Thursday, July 25, 2013

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို အသစ်ပြင်ဆင် ရေးဆွဲမည်

Thursday, July 25, 2013
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ (Burma Company Act - 1914) သည် ခေတ်စနစ်နှင့် ကိုက်ညီခြင်း မရှိတော့သည့်အတွက် အသစ်ပြင်ဆင် ရေးဆွဲသွားမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။
ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လသာမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးကြည်မြင့်၏ အဆိုပါဥပဒေကို ပြင်ဆင်ပေးရန် ရှိမရှိ မေးမြန်းချက်ကို ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဦးဆက်အောင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ Burma Company Act - 1914 အရ နိုင်ငံခြားသား တစ်ဦးသည် မြန်မာကုမ္ပဏီ တစ်ခု၌ တစ်ဒေါ်လာဖိုး ရှယ်ယာဝယ်ယူလိုက်သည်နှင့်တစ်ပြိုင်နက်ထိုမြန်မာကုမ္ပဏီသည် နိုင်ငံခြားကုမ္ပဏီ ဖြစ်သွားကာ မြန်မာနိုင်ငံ သားတို့ ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ပိုင်ဆိုင်ခွင့် မရှိတော့ခြင်း၊ နိုင်ငံခြား ကုမ္ပဏီအဖြစ် ပြန်လည်မှတ်ပုံ တင်ရခြင်း၊ မှတ်ပုံတင်ကြေးများ ပေးသွင်းရခြင်း၊ အခွန်အကောက်နှင့် ၀န်ဆောင်မှုစရိတ်များ ပေးသွင်းရခြင်းတို့တွင် နိုင်ငံခြားသားတို့ ပေးသွင်းရသည့် နှုန်းထားများအတိုင်း ပေးရခြင်း စသည့်ပြဋ္ဌာန်းချက်များကြောင့် နိုင်ငံသား လုပ်ငန်းရှင်များ နစ်နာရကြောင်း မေးခွန်းတင်သွင်းသူ ဦးကြည်မြင့်က ပြောကြားသည်။
"ဒီဥပဒေဟာ ပြဋ္ဌာန်းပြီးတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂၀၁၂ နဲ့လည်း ကိုက်ညီမှု မရှိဘူး။ ဒီဥပဒေဟာ တိုင်းရင်းသား လုပ်ငန်းရှင်တွေအတွက် ထိခိုက်မှုတွေ ရှိတယ်" ဟု ဦးကြည်မြင့်က ဆိုသည်။
ဦးကြည်မြင့်၏ မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြန်လည်ဖြေကြားရာတွင် အဆိုပါ ဥပဒေအား လိုအပ်သလို ပြင်ဆင်ရေးဆွဲရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ အကူအညီ ရယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်အရ ADB မှ ပညာရှင်တစ်ဦးနှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများတို့ နှစ်ကြိမ်တိုင် ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းထက် အသစ်ပြန်လည် ရေးဆွဲခြင်းက ပိုမိုမြန်ဆန် လွယ်ကူထိရောက်မည်ဟု ဖော်ထုတ်ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို ADB အကူအညီဖြင့် အသစ်ပြန်လည် ရေးဆွဲရန် ပြင်ဆင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List