-ဂျပန် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့်စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံများ ကို ပြန်လည် နေရာချထားရေးနှင့် နစ်နာမှု ထောက်ပံ့ကြေးပေးရန် တွက်ချက်မှု ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြီးစီးမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။ လျော်ကြေးတွက်ချက်ရာတွင် မသန်စွမ်းနှင့် သက်ကြီးရွယ်အိုတို့ အတွက် လျော်ကြေးထည့် တွက်ထားသောကြောင့် လျော်ကြေး ရရှိမည့်ပမာဏမှာ တစ်ဦးနှင့်တစ်ဦး မတူ ညီကြောင်း ၎င်းက ရှင်းပြသည်။ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် မည်သူမျှထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်က ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း က ပြောဆိုသည်။ယင်းပထမအဆင့် စီမံကိန်းနယ်မြေတွင် အိမ်နှင့် လယ်ရှိသူ၊ အိမ်မရှိသော်လည်း လယ်မြေလုပ်ငန်း လုပ်ကိုင်သူတို့ရှိပြီး အိမ်ရှိသူများအတွက်မြေနေရာ ပြန်လည်ချထားပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ညှိနှိုင်းဆဲ ဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။
သီလဝါဒေသခံများက နှစ်ပေါင်း ၂၀ ကျော် သီလဝါတွင် အခြေချ နေထိုင် ကာ လယ်မြေလုပ်ငန်း လုပ်ကိုင် လျက်ရှိပြီး ပြောင်းရွှေ့ရမည်ဆိုပါက သီလဝါနှင့် နီးစပ်ရာ နေရာတွင် ပြန်လည် အခြေချလိုကြောင်း တောင်း
ဆိုကြသည်။အစိုးရစီမံကိန်းကို ကန့်ကွက်မည့် အကြောင်းမရှိသော်လည်း လက်ရှိဘဝ အခြေအနေထက် မလျော့သော ထောက်ပံ့ ကူညီမှုမျိုးရလိုပြီး ယင်းစီမံကိန်း တွင် ဝင်ရောက် လုပ်ကိုင်နိုင်သော အခွင့်အလမ်းကိုလည်းရလိုကြောင်း ဒေသ ခံများက တောင်းဆိုကြသည်။
လျော်ကြေးတွက်ချက်သည့် ပုံစံတွင် ပြောင်းရွှေ့စရိတ်၊ သယ်ယူစရိတ်၊ မြေနေရာ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းထောက်ပံ့ကြေး၊ လယ်ဧက အနည်းအများပေါ် မူတည်ကာ လျော်ကြေးပေးမှု စသည်တို့ ပါဝင်မည် ဖြစ်သည်။
ယင်းပထမအဆင့် စီမံကိန်းသည် ဟက်တာ ၄၀၀ ကျယ်ဝန်းသော နေရာတွင် ရှိပြီး အိမ်ခြေ ၆၉ လုံးနှင့် လယ်မြေဧက ၂၀၀ ခန့် ပါရှိကြောင်း ယင်းတို့ အနက် ၇၀ ရာခိုင်နှုန်းကျော်သည် လွန်ခဲ့သည့် ၁၅ နှစ် က လျော်ကြေးငွေ ရရှိပြီးသူများ ဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။
ပထမအဆင့် စီမံကိန်းနယ်မြေ အတွင်းရှိ ပြောင်းရွှေ့ပေးရမည့် ဒေသခံများ အတွက် လျော်ကြေးပေး ရာတွင် နှစ် ၂၀ နီးပါး အခြေချ လုပ်ကိုင်နေသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖယ်ရှားရန် ညွှန်ကြားသောကြောင့် ထွက်သွားကြသူများကိုသာ လျော်ကြေးပေးမည် ဖြစ်ကြောင်း ၎င်းက ဆက် လက် ပြောကြားသည်။
ယင်းပထမအဆင့် စီမံကိန်းကို စက်တင်ဘာလတွင် စတင်အကောင် အထည် ဖော်မည်ဖြစ်ကာ ယင်းစီမံ ကိန်း ဖော်ဆောင် ရန် မြန်မာသီလဝါ အများပိုင် ကုမ္ပဏီကို ကနဦးအများပိုင် ကုမ္ပဏီကိုးခုနှင့် ဖွဲ့စည်းထားကြောင်း ယင်းအများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကို စက်တင်ဘာလတွင် ရောင်း ချမည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြား ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List