Monday, July 22, 2013

၂ နှစ်ခန့် အဝယ် ရပ်ခဲ့သည့် ကော်ဖီစေ့ တရုတ် ပြန်ဝယ်

Monday, July 22, 2013
ပြည်ပ အဝယ် ၂ နှစ်နီးပါးခန့် ရပ်နေသည့် မြန်မာ့ ကော်ဖီစေ့ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက ယခု ဇူလိုင်လအတွင်း အဝယ် ပြန်လိုက် လာကြောင်း ပြင်ဦးလွင်မြို့ အခြေစိုက် ကော်ဖီ စိုက်ပျိုးသည့် လုပ်ငန်းရှင်များ ထံမှ စုံစမ်း သိရှိရသည်။
လက်ရှိ ကော်ဖီစေ့ အဝယ် ပြန်လိုက်နေသော်လည်း အနိမ့်ဈေးဖြင့်သာ ဝယ်ယူနေကြောင်းနှင့် ကော်ဖီစေ့ တစ်တန်လျှင် ကျပ် ၁၉ သိန်း ဝန်းကျင် ခန့် ပေါက်ဈေး ရရှိကြောင်း မိုးထက် ကော်ဖီခြံ လုပ်ငန်းရှင် ဦးကျော်ဝင်းက ပြောကြားသည်။
“ဈေးကွက် ကောင်းခဲ့တဲ့နှစ်၊ ဈေးကွက် မပျက်တဲ့ နှစ်တွေဆိုရင် တရုတ်က တစ်တန်ကို ၂၃ သိန်း ပတ်ဝန်းကျင်လောက်တော့ ပေးတယ်” ဟု စီနိုဒါ ကော်ဖီခြံ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်အတွင်းရှိ ကော်ဖီ စိုက်ပျိုးသော ခြံကြီး ၁၅ ခြံနှင့် ခြံငယ်ပေါင်း ၁၀၀ ကျော်ရှိပြီး ပြင်ဦးလွင်ဒေသမှ ထွက်ရှိသော Clean Seed ကော်ဖီစေ့များကို ထိုင်း၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ် စသည့် ဈေးကွက်များသို့ အများဆုံး တင်ပို့ ရောင်းချသော် လည်း ပြီးခဲ့သည့် နှစ်စကပင် အနောက်နိုင်ငံများမှ ဝယ်လက်များ မရှိသဖြင့် ပြီးခဲ့သည့် နှစ်များလောက် ပေါက်ဈေးနှုန်း ကျဆင်းခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ကော်ဖီ ဈေးကွက်သည် သုံးနှစ်လျှင် တစ်ကြိမ်ခန့် ပျက်တတ်ပြီး ၂၀၁၄ ခုနှစ် ရောက်လျှင် ကော်ဖီဈေး ပြန်ကောင်းလာနိုင်ကြောင်း ကော်ဖီခြံ လုပ်ငန်းရှင်များက ပြောကြားသည်။

“ကော်ဖီစေ့ ကွာလတီ ကျတာကြောင့် ဈေးကွက် ပျက်သွားတာ လည်း ဖြစ်နိုင်တယ်” ဟု အဆိုပါဒေသ ကော်ဖီခြံ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ပြင်ဦးလွင်ဒေသရှိ ကော်ဖီခြံကြီးများမှ တစ်နှစ်လျှင် ကော်ဖီ တန်ချိန် ၅၀ ခန့် ထွက်လေ့ရှိပြီး ဒေါ်လာဈေး မြင့်တက်မှုများကြောင့် အနောက်နိုင်ငံများက ဝယ်ယူမှု လျော့နည်းသွားခြင်းလည်း ဖြစ်နိုင်ကြောင်း ကော်ဖီခြံ လုပ်ငန်းရှင် အချို့က သုံးသပ် ပြောကြားသည်။

လက်ရှိတွင် တရုတ် ကုန်သည်များသည် ပြင်ဦးလွင်နှင့် နောင်ချို ဒေသ ထွက် ကော်ဖီစေ့ တန် ၃၀ ဝန်းကျင်ခန့် ဝယ်ယူမှု ရှိနေပြီး တရုတ်နိုင်ငံက ပှံမှန် ဝယ်ယူလေ့ရှိသည့် ပမာဏမှာ တန် ၇၀ ဝန်းကျင်ခန့် ရှိကြောင်း ဆီနိုရာ ကော်ဖီခြံမှ တာဝန်ခံ ဦးအောင်စိုးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List