Tuesday, July 23, 2013

ဖျောက်ဖျက်၍ မပျောက်ကောင်းသည့် အာဇာနည်တို့ တိမ်းပါးရာ

Tuesday, July 23, 2013

Photo: ဖျောက်ဖျက်၍ မပျောက်ကောင်းသည့် အာဇာနည်တို့ တိမ်းပါးရာ
Tuesday, July 23, 2013

တစ်ချိန်က မြန်မာနိုင်ငံ တစ်ဝန်းလုံး၏ ကံကြမ္မာကို ပုံဖော်ခဲ့သည်အထိ သမိုင်း အစဉ်အလာ ကြီးမားခဲ့သော နေရာမှာ ယခုအချိန်တွင် ချုံနွယ် ပိတ်ပေါင်းများအကြား တိတ်ဆိတ်နေပေပြီ။

သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ပြန်လည် ပြင်ဆင်ရန်အတွက် ဝါးလုံးများဖြင့် ငြမ်းဆင် ကာရံထားသော ကြီးကျယ် ခမ်းနားလှသည့် ကိုလိုနီခေတ် လက်ရာ ယင်းအဆောက်အအုံကြီးကို အထင်အရှား တွေ့မြင်နေရသည်။
သိမ်ဖြူလမ်းဘက်မှ ကြည့်လျှင် မြင်ရသည့် မြင်ကွင်းမှာ မျက်စိ ပသာဒ ဖြစ်လောက်အောင် ဆွဲဆောင် အား ကောင်းလှသည့် အဆောက်အအုံ၏ ရှေ့မျက်နှာစာကို တွေ့မြင်ရမည် ဖြစ်သည်။

အဆောက်အအုံ၏ ဝင်ပေါက်ဂိတ်နှင့် အဆောက်အအုံ ဆင်ဝင်အထိ လမ်းတစ်လျှောက်၏ ဘေးတစ်ဖက် တစ်ချက်တွင် သစ်ပင်များ အုံ့ဆိုင်းကာ စိမ်းစိုနေသည်။

အပေါက်ဝတွင် ရှိသော လုံခြုံရေး အချို့မှာ အပြင်လူများ ဝင်ရောက်နိုင်ခြင်း မရှိစေရန် ဟန့်တားသည့် တာဝန်ကို ယူရသည့်အလား မည်သူ့ကိုမှ ဝင်ရောက်ခွင့် မပြုကြပေ။
သို့သော် အဆောက်အအုံ၏ ဘေးဘက်ဖြစ်သော အနော်ရထာလမ်းဘက်မှ ကြည့်လျှင် ယိုယွင်း ပျက်စီးနေသည့် အဆောက်အအုံများကို တွေ့မြင်နေရသည်။

ယင်းအဆောက်အအုံများမှာ ယခင်က ဝန်ကြီးများ ရုံးတွင် တာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းများ အတွက် ဆောက်ထားသည့် အိမ်တန်းလျားများ ဖြစ်သည်။

ဝန်ကြီးများရုံး အဆောက်အအုံကြီးမှာမူ ပျက်စီးသည့် အဆင့်သို့ မရောက်သေးသော်လည်း အချိန်မီ ထိန်းသိမ်းနိုင်ခြင်း မရှိပါက များမကြာမီတွင် ကွယ်ပျောက်သွားမည့် အနေအထား ဖြစ်သည်။

“ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အခန်းကို ပိတ်ထားတယ်။ နေရာတောင် မရွေ့ဘူး။ ဖုန်တွေ အများကြီး တက်နေတယ်။ ခုံပေါ်မှာ စာအုပ်က မှောက်လျက်သားနဲ့” ဟု ၁၉၈၆ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တို့က ဝန်ကြီးများ ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ အထွေထွေ အုပ်ချုပ်ရေးဌာန အငြိမ်းစား အရာရှိ တစ်ဦးက ဆိုသည်။

သမိုင်းဝင်နေရာ

လွန်ခဲ့သည့် ၆၆ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့။
ယင်းနေ့မှာ မြန်မာနိုင်ငံ၏ အလားအလာကောင်း များစွာကို ပျက်စီးစေမည့် နေ့တစ်နေ့ ဖြစ်လာမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့။
များမကြာမီတွင် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိတော့မည်။

သဘာဝ အရင်းအမြစ် ကြွယ်ဝလှပြီး ပထဝီ အနေအထားအရ အချက်အခြာ ကျလှသော မြန်မာနိုင်ငံ မှာ လွတ်လပ်ရေး အရယူပေးနိုင်သည့် ခေါင်းဆောင်ကြီးများ၏ ခေါင်းဆောင်မှု အောက်တွင် အလားအလာ ကောင်းများစွာနှင့် တောက်ပနေသည်။
သို့သော် ယင်းအလားအလာ ကောင်းများစွာ ပျက်ဆီးတော့မည့် အချိန်ကား ကျရောက်လာခဲ့သည်။

အချိန်ကား ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀နာရီ ၃၇ မိနစ်တွင် ဖြစ်သည်။
အစည်းအဝေးတွင် ဗိုလ်ချုပ်က ထိပ်စားပွဲ အလယ်တည့်တည့်တွင် ထိုင်နေပြီး လက်ယာဘက် စားပွဲ တွင် သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ အစဉ်အတိုင်း ထိုင်နေကြကာ၊ လက်ဝဲဘက် စားပွဲတွင် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြနှင့် မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်းတို့ ထိုင်နေကြကြောင်း၊ ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်က အစည်းအဝေးတွင် ဗိုလ်ချုပ် လိုအပ်သည့် စာရွက်စာတမ်းများ၊ ဖိုင်တွဲများ ရှာပေးနိုင်ရန် နောက်ထပ် စားပွဲ ဗိုလ်ချုပ်၏ လက်ဝဲဘက်တွင် ထိုင်နေကြောင်း အာဇာနည်နေ့ဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အစည်းအဝေး စတင်ပြီး ၁၅ မိနစ်ခန့် အကြာ ၁၀ နာရီ ၃၇ မိနစ်တွင် တော်မီဂန်း ကိုင်ထားသည့် လုပ်ကြံသူ တစ်စုက ဝင်ရောက် ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ကိုးဦး ကျဆုံးခဲ့ရသည်။

အဆိုပါ သမိုင်းဝင်ဖြစ်ရပ် ဖြစ်ပွားခဲ့သည့်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း သမိုင်းဝင်နေရာဖြစ်သည့် ဝန်ကြီးများရုံး အဆောက်အအုံကိုမူ မထင်မရှားအဖြစ်သာ ထားရှိခဲ့ကြသည်။

ပျောက်ကွယ်သွားသည့် ဂျူဗလီဟော

ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်းပေါ်တွင် တပ်မတော် စစ်သမိုင်း ပြတိုက်ဟု အမည် တပ်ထားသည့် အဆောက်အအုံတစ်ခု အထင်ကရ တည်ရှိနေသည်။
ယင်းအဆောက်အအုံမှာ ၁၉၉၇ ခုနှစ် ဝန်းကျင်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် အသုံးမပြုတော့သည့် အဆောက်အအုံ တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
အဆိုပါ အဆောက်အအုံ တည်ရှိရာ နေရာမှာ တစ်ချိန်က ရန်ကုန်မြို့တော်၏ အထူး ထင်ရှားလှသော ဂျူဗလီဟော အမည်ရှိ သမိုင်းဝင် အဆောက်အအုံ တစ်ခု တည်ရှိခဲ့သည်။

လုပ်ကြံခံရမှုကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ယူကြုံးမရ ဖြစ်ကြရှာသော နိုင်ငံသားများ ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်ကို ဂါရဝပြုနိုင်ရန် ကိုးလကြာ ထားရှိသည့် သမိုင်းဝင် အဆောက်အအုံ အဖြစ်လည်း ဂျူဗလီဟောကို လူသိများသည်။

ယင်းအပြင် ၁၉၄၇ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ကျင်းပသော ဖ.ဆ.ပ.လ ပြင်ဆင်မှု ညီလာခံကြီး ကိုလည်း ဂျူဗလီဟောတွင်ပင် ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် မိန့်ခွန်း ပြောကြားရာ နေရာလည်း ဖြစ်သည်။

အင်္ဂလိပ်ခေတ်ကလည်း ကောလိပ် ကျောင်းသားများကို တက္ကသိုလ် အဓိပတိ ဘုရင်ခံ ဆာဟာကုတ် ဘတ်တလာက ဘွဲ့များ ချီးမြှင့် ရာ ဘွဲ့နှင်း သဘင်ခန်းမလည်း ဖြစ်ခဲ့သည်။
သို့သော် ယင်းသို့သော သမိုင်းဝင် အဆောက်အအုံမှာ နင်းချေ ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်ရာ ပါးစပ် ရာဇဝင် အဖြစ်သာ ကျန်ရှိတော့သည်။

“အာဇာနည်တွေနဲ့ ပတ်သက်ပြီး အရင်က မှေးမှိန်အောင် လုပ်ထားခဲ့တာ ခုတော့ တဖြည်းဖြည်းနဲ့ ပြန်ပြီး အသိအမှတ်ပြု အလေးထား လာပြီလို့ ခံစားရပါတယ်။ အထိမ်းအမှတ် အဆောက်အအုံတွေနဲ့ ပတ်သက်လို့လည်း နောင်လာ နောက်သားတွေအတွက် သေသေချာချာ စီမံခန့်ခွဲပြီး အထင်ကရ ဖန်တီးသင့်ပါတယ်။ တိုင်းရင်းသား တစ်ဦးအနေနဲ့ ပြောရရင်လည်း ဒါတွေက လုပ်ကို လုပ်ရမှာတွေပါ” ဟု သီပေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

ဂျူဗလီဟော သင်ခန်းစာ

ရန်ကုန်မြို့တော်၏ တန်ဖိုးကြီးလှသော ကိုလိုနီခေတ် လက်ရာ အဆောက်အအုံများတွင် အခမ်းနား ဆုံးနှင့် ကိုလိုနီခေတ် အုပ်ချုပ်ရေး ယန္တရားကြီး အခြေစိုက်ရာ အဆောက်အအုံကြီးလည်း ဖြစ်၊ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရရာ နေရာလည်းဖြစ်သော ဝန်ကြီးများရုံးကို ပြင်ဆင်ရန် ငြမ်းဆင်နေကြပြီ။
မည်သူက လုပ်ကိုင်ခွင့်ရ၍ မည်သို့ ပြင်ဆင်မည်ကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိ။

သည်အဆောက်အအုံကြီးမှာ အစိုးရ တစ်ရပ်၊ လူ တစ်စု၊ လူ တစ်ဖွဲ့ပိုင် မဟုတ် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သော၊ မျိုးဆက်သစ် မြန်မာနိုင်ငံသားတို့ ပိုင်ဆိုင်သော သမိုင်း အမွေအနှစ် အဆောက်အအုံ ဖြစ်ကြောင်း၊ ယင်း အဆောက်အအုံနှင့် ပတ်သက်သည့် လုပ်ဆောင်မည့် အစီအစဉ်များကို နိုင်ငံသားများ သိသင့်ကြောင်း၊ နိုင်ငံသားများကို ချမပြဘဲ အစိုးရ သဘော တစ်ရပ်တည်းနှင့် လုပ်ချင်ရာ လုပ်ခွင့်မရှိကြောင်း နိုင်ငံရေးသမားများနှင့် လူမှု အသင်းအဖွဲ့များတွင် လှုပ်ရှား လုပ်ဆောင်နေသူများက ယုံကြည်ကြသည်။

“ဂျူဗလီဟောကတော့ သွားပြီပေါ့ဗျာ။ အဲဒီတော့ ကျန်တာ ဝန်ကြီးများ ရုံးပေါ့။ အဲ့ဒါကို ရှေးလက်ရာ မပျက် ထိန်းသိမ်းပြီးတော့ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ အခန်းကိုလည်း မူလ ပုံစံအတိုင်းပဲ ပြန်ထား ပြီးတော့ ပြတိုက် လုပ်စေချင်တယ်။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် ဗိုလ်ချုပ်ကို အမြဲ အမှတ်ရနေနိုင်သလို စီးပွားရေးအတွက်လည်း အကျိုးအမြတ်ရှိမယ်” ဟု ရန်ကုန်မြို့လယ်ရှိ သမိုင်းဝင် အဆောက်အအုံများ မပျောက်ပျက်စေရန် တက်ကြွစွာ လုပ်ဆောင်နေသူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။

ယင်းသို့ပင် ရန်ကုန် ပညာရေး တက္ကသိုလ်မှ ရခိုင် တိုင်းရင်းသူ နည်းပြ ဆရာမ တစ်ဦးက အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ပတ်သက်ပြီး ကျန်နေသည့် အထိမ်းအမှတ် သမိုင်းဝင် နေရာများကို လွယ်လွယ်ကူကူ ဝင်ရောက် လေ့လာနိုင်စေရန် ဆောင်ရွက်ပေးသင့်ကြောင်း ဆိုသည်။
“ဝန်ကြီးများ ရုံးကို တော်တော်များများ မရောက်ဖူးကြဘူး။ ဝင်ခွင့်လည်း မရကြဘူး။ သမိုင်းဝင် နေရာနဲ့ သမိုင်း မှတ်တမ်းတွေကို အလွယ်တကူ လေ့လာနိုင်အောင် အစိုးရက ဆောင်ရွက်ပေးသင့်တယ်” ဟု ၎င်းက ပြောဆိုသည်။

သို့သော် သမိုင်းဝင် ဝန်ကြီးများရုံး အဆောက်အအုံကြီးကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဝင် ဝန်ကြီးဟောင်း၏ သမီးဖြစ်သူ တစ်ဦးက လုပ်ကိုင်ခွင့် ရသွားပြီဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး၊ ပြင်ဆင်ရန်ပင် ငြမ်းများ ဆောက်ထားပြီ ဖြစ်သည်။

“ဝန်ကြီးများ ရုံးလို အဆောက်အအုံ ကြီးကြီးမားမားတွေကို ရေရှည် ထိန်းသိမ်းဖို့အတွက်ဆိုရင် စီးပွားရေးဆိုင်ရာ နေရာတွေ ဖန်တီးပေးဖို့အတွက် ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင် ရေရှည် ထိန်းသိမ်းရေးအတွက် ဒေါ်လာ သန်းရာချီပြီး ကုန်ကျမယ့်အပြင် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူလည်း တော်တော် ခက်ခဲသွားပါလိမ့်မယ်။ ဟိုတယ်တစ်ခုအဖြစ် အသွင် ပြောင်းဖို့ရာ လည်း ပြည်သူတွေက လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စီးပွားရေးအတွက် ဝင်ငွေ ရှာနိုင်ဖို့ နေရာတွေ တော့ ရှိသင့်တယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အမျိုးသား ခေါင်းဆောင် အားလုံးကို အမှတ်ရနေဖို့အတွက် ပြတိုက် ဒါမှမဟုတ် စာကြည့်တိုက် အဖြစ်နဲ့လည်း ပါဝင် ထည့်သွင်းသင့်တယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းမှ ဒေါက်တာ သန့်သော်ကောင်းက ပြောကြားသည်။

ဝန်ကြီးများ ရုံးနှင့် ပတ်သက်၍ ရှေးမူ လက်ရာ မပျက်စေဘဲ ရှေးဟောင်း ပြတိုက် အသွင်ဆောင်နိုင်ရန် အတွက် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များကို BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကြေညာထားသည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ကိုလိုနီခေတ် အဆောက်အအုံ တစ်ခု ဖြစ်သည့် စုပေါင်း တိုင်း တရားရုံးကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လွှဲပြောင်းပေးမှုအပေါ် ရှေ့နေများ ကွန်ရက် ဦးဆောင်သည့် ရှေ့နေ ၁၅၀ ကျော်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကန့်ကွက် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စုပေါင်း တိုင်းတရားရုံးနှင့် တရားလွှတ်တော် အဆောက်အအုံကို ပြုပြင် ထိန်းသိမ်းသည့် စရိတ်မှာ များစွာ ကုန်ကျမည်ဖြစ်ပြီး အစိုးရအနေနှင့် အကုန်အကျ ခံနိုင်သည့် အင်အား မရှိကြောင်း၊ အကယ်၍ ကန့်ကွက်သူများက အဆိုပါ စရိတ်စကများကို တာဝန်ယူပါက ပုဂ္ဂလိကသို့ လွှဲပြောင်းပေးထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးမည်ဟု ထိုစဉ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားထားသည်။

“အာဇာနည် အထိမ်းအမှတ် အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ သီးသန့် မူဝါဒ ချမှတ်ထားတာ မရှိပါဘူး။ ပြောရရင် အစိုးရကိုပဲ ပုံချတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒီလို အရေးကြီး အဆောက်အအုံမျိုး ဆိုတာတွေဟာ ဘယ်အစိုးရပဲ တက်တက် သက်ဆိုင်ရာ အစိုးရမှာသာ အဓိက တာဝန် ရှိပါတယ်။ ဒါကို အန်တီ (ဒေါ်အောင်ဆန်းစုကြည်) လည်း ခဏခဏ ပြောပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ရှင်းပြသည်။

ဖျောက်ဖျက်၍ မပျောက်ကောင်း

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သမိုင်းဝင် နေရာများကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိဘဲ ဝင်ငွေများများ ရသဖြင့် မီးခိုး မထွက်သည့် လုပ်ငန်းများဟု တင်စား ခေါ်ဝေါ်နေသည့် ကမ္ဘာလှည့် ခရီးသည်များ ဆွဲဆောင်ရန်အတွက် အသုံးပြုနေကြသည်။

မြန်မာနိုင်ငံတွင်မူ သမိုင်းဝင် နေရာများမှာ အမြတ်တနိုး တန်ဖိုးထား ထိန်းသိမ်းရမည့်အစား နင်းချေ ဖျက်ဆီးခံနေရသည်။

“ပြောရမယ်ဆိုရင် ဝန်ကြီးများ ရုံးဟာ လုံးဝ ပြတိုက်ကြီး တစ်ခုအနေနဲ့သာ ဖြစ်သင့်တယ်။ လန်ဒန်မှာ ဗိုလ်ချုပ်တည်းခဲ့တဲ့ အခန်းကို ထိန်းသိမ်းထားတဲ့ အနေအထား မျိုးလောက်နဲ့တော့ မရဘူး။ နောက် လာမယ့် မျိုးဆက်သစ် လူငယ်တွေ သမိုင်းရဲ့ တန်ဖိုးကို အမှန်အတိုင်း သိခွင့်၊ တန်ဖိုးထားခွင့်ရှိအောင် စီမံရမှာ။ ဗိုလ်ချုပ်ရဲ့ သမိုင်းအမှန်ကို သိပြီး ဗိုလ်ချုပ်ကို နောက်လူတွေ ချစ်မြတ်နိုးတတ်လာအောင်၊ တစ်ဖက်မှာလည်း ဂဠုန် ဦးစော မုန်းတီးရေး ပုံစံမျိုး မဖြစ်အောင် သမိုင်း တန်ဖိုး သမိုင်း အမှန်တွေ ပါဝင်တဲ့ သမိုင်းရဲ့ ပြတိုက် တစ်ခု ဖြစ်သင့်ပါတယ်” ဟု ဦးညွန့်တင် ဥပဒေ အကြံပေးအဖွဲ့ တည်ထောင်သူ ဦးမင်းတေဇက ဆိုသည်။

မြန်မာနိုင်ငံအတွက် လွန်စွာ အရေးပါသည့် အဆောက်အအုံ တစ်ခုဟု ဆိုရမည့် ဝန်ကြီးများ ရုံးကို ဖ.ဆ.ပ.လ လက်ထက်မှ စ၍ ၂၀၀၀ ပြည့်လွန်နှစ် ဝန်းကျင်အထိ အစိုးရ အုပ်ချုပ်ရေး ရုံးများအဖြစ် အသုံးပြုခဲ့သည်။ အစိုးရ ယန္တရား နေပြည်တော်သို့ ပြောင်းရွှေ့ အခြေစိုက်သည့် အချိန်မှ စကာ လုံခြုံရေးတပ်များ အခြေချ တပ်စွဲသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

ယခုအစိုးရသစ် လက်ထက်တွင် လုံခြုံရေးတပ်များ ပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိတွင် အသစ် ပြန်လည် ပြင်ဆင်ရန် ပုဂ္ဂလိက အဖွဲ့ တစ်ခုက လုပ်ဆောင်နေပြီ ဖြစ်သည်။

ရှေးဟောင်း အဆောက်အအုံများကို ပြင်ဆင်ရာတွင် ရှေးဟောင်း သုတေသီများ၏ အကြံပြုချက်များ အတိုင်း စနစ်တကျ ပြုပြင်ရန် လိုအပ်ကြောင်း၊ ယင်းသို့ မဟုတ်ပါက ရှေးဟောင်း အဆောက်အအုံ များမှာ သတ်မှတ် စံချိန်များ ပျက်သွား၍ တန်ဖိုးပျောက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသီ တစ်ဦးက ထောက်ပြသည်။

“ကိုလိုနီခေတ် အဆောက်အအုံလည်းဖြစ်၊ အမျိုးသား ခေါင်းဆောင်ကြီး ကျဆုံးခဲ့ရာလည်း ဖြစ်လို့ ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ် အနေနဲ့ ထိန်းသိမ်းပြီး လူငယ်တွေ လေ့လာနိုင်အောင်၊ ကမ္ဘာလှည့် ခရီးသွားတွေအတွက် မဖြစ်မနေ သွားရောက် လည်ပတ်ရမယ့် နေရာတစ်ခု ဖြစ်အောင် ဖန်တီးပြီး အထိမ်းအမှတ်နေ့တွေဆို အဲ့ဒီမှာ ကျင်းပတာမျိုး လုပ်သင့်ပါတယ်” ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဆက်သွယ် မေးမြန်းရာတွင်မူ ဝန်ကြီးများ ရုံးကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု သို့ စည်းမျဉ်း စည်းကမ်းများနှင့် အညီ တရားဝင် လွှဲအပ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် စာချုပ် ချုပ်ဆိုကာ အတွင်းပိုင်း ပြင်ဆင်မှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြန်လည် ဖြေကြား သည်။
သို့သော် အသေးစိတ် အစီအစဉ်ကိုမူ ထုတ်ပြန် ပြောကြားခြင်း မရှိပေ။

တစ်ချိန်က မြန်မာနိုင်ငံ တစ်ဝန်းလုံး၏ ကံကြမ္မာကို ပုံဖော်ခဲ့သည်အထိ သမိုင်း အစဉ်အလာ ကြီးမားခဲ့ သော နေရာမှ ယခုအချိန်တွင် ချုံနွယ် ပိတ်ပေါင်းများအကြား နှစ်ပေါင်းများစွာ တိတ်ဆိတ်နေပြီးနောက် ပြန်လည် နိုးထရန် ပြင်ဆင်နေသည်။
မည်သို့သော ပုံစံမျိုးဖြင့် ပြန်လည် နိုးထမည် ဆိုသည်မှာ လက်ရှိ အစိုးရ ဂုဏ်ကျက်သရေပင် ဖြစ်သည်။

“ဝန်ကြီးများ ရုံးလို နေရာကို ဘယ်လိုလုပ်တယ်၊ ဘာဖြစ်သွားတယ်ဆိုတာ ဒီအစိုးရကို မှတ်တမ်းတင်ဖို့ သမိုင်းက စောင့်နေပါတယ်” ဆိုသည့် နိုင်ငံရေး လေ့လာသူ တစ်ဦး၏ သုံးသပ်ချက်မှာ အစိုးရအတွက် သတိပြုရမည့် အချက်ဟု ဆိုသည်။

“ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အခန်းက အခုတော့ ဘုရားခန်း ဖြစ်နေပြီ” ဟု အငြိမ်းစား အရာရှိ တစ်ဦးက နှမြောတသစွာ ဆိုလိုက်သည်။

(ကျော်ဆန်းမင်း၊ နော်ကိုကို)
The Voice Weekly 

No comments:

Post a Comment

My Blog List