Thursday, July 25, 2013

မြိတ်ကျွန်းစုအား ထိန်းသိမ်းနိုင်ရန် ကမ္ဘာ့ဘဏ်၊ အာရှဘဏ်များသို့ တင်ပြကာ ငွေကြေးအကူအညီ ရယူရန် အစီအစဉ်ရှိ

Thursday, July 25, 2013
မြိတ်ကျွန်းစုအားထိန်းသိမ်းနိုင်ရန် ကမ္ဘာ့ဘဏ်၊ အာရှဘဏ်များသို့ တင်ပြကာငွေကြေးအကူအညီရယူရန် အစီအစဉ်ရှိကြောင်း သစ်တောသယံဇာတပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဦးအုန်း ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုအား ထိန်းသိမ်းနိုင်ရန် အစိုးရနှင့်နိုင်ငံတကာ အကူအညီ များစွာလိုအပ်ကြောင်း၊ သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်းမှ မြိတ်ကျွန်းစုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ယင်းအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှ မြိတ်ကျွန်းစုသည် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိသည့် ကျွန်းစုတစ်ခု ဖြစ်သည့်အတွက် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊နိုင်ငံတကာမှ အသိအမှတ်ပြုရန်နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ယူနီယမ်သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။"ကျွန်းစုကြီးက ကျွန်းပေါင်း ၈၀၀ ကျော်ရှိတော့ ကျွန်းစုထိန်းသိမ်းဖို့အတွက် နိုင်ငံတကာ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ယူနီယမ်နဲ့ သေချာဆွေးနွေးရမယ်။ ကျွန်တော်တို့ဘက်က မြိတ်ကျွန်းစုအကြောင်း အချက်အလက် ပြည့်စုံရင် ယူနီယမ်နဲ့ ချိတ်ပြီးတော့ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်လို ဘဏ်ကြီးတွေဆီ တင်ပြ မယ်။ အဲဒီကနေ ဒေါ်လာဘီလျံချီပြီးရမှ ကျွန်းစုတစ်ခုလုံးကို ထိန်းသိမ်းနိုင်မှာပါ" ဟု သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။
ကမ္ဘာပေါ်တွင် မြိတ်ကျွန်းစုကဲ့သို့ ကျွန်းစုကြီးများသည် စီးပွားရေး လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများနှင့် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှု စသည့်စီမံကိန်း လုပ်ကိုင်မှုများကြောင့် ပျက်စီးလာပြီးနောက်ပိုင်း တွင် ပျောက်ကွယ်နိုင်သည့် အနေအထားနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။
မြိတ်ကျွန်းစုအား ထိန်းသိမ်းရန် ပြည်တွင်း၌ စီမံကိန်းများ လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများ မှ ငွေကြေးထောက်ပံ့မှုများဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။
မြိတ်ကျွန်းစုတွင် ကမ်းရိုးတန်း ဒီရေသစ်တော၊ ကုန်းတွင်းသစ်တော၊ သန္တာကျောက်တန်းများ၊ပင်လယ်မြက် များနှင့် ယင်းဒေသများတွင် နေထိုင်ကျက်စားလျက်ရှိသည့် သားငှက်တိရစ္ဆာန်များစွာ မပျက်စီးဘဲ ကျန် ရှိနေကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုတွင် ကျွန်းစုပေါင်း ၈၀၀ ကျော် တည်ရှိသည့်အနက် ကတန်ကျွန်း မှာ အကြီးဆုံးဖြစ်ပြီး ကုလားကျွန်း၊ မြိတ်ကျွန်း၊ သမီးလှကျွန်း၊ မလိကျွန်း၊ ကံမော်ကျွန်း၊ ပုလဲကျွန်း၊ လန်ပိ ကျွန်း၊ စခန်းသစ်ကျွန်း၊ ဒုံးကျွန်း၊ ဇာဒက်ကလေး၊ ဇာဒက်ကြီးကျွန်း၊ သံကျွန်းနှင့် သူဌေးကျွန်းတို့မှာ ထင်ရှားသော ကျွန်းများဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment

My Blog List