Thursday, November 01, 2012

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားပျော့ဟု KCSN အဖွဲ့ ထောက်ပြ

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရ၏ အပစ် အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော် ရာ၌  အစိုးရဖက်က အားနည်းချက်များရှိနေသည်ဟု ကရင်နီ လူမှု အဖွဲ့အစည်းများကွန်ယက် (KCSN)က ထောက်ပြ ပြောဆိုလိုက် သည်။
အပစ်အခတ်ရပ်စဲရေး (၆)လတာ ကာလအတွင်း နှစ်ဖက်သဘော တူညီချက်များအား အစိုးရဖက်မှ လိုက်နာထိန်းသိမ်းနိုင်ခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် အားပျော့စေသည်ဟု KCSN အဖွဲ့၏ ယနေ့ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြပါရှိသည်။

ဆွေးနွေးပွဲ သဘောတူညီချက်များအနက် ဒေသတွင်း နှစ်ဖက်တပ်များ လှုပ်ရှားသွားလာရာ၌ သက်ဆိုင် ရာ ဒေသခံတပ်ဖွဲ့များအချင်းချင်း အကြောင်းကြားရမည့်ကိစ္စအပါ် အစိုးရဖက်မှလိုက်နာခြင်း မရှိသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှထိခိုက်ကျဆုံးမှုများဖြစ်ပွားခဲ့ကြောင်း KCSN အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်  ခူးတော်ရယ်က အခုလိုပြောသည်။
“အပစ်အခတ်ရပ်စဲခဲ့တဲ့ ခြောက်လအတွင်းမှာ ကရင်နီ(ကယား)ပြည်နယ်ရဲ့ အနောက်တောင်ဖက်   မော်ချီးဒေသဖက်မှာ တိုက်ပွဲတကြိမ်ဖြစ်တယ်။ သူတို့အထက်က လူတွေကိုမေးတော့လည်း သူတို့လူ မဟုတ်ဖူးလို့ ပြောတယ်။ ဒါနဲ့ KNPP ဖက်ကလည်း ပစ်ထည့်လိုက်တော့ အစိုးရဖက်က တော်တော် အထိနာသွားတယ်။ (၉) ယောက် သေတယ်လို့ သိရတယ်။”
ထို့အပြင် ဖရူဆိုမြို့နယ်အတွင်း အစိုးရတပ်က စစ်လေ့ကျင့်ရေးကွင်း တည်ဆောက်မည့် ကိစ္စအား နှစ်ဖက် သဘောတူညီချက်အရဆုံးဖြတ်ရန်နှင့် ဦးစွာ နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့မှ လေ့လာစုံစမ်း မှု ပြုရန် သဘောတူခဲ့သည်။
သို့သော် လက်တွေ့ လုပ်ဆောင်ရာ၌ အများအားဖြင့် အစိုးရဘက်မှ ပုဂ္ဂိုလ်များသာ ပါဝင်ခဲ့ပြီး စီမံကိန်းများ ဆက်လက် ဆောင်ရွက်ရန် တွန်းအားပေးသည့် အစီရင်ခံစာများကိုသာ အထက်သို့ တင်ပြခဲ့သည်ဟုလည်း ဆိုသည်။
အလားတူ ဒေသတွင်းရှိ အကြီးစားစက်မှုလုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ လူထုနစ်နာမှုမရှိစေရန်   လေ့လာ စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းလုပ်ဆောင်သွားမည်ဟု KNPP နှင့် အစိုးရတို့  သဘောတူထား ခဲ့သော်လည်း လက်တွေ့တွင် လေ့လာခွင့်မရှိဘဲ ပိတ်ပင်ခြင်းခံနေရကြောင်း တော်ရယ်က ဆက်လက်   ပြောဆိုသည်။
“ဒီသဘောတူညီချက်တွေကို ထိန်းသိမ်းလိုက်နာမှုမရှိဘူးဆိုရင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်မယ် ဆိုတာ ကျနော်တို့ ဘယ်လိုလုပ် ယုံနိုင်မလဲ”
ကရင်နီ (ကယား) ပြည်နယ်အနေဖြင့် လောလောဆယ် အနေအထားအရ တိုက်ပွဲများ ရပ်ဆိုင်းသွားသော် လည်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားရုံဖြင့် ငြိမ်းချမ်းရေးရပြီဟု မဆိုနိုင်ကြောင်းနှင့် “ရေရှည်မှာ အားလုံးအတွက် သာတူညီမျှမှုကို အာမခံချက်ပေးနိုင်တဲ့ စံနစ်တခု ပေါ်လာမှသာ ငြိမ်းချမ်းရေးလို့ ကျနော်တို့က အဲလိုမျိုး မြင်တယ်။” ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် ထိုင်းမြန်မာနယ်စပ်ဒေသသို့ ထွက်ပြေးခိုလှုံနေသည့် စစ်ပြေးဒုက္ခသည် များအား နေရပ်ရင်း ပြန် လည် ပို့ဆောင်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ ပြန်မပို့သင့်သေးကြောင်း “ဒီမှာ ဖြစ်နေတဲ့ ပြဿနာတွေ ကို ပြေလည်အောင် မရှင်းနိုင်သေးဘဲနဲ့ သူတို့ကို ပြန်ပို့မယ်ဆိုရင် သူတို့ နောက်တခါ ထပ်ပြီး ပြန်ပြေး လာကြဦးမှာပဲ။” ဟုလည်း ထောက်ပြ ပြောဆိုခဲ့သည်။
ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ယက် KCSN အဖွဲ့အား ကရင်နီလူမှုအဖွဲ့အစည်း (၉) ခုဖြင့် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လက စတင် ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် KNPP တို့အကြား  အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စောင့်ကြည့်ရန် ရည်ရွယ် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List