Friday, November 02, 2012

တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ

လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့်  သိမ်းဆည်း ရမိ သည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသ အတွင်း သေနတ်လုပ်တတ်သူများဖြင့် အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များမကြာခင် က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။
ယခုအခါ စစ်တွေမြို့အပါအ၀င် မြို့တိုင်းတွင် သံထည်ဆိုင်များကို အာဏာပိုင်များက အနီးကပ် စောင့်
ကြည့်နေပြီး စစ်တွေတွင်မူ သံထည်အရောင်းဆိုင်တချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများပုလုပ်ခဲ့သည်ဟု စစ်တွေ မြို့နယ်  ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော် က ပြောသည်။
“ ဟုတ်တယ်။ လွန်ခဲ့သော ရက်အနည်းငယ် သံထည်ပစ္စည်းတွေ ရောင်းတဲ့ဆိုင် သုံးလေးဆိုင်ကို စစ်တွေ မှာ အာဏာပိုင်တွေက ၀င်ရောက်စစ်ဆေးတာကိုတွေ့ရတယ်။ အဓိကတော့ သံပိုက်လုံးတွေနဲ့  လက်နက် လုပ်တဲ့ သံထည်တွေကိုဝင်ရောက်စစ်ဆေးတာ ဖြစ်တယ်လို့သိရတယ်။ ဖမ်းဆီးအရေးယူတာတော့ မရှိဘူး ” ဟု သူက ဆိုသည်။
ဇွန်လအရေးအခင်း ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်အတွင်း ဓါး၊လှံနှင့် တူမီး ယမ်းထောင်သေနတ် များ ပြုလုပ်ရာတွင် အသုံးပြုသော သံပိုက်လုံးများကို ၀ယ်ယူသူ များပြားခဲ့ပြီး ယခုအခါ သံထည်ဆိုင်များမှ သံထည်များကို အကန့်အသတ်များဖြင့် ရောင်းချနေကြရသည်ဟု သိရသည်။
ယခုအချိန်ထိ ရခိုင်ပြည်နယ် ကျေးလက် တောရွာများတွင် စစ်တပ်မှ လုပ်သေနတ် တူမီးများကို လိုက်လံ ရှာဖွေ သိမ်းဆည်းနေပြီး တူမီးသေနတ်များရှိသည်ဟု စွပ်စွဲကာ ကျေးရွာများမှ ငွေကောက်ခံနေသည်ဟု လည်း သတင်း ရရှိသည်။
ပြည်တွင်းမှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight Views ဖေါ်ပြသော သတင်းတစ်ခုတွင်  အောက်တိုဘာလ ၂၈ ရက်နေ့က  ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ခမရ (၃၇၅) တပ်ရင်းမှ ဗိုလ်ကြီး သက်နိုင်မောင်နှင့် တပ်သားအချို့သည် ရခိုင်ကျေးရွာများ ဖြစ်ကြသော ဆင်အိုးချေ ကျေးရွာမှ ၅၀၀၀၀ ကျပ် ၊ ဆင်အိုးချေ ရွာသစ်မှ ၃၀၀၀၀ ကျပ်၊ ဗျာလ္လကျေးရွာမှ ၃၀၀၀၀ ကျပ်၊ ပိုက်ဆိုက်ကျေးရွာမှ ၅၀၀၀၀  ကျပ်တို့ကို တူမီး သေနတ်ရှိသည်ဟု စွပ်စွဲကာ အသီးသီး ကောက်ယူခဲ့သည်ဟု ဖေါ်ပြသည်။
မြောက်ဦးမြို့နယ်တွင်သာမက ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင်လည်း စစ်တပ်က လုပ်သေနတ်များ ရှိသည်ဟုအကြောင်းပြကာ ကျေးရွာ အလိုက် ခြိမ်းခြောက်ငွေတောင်းမူများ ပေါ်ပေါက်
နေကြောင်း သိရသည်။
များမကြာမှီ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးအခင်းတွင် ရခိုင်ဘက်မှ သေဆုံးသူ အများစုမှာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ကြရပြီး ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာ တစ်ခုတည်းတွင် ၄ ဦး ပွဲချင်းပီး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့သော အရေးအခင်း အတွင်း သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးနှင့် လူနေအိမ် ၅၃၅၁ လုံး မီးရှို့ခံရပြီး လူပေါင်း၃၂၂၃၁ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ စာရင်းမှာ သမ္မတ ညွှန်ကြားရေးမှူးရုံးက အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်သောစာရင်း ဖြစ်သည်။

No comments:

Post a Comment

My Blog List