Sunday, July 22, 2012

မိဘမဲ့ကလေး (၃၀၀၀)ကျော် အစားစာ ပြတ်လတ်နေ

Children_02_eeeမယ်တော် ဆေးခန်းမှ အစားစာ ပံ့ပိုးပေးနေသော မိဘမဲ့ ကလေး (၃၀၀၀) ကျော်အတွက် လာမည့် သြဂုတ်လမှ စပြီး ရိက္ခာ ပြတ်လတ် သွားတော့မည်ဟု မယ်တော် ဆေးခန်း၏ ကလေးများ စောင့်ရှောက်ရေး တာဝန်ခံမှ ပြောပါသည်။
“ ရိက္ခာခြောက်ပေါ့နော် ဆန် ဆီ ဆား ငါးပိ အချိုမှုန့်ပေါ့။ အဲဒီ ရိက္ခာတွေ ပြီးခဲ့တဲ့ ဇွန်လကုန် ကတည်းက ကုန်သွားပါတယ်။ အခုဒီလကတော့ လက်ကျန် ရိက္ခာထဲက အရင်လက တယောက်ကို ၁၄ ကီလို ရရာကနေ ဒီလမှာတော့ ၁၀ ကီလိုဘဲ ပေးနိုင် တော့တယ်။ ရှေ့လ သြဂုတ်လအတွက် ကျတော့ မရှိတော့ပါဘူး” ဟုသူက ဆိုပါသည်။
ထိုကလေးများသည် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများမှ စွန့်ပစ်သော ကလေးများ၊ စားဝတ်နေရေး ချို့တဲ့သော မြန်မာမိဘ များမှ လာရောက် အပ်နှံသော ကလေးများနှင့် မိဘမဲ့ ကလေးများ ဖြစ်ပါသည်။ ဤသို့ကြောင့် အဆိုပါ ကလေးများအား မယ်တော် ဆေးခန်းမှ ကူညီစောင့်ရှောက်နေရခြင်းဖြစ်ပါသည်။ ဤကလေးများသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကိုယ်ထူကိုယ်ထ မြန်မာ စာသင်ကျောင်းများ၏ ဘောဒါဆောင်များ အသီးသီး၌ ဖြန့်ပြီး ခိုကပ် နေကြရပါသည်။
အကယ်၍ သြဂုတ်လ၌ ထောက်ပံ့မှု မပေးနိုင်ပါက ကလေးများအတွက် မည်သို့ လုပ်ဆောင်ရမည်ကို အခက်အခဲ ဖြစ်နေကြပါသည်။ လစဉ် ဆန်တင်းတထောင်ခန့် လိုအပ်နေပြီး အခြား ရိက္ခာများအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် အလှူရှင်များအား လိုက်လံ အကူအညီ တောင်းခံနေပါသည်။
လောလောဆယ်၌ အလှူခံနေသော်လည်း ထင်သလောက် ရလိမ့်မည်မဟုတ်ဟု ဆိုပါသည်။ မယ်တော် ဆေးခန်းသည် ဆေးကုသရေး၊ မိဘမဲ့ ကလေးများ ကူညီစောင့်ရှောက်ရေးနှင့် CDC ( Children Development Center) စာသင်ကျောင်း ကိစ္စ အားလုံးအတွက် ၂၀၁၂ ခုနှစ်၏ လိုအပ်ချက်ငွေမှာ ထိုင်းဘတ် (၁၈) သန်း ရှိသည်ဟု ဆိုပါသည်။

“ ဒီနှစ်အတွက် မယ်တော် ဆေးခန်းရဲ့ လိုအပ်ချက်က ဘတ် (၁၈) သန်းလေ။ အဲဒါကို ဆရာမကြီး Dr စင်သီယာ မောင်က သံရုံးတွေကိုသွားပြီး အလှူခံဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ အဆင်ပြေလား မပြေလားတော့ မပြောတတ်ပါဘူး ခါတိုင်းနှစ်က တော့ အလှူရှင် NGO တွေက များပါတယ်။ ဒီနှစ်တော့ အဲဒီ အလှူရှင်တွေက ပြည်တွင်းထဲ ရောက်ကုန်တယ်လေ။ တ ကယ်ဆိုတော့  ဒီကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အသိပေးသင့်ပါတယ်။ ကျနော်တို့ နိုင်ငံက ကလေးတွေဘဲ လေ” ဟု မယ်တော်ဆေးခန်းက ကလေး စောင့်ရှောက်ရေး ဆိုင်ရာ တာဝန်ခံက ဆိုပါသည်။
Children_eeeeမဲဆောက်မြို့ တနေရာရှိ မြန်မာရွှေ့ပြောင်း ကလေးငယ်များ
ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မိဘမဲ့မြန်မာ နိုင်ငံကလေးများအား ကူညီစောင့်ရှောက်မည့် ထိရောက်သည့် အဖွဲ့မရှိသဖြင့် မယ်တော် ဆေးခန်းမှ မိဘမဲ့ ကလေးများအား ကူညီစောင့်ရှောက်နေရခြင်းဖြစ်ပါသည်။ ဤအခက်အခဲအတွက် အကောင်းဆုံး နည်းလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်အား အသိပေးပြီး ၄င်းမှတဆင့် ပြည်တွင်းသို့ရောက်ရှိနေသော NGO များအား အကူ အညီပြန်လည် ပေးအပ်ကြပါရန် ပန်ကြားပေးသင့်သည်ဟု အဆိုပြုနေကြပါသည်။

ရွှေဟင်္သာ

No comments:

Post a Comment

My Blog List