Thursday, November 01, 2012

ဟာရီကိန်း စဲန်ဒီကြောင့် နယူးယောက်ပို့ဆောင်ရေးစနစ်တခုလုံး ပျက်စီး မြင့်လှိုင်၊ အောက်တိုဘာ ၃၁ ရက်၊ ၂၀၁၂



ဟာရီကိန်း စဲန်ဒီကြောင့် နယူးယောက်ပြည်သူများ အဓိကအားထားရပြီး တနေ့ကို လူပေါင်း ၈.၅ သန်းခန့် အသုံးပြုနေတဲ့ နယူးယောက် သယ်ယူပို့ဆောင်ရေးစနစ်တခုလုံး ပျက်စီးသွားကြောင်း အမ်မ်တီအေ နယူးယောက်မြို့တော် သယ်ယူပို့ဆောင်ရေးဌာန (MTA New York City Transit) က ၂၀၁၂   အောက်တိုဘာ ၃၀ ရက်နေ့ မနက်အစောပိုင်းတွင် ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ သယ်ယူပို့ ဆောင်ရေးစနစ် တခုလုံးပျက်စီးသွားခြင်းနဲ့ ပတ်သက်ပြီး အမ်မ်တီအေ အင်တာနက်စာမျက်နှာတွင် အမ်မ်တီအေ ဥက္ကဋ္ဌ Joseph J. Lhota က နယူးယောက်မြို့တော် ရထားစနစ်ဟာ ၁၀၈ နှစ် သက်တမ်း ရှိခဲ့ကြောင်း၊ မနေ့ညကကြုံတွေ့ခဲ့တဲ့ ဘေးဒုက္ခကြောင့် ပျက်စီးမှုမျိုး ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရကြောင်း၊ ဟာရီကိန်းစဲန်ဒီဟာ သယ်ယူပို့ဆောင်ရေးစနစ်တခုလုံးကို ဖျက်ဆီးပစ်လိုက်ကြောင်း အစချီကာ ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲဒုက္ခများနဲ့ပတ်သက်ပြီး ရေးသားထားပါတယ်။ အမ်မ်တီအေ အနေနဲ့ နယူးယောက်မြို့ တွင်း သယ်ယူပို့ဆောင်ရေးသာမက နယူးယောက်ရဲ့မြောက်ပိုင်းဒေသတွေနဲ့ ဆက်သွယ်တဲ့ မက်ထရို   နော့တ် (Metro - North) ၊ လောင်း အိုင်းလဲန်း (Long Island) ဒေသနဲ့ ဆက်သွယ်တဲ့ LIRR (Long Island Rail Road) စတဲ့ ရထားလိုင်းလုပ်ငန်းများ၊ နယူးယောက်မြို့က မြေအောက်၊ ရေအောက် ရထားလမ်း၊ ကားလမ်းများ၊ တံတားများတည်ဆောက် ပြုပြင် ထိမ်းသိမ်းမှုလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ ဟာရီကိန်း စဲန်ဒီကြောင့် မက်ထရို နော့တ်လမ်းပိုင်းတွင် ဓါတ်အား   ပြတ်
တောက်မှုများ ဖြစ်ခဲ့သလို LIRR လိုင်းရဲ့ ရေအောက်ရထားလမ်းနှစ်ခု ရေလွှမ်းခြင်း၊ ရထားများ ထားရှိရာနေရာ ပျက်စီးခြင်းများ ဖြစ်ခဲ့ရပါတယ်။ ရထားလမ်းပိုင်းများအားလုံးနီးပါး ရေလွှမ်းမိုးခြင်း၊ သစ်ပင် သစ်ကိုင်းများ ကျိုးကျခြင်း၊ အမှိုက်များ၊ အပျက်အစီးများ တင်ကျန်ရစ်ခြင်းများ ဖြစ်ခဲ့ပါတယ်။ အဆိုးရွား ဆုံးအနေနဲ့ South Ferry ဘူတာရုံတွင် မြေအောက် ရထားလမ်းဘူတာရုံ တခုလုံးမှ မြေပေါ်ဝင်ပေါက် အထိ ရေပြည့်လျှံနေခဲ့ပြီး မန်ဟက်တန်ကျွန်းအောက်ပိုင်း မြေအောက်ရထားလမ်းများနဲ့ ဘူတာရုံများ၊ မြို့အနှံ့က မြေပေါ်၊ မြေအောက် ရထားလမ်းများတွင်လည်း ရေများ ပြည့်လျှံခဲ့ပါတယ်။ နယူးယောက်က ရထားစနစ်ဟာ ဗို့အားမြင့် လျှပ်စစ်ဓါတ်အားနဲ့ မောင်းနှင်တဲ့စနစ် ဖြစ်တဲ့အတွက် ဆားငံရေအတွင်း နစ်မြုတ်ခဲ့တဲ့ ဓါတ်အားလိုင်းများ၊ အချက်ပြမီးစနစ်များအားလုံးကို ပြန်လည် စစ်ဆေးရမှာ ဖြစ်ပါတယ်။ ထို့အပြင် နယူးယောက် သယ်ယူပို့ဆောင်ရေးစနစ်တွင် အသုံးပြုနေတဲ့ ဘတ်စ်ကား ၅,၆၀၀၊ ရထားတွဲ ၆,၂၀၀၊ မီးရထားလမ်း မိုင် ၆၀၀ နဲ့ ဘူတာရုံ ၄၆၈ ရုံ၊ မက်ထရို နော့တ်နဲ့ LIRR မီးရထားစနစ်က ရထားလမ်းများ၊ အချက်ပြမီးစနစ်များ၊ ရထားများ စသည်ဖြင့် စနစ်တခုလုံး ပြန်လည် စစ်ဆေးပြီး စိတ်ချရမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတခုလုံး ပြန်လည် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အမ်မ်တီအေ အနေနဲ့ ပျက်စီးသွားတဲ့ စနစ်တခုလုံး အမြန်ဆုံးပန်လည်စတင်နိုင်အောင် ဆောင်ရွက်နေရာ Cross Bay တံတား ၊ ရေအောက်ရထားလမ်း နှစ်ခုက လွဲလို့ ကျန်တဲ့ တံတားများကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘတ်စ်ကားလိုင်းတချို့ကို အောက်တိုဘာ ၃၀ ရက်နေ့ ညနေပိုင်းက ပြန်လည် ပြေးဆွဲခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် ဘတ်စ်ကားလိုင်းများ ပြန်လည် ပြေးဆွဲနိုင်ရန် ပြင်ဆင်လျက် ရှိပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့ ညနေပိုင်းနဲ့ ၃၁ ရက်နေ့တွင် အခမဲ့ဘတ်စ်ကားစီးနိုင်ပါတယ်။ မီးရထားများ ပုံမှန် ပြေးဆွဲနိုင် ဖို့ကတော့ အချိန်အတန်ကြာဦးမယ်လို့ ယူဆရပါတယ်။ မီးရထားလိုင်းများအားလုံး ပုံမှန် မပြေးဆွဲနိုင်ရင်
တော့ ပြေးဆွဲနိုင်တဲ့လမ်းပိုင်းများကို အကန့်အသတ်နဲ့ စတင် ပြေးဆွဲလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နယူးယောက်နေပြည်သူအများဟာ မီးရထားကို အဓိက အသုံးပြုပြီး ခရီးသွားလာကြတာ ဖြစ်တဲ့အတွက် ရထားများ ပုံမှန် ပြေးဆွဲနိုင်အောင် အစွမ်းကုန် ဆောင်ရွက်နေကြောင်း သိရပါတယ်။

No comments:

Post a Comment

My Blog List