Friday, November 02, 2012

စိုးရွံ့မိပါသည်


ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့နဲ့ အောက်တိုဘာလ ၁၇ ရက်နေ့တွေမှာ အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ တစ်နိုင်ငံလုံးလွှတ်ပေးခဲ့တာ နိုင်ငံရေးအကျဉ်းသားတွေ များစွာပါတဲ့အတွက် အများကြီးဝမ်း သာရပါတယ်။ နောက်ပြီး ကျွန်တော်တို့ ၈၈ မျိုးဆက်နဲ့ ၂၀၀၇ မျိုးဆက်တွေပါ အားလုံးနီးပါး လွတ်လာတဲ့ အတွက်ပိုပြီးဝမ်းမြောက်ရပါတယ်……

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သမ္မတကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တစ်ခုလောက် တော့ တင်ပြချင်ပါတယ်…..

လွတ်လာတဲ့အထဲမှာ ကျွန်တော်တို့အရမ်းကြောက်ရတဲ့ ကျွန်တော်တို့ကိုအမျိုးမျိုးခေါင်းစဉ်တပ်ပြီးနှိပ်စက်  ခဲ့တဲ့ ထောက်လှမ်းရေး အကျဉ်းသား တော်တော်များများလဲပါတယ်လို့ သိရပါတယ်….

သူတို့အားလုံးထွက်လာပြီး ယခင်ကလိုပြန်ပြီး အဖွဲ့အစည်းတစ်ခုပြန်ဖွဲ့ရင် ဘယ်လိုဖြစ်လာမလဲဆိုပြီး စိုးရိမ်စိတ်နဲ့ ကျွန်တော့်ရင်မှာ ပြည့်ကြပ်နေပါတယ်…ယခင်အဖြစ်အပျက်တွေကို ပြောချင်ပါ သေးတယ်… မဆလ စစ်အစိုးရခေတ်မှာ စစ်ထောက်လှမ်း ရေးအဖွဲ့က တက္ကသိုလ်ကျောင်းသားများ အပါအ၀င် နိုင်ငံ
ရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး ချေမှုန်းချင်တဲ့အခါ လက်ဝဲ/ လက်ယာ သောင်းကျန်းသူများ၊ တရားမ၀င်အဖွဲ့အစည်းများနှင့်အဆက်အသွယ်ရှိသယောင် လုပ်ကြံဖန်တီးအပြစ်ရှာ အရေးယူ ခဲ့ပါတယ်…. ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက်နဲ့ ၁၀ ရက်မှာဖြစ်ခဲ့တဲ့ သံလျင်ရေနံချက်စက်ရုံနဲ့ ရန်ကုန်မြို့တော်ခန်းမ ဗုံး ပေါက်ကွဲမှုများမှာ သန်လျင်မြို့နယ် NLD ပါတီက လူငယ်စည်းရုံးရေးတာဝန်ခံ ကိုညီညီဦး၊ ကိုသန့်ဇော်၊ ကိုမိုးကျော်သူနဲ့ ဒေါက်တာထွန်းသူတို့အပါအ၀င် NLD ပါတီဝင် ၁၈ ဦးကို ဖမ်းဆီးပြီး NLD ပါတီဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့က စေခိုင်းခြင်းဖြစ်ကြောင်း ထွက်ဆိုဖို့ ရန်ကုန်အောင်သပြေစစ်ကြောရေးစခန်းမှာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့ကြ တယ်လို့ RFA သတင်းတွေထဲမှာ ကြားဘူးခဲ့ပါတယ်…

အရေးအခင်းကာလက ဒီမိုကရေစီတောင်းဆိုဆန္ဒပြတဲ့ ကျွန်တော်တို့ နိုင်ငံရေးသမားတွေကို ဓာတ်ပုံရိုက် ပြီး အရေးအခင်းအပြီးမှာ ဖမ်းဆီးခဲ့ပါတယ်….အဲဒီနောက် နာမည်ကြီး ရေကြည်အိုင်စခန်းမှာ ရက်စက်မှု
ပေါင်းများစွာနဲ့ နှိပ်စက်ပြီး စစ်ဆေးခဲ့သလို နယ်မြေအတွင်း မကောင်းမှုမှန်သမျှ ဥပဒေနဲ့ ဆန့်ကျင်သည့် အလုပ်မှန်သမျှ ကြိုးကိုင်လုပ်ဆောင်ခဲ့လို့ စီးပွားရေးသမား တွေလဲ ကြောက်ရွံ့ခဲ့ကြတယ်ဆိုတာ အားလုံး အသိဘဲဖြစ်ပါတယ်….

တရားရုံးတွေမှာတောင် အတင်းစစ်ဆေးစေပြီး ပြစ်ဒဏ်ချမှတ်တာတောင် တရားသူကြီးကို ကြိုးကိုင်ပြီး လုပ်ဆောင်ခဲ့တာ တွေတောင် ရှိခဲ့ပါသေးတယ်….

အဲဒီအပြင် အောင်လင်းထွဋ်ဆိုရင် တစ်ချိန်က စစ်ထောက်လှမ်းရေးတစ်ဦးဖြစ်ပြီး သူ့တို့ အဖွဲ့အစည်း ဟာ နိုင်ငံတော်အပေါ် သစ္စာအရှိဆုံးလို့ တစ်ဖွဖွပြောနေပေမဲ့ အခုအချိန်မှာတော့ မြန်မာနိုင်ငံ မကောင်း
ကြောင်း နှုတ်က တဖွဖွပြောပြီး သူတစ်ပါး နိုင်ငံရဲ့ သစ္စာခံတစ်ဦးဖြစ်နေတာကို တွေ့ရမှာဖြစ် ပါတယ်…

အခုတော့ သူတို့ပြန်ထွက်လာကြပါပြီ….ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေ ပြုစုထားတဲ့ စာရင်းအရ
တော့ နာမည်ကြီး လူ ၁၀ ဂဏန်းလောက်ပဲ ကျန်တယ်လို့သိရပါတယ်…

တကယ်လို့သာ သူတို့အဖွဲ့ဝင်တွေအားလုံးလွတ်လာပြီး စုပေါင်းအဖွဲ့အစည်းတစ်ခုထူထောင်ခဲ့မယ် ဆိုရင် ယခုလျှောက်လှမ်း နေတဲ့ ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုဒုက္ခပေးမလဲ? နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေရဲ့ အားနည်းချက်တွေ ဆုပ်ကိုင်ပြီး ဘယ်လိုလုပ်လာအုံးမလဲဆိုတာ တွေးကြည့်မိပါ တယ်။ အခုဆိုရင် ဆရာကြီးလုပ်တဲ့ပုဂ္ဂိုလ်ကလည်း လူ မြင်ကွင်းထဲကို မကြာခဏ သွားရောက်နေတယ်ဆို တာ ဧရာဝတီသတင်းဌာနမှာ ရေးသားထားတာတွေ တွေ့လိုက်ရပါတယ်၊ သံဃာတော်အချို့နဲ့တွေ့လိုက်၊ ကျိုက်ထီးရိုးဘုရားသွားလိုက်နဲ့ပေါ့….

ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ ကျေးဇူးတင်ပေမယ့် ဥပဒေမဲ့လုပ်ရပ်နဲ့ အာဏာ ရအောင်လုပ်ခဲ့တဲ့ လက်တစ်ဆုပ်စာလူတစ်စုပါ ပြန်လွှတ်ပေးရင်တော့ ကျွန်တော်ပြောသလိုပဲ ပွင့်လင်းတဲ့ ဒီမိုကရေစီစနစ်နဲ့သွားနေတဲ့ နိုင်ငံရေး ပါတီတွေကို ဘယ်လိုအနှောင့်အယှက်တွေတွေပေးဦးမလဲ၊ ဘယ်သူတွေဒုက္ခရောက်အောင် ကလိမ်စေ့ငြမ်းဆင်ပြီး ဆောင်ရွက် လာမလဲဆိုတာ ဆက်ကြည့်ကြ ရအောင်ဗျာ။ ကျွန်တော်တို့ကတော့ အစစ်ဆေးအနှိပ်စက်ခံရ၊ နှစ်ပေါင်းများစွာ ထောင်ထမင်း၊ ထောင်ဟင်း စားရလို့ ထောက်လှမ်းရေးဆိုတဲ့ စကားလုံးကိုကြားရရင် နှလုံးသားထဲ၊ အရိုးထဲမှာတောင် ကြောက်ရွံ့ နာကျင် နေတုန်းပါဘဲ။ ဘာဘဲဖြစ်ဖြစ်ဗျာ အခုလို ဒီမိုကရေစီနိုင်ငံကို ထူထောင်နေတဲ့အချိန်မှာ အရင်လို အပြုအမူမျိုး၊ စိတ်ဓာတ်မျိုးတွေနဲ့ အာဏာရှင်ဆန်တဲ့ ယခင်ထောက်လှမ်းရေးလို လူမျိုးတွေကိုတော့ မတွေ့ဆုံချင်တော့ပါဘူးလို့ ဒီနေရာက ကြေညာလိုက်ပါ ရစေ……


နိုင်ငံရေးအကျဉ်းသားတစ်ဦး
 
 
Facebook မှတစ်ဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment

My Blog List