Tuesday, July 23, 2013

မွေးရာပါ နှလုံးအားနည်း ကလေးများအတွက် ကျန်းမာရေး ဝန်ဆောင်မှု တိုးမြှင့်မည်

Tuesday, July 23, 2013
မြန်မာနိုင်ငံတွင် မွေးရာပါ နှလုံးအားနည်း ကလေးများ၏ ကျန်းမာရေး ဝန်ဆောင်မှု စီမံချက်များကို ကျန်းမာရေး ဝန်ကြီးဌာနက ယခုနှစ်အတွင်း တိုးမြှင့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က The Voice သို့ ပြောကြား သည်။
ယင်းစီမံချက်တွင် မွေးရာပါ နှလုံးအားနည်း ကလေးများအတွက် သာမက ကိုယ်အင်္ဂါ ချို့ယွင်းမှုရှိ သော ကလေးများကိုပါ စောစီးစွာ စမ်းသပ် သိရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးရန် စီမံချက်များ လည်း ပါဝင်ကြောင်း၊ လက်ရှိ ရန်ကင်း ကလေးဆေးရုံကြီးတွင် တစ်နိုင်ငံလုံးရှိ နှလုံး အားနည်း ရောဂါရှင်များ အတွက် ပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
မြန်မာနိုင်ငံ တစ်ဝန်းတွင် မွေးရာပါ နှလုံးအားနည်းရောဂါ ဖြစ်ပွားသူ ကလေး ဦးရေနှင့် နှလုံးအထူးကု ဆရာဝန် အရေအတွက် အချိုးအစား မမျှတမှု ဖြစ်လျက်ရှိကာ နှလုံးခွဲစိတ် အထူးကု ဆရာဝန်မှာ ရှစ်ဦးသာ ရှိကြောင်း ယင်း နှလုံး ခွဲစိတ် ဆရာဝန် အသိုင်းအဝိုင်းထံမှ သိရသည်။
“မွေးရာပါ နှလုံးအားနည်းမှန်း မသိတဲ့ ကလေးတွေ နယ်ဘက်မှာ အများကြီး ရှိပါသေးတယ်။ နှလုံးခုန်သံမှာ အပိုအသံတွေ ကြားနေရပြီဆို ဒါက မွေးရာပါ နှလုံးအားနည်း ရောဂါပါပဲ” ဟု နှလုံး ခွဲစိတ် အထူးကု ဆရာဝန်ကြီး တစ်ဦးက ဖြည့်စွက် ရှင်းပြသည်။
တစ်နိုင်ငံလုံး၏ နှလုံးရောဂါ အထူးကု ဆရာဝန် လိုအပ်ချက်အတွက် အတွေ့အကြုံ မရှိသေးသော ဆရာဝန်များကို ပြည်တွင်းရှိ ဝါရင့် ဆရာဝန် ကြီးများနှင့် တွဲဖက် လုပ်ကိုင်စေပြီး ပြည်ပ သင်တန်းများကို လည်း စေလွှတ် လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးအတွက် စင်ကာပူနိုင်ငံ KK Women’s and Children’s Hospital က ရန်ကုန်နှင့် မန္တလေးမြို့ကြီး တို့ရှိ ကလေး ဆေးရုံတွင် ဆရာဝန်များနှင့် သူနာပြုများအတွက် တစ်နှစ်လျှင် နှစ်ကြိမ် သင်တန်းများ လာရောက် ပို့ချရန် ကျန်းမာရေး ဝန်ကြီးဌာန နှင့် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံက ထုတ်ပြန်ထားသည်။

No comments:

Post a Comment

My Blog List