Friday, July 27, 2012

ဆရာထူးကို ပြန်လွှတ်ပေးပါ (အပိုင်း ၂)



ကျွန်တော်နဲ့ ဆရာထူးတို့ ရဲ့ ၀တ္ထုဆန်ဆန်ပြန်လည်တွေ့ဆုံမှု အပြီးမှာတော့ ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ မြောက်ပိုင်းပြန်ရဲဘော်တွေနဲ့ မန္တလေး အခြေစိုက် မြောက်ပိုင်းပြန်တွေ အပါအ၀င် ဆရာထူးနဲ့ ဆက်စပ်နေတဲ့ ထောင်ထွက်တွေ ကြားမှာ စာနဲ့ လူပါ အဆက်အသွယ်တွေ များလာပါတော့ တယ်။တခါတရံ ကျွန်တော် ရန်ကုန်က ရဲဘော်တွေ အနီးစခန်းထိချီတက်ပြီး သုံးလေးရက် တည်းခို စားသောက်နေကြတာရှိသလို။ မန်းလေးမှာ အခြေအနေမလှလို့ ရှောင်ရတိမ်းရမယ့် ရဲဘော်တွေကို ဆရာထူးက စာရေးပြီးကျွန်တော်တို့ လွတ်လိုက်တဲ့ အခါ ကျွန်တော်တို့က ၀ပ်ကျင်းလေးတွေ ရန်ကုန် မှာစီစဉ်ပေးရတာတွေ ရှိလာပါတယ်။တခါက လည်းဆရာထူးက မန်းလေးမဟာမြတ်မုနိဘုရားကြီးကို တိုင်းမှုးအပါအ၀င် အာဏာပိုင်တွေက ၀မ်းဗိုက်တော် မှာ အပေါက်တွေ့လို့ဆိုပြီး ဂဟေချောင်းတွေနဲ့ ဆော်ကြတဲ့ ဗီဒီယိုခွေ ကို မြောက်ပိုင်းပြန်ရဲဘော်ဟောင်း တဦးဖြစ်တဲ့ ကိုရာပြည့်နဲ့ ပို့လိုက်ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ မြောက်ပိုင်းပြန်ရဲဘော်ဟောင်းတွေထဲက ကိုကျော်နိုင်ဦး၊ကိုရဲလင်း၊ တို့အပါအ၀င်ရဲဘော်ဟောင်းတွေ အပတ်စဉ်လိုလို ကိုဘိုဘို(မိုးကျော်သူ)အိမ်မှာဆုံပြီး မြောက်ပိုင်း ကိစ္စ နဲ့ပတ်သက်ပြီး သမိုင်းမှန်ကို ပြုစုပြီး သိမ်းထားကြဘို့ အပါအ၀င် လက်ရှိနိုင်ငံရေး လှုပ်ရှားမှုတွေကိုပါ ဆွေးနွေးဖြစ်လာပါတော့တယ်။၁၉၉၇ နောက်ပိုင်းနှစ်ကာလတွေ ဖြစ်ပါတယ်။
၁၉၉၈မေလ ကုန်မှာတော့ ကံကြမ္မာကဖန်လာပြန်တော့ ဆရာထူးနဲ့ကြံကြံဖန်ဖန် ဆုံကြဘို့ဖန် လာပြန်ပါတယ်။ မေလ ၃၀ ရက်နေ့မှာ ဆရာထူးက ရန်ကုန်မှာ လာတိမ်းရှောင်နေတဲ့ လူငယ်သမဂ္ဂ ခေါင်းဆောင် ကိုကျော်ညွန့်ဆီကို စာတစောင်ရေးပြီးစာတိုက်က ထည့်လိုက်ပါတယ်။ ကံများက ခေချင်တော့ စာကို မနက်ပိုင်း ကိုရာပြည့်က စာတိုက်မှာ ထည့်ခဲ့ပြီး နေ့လည်၂ နာရီလောက်မှာ ၀င်းလိုက်ရုပ်ရှင်ရုံမှာ ဗုံးအသေးတလုံးကွဲတဲ့ကိစ္စ ဖြစ်ပါတော့တယ်။ အဲဒီမှာတင် မန်းလေးထောက်လှမ်းရေး က မန်းလေးမြို့က ထွက်တဲ့ဝင်တဲ့စာတွေ ဖုန်းတွေအားလုံးကို ပိတ်ပြီးစစ်ပါတော့တယ်။ အဲဒီမှာတင် ဆရာထူးရဲ့စာကိုရသွားပါတယ်။ထောက်လှမ်းရေး ရဲ့ထုံးစံအတိုင်း စာထဲမှာတဲ့ လူနာမည်တွေ အကုန်သိမ်း ဖမ်းပါတော့တယ်။အဓိကက ထောက်လှမ်းရေးက အဲဒိဗုံးကွဲတဲ့ကိစ္စ အတွက် သူတို့ အလုပ်လုပ်နေတယ် ဆိုတာအထက်ကို အစီရင်ခံနိုင်ဘို့က အဓိကဖြစ်နေတာမို့ ဆရာထူးကို ဖမ်းတဲ့ အခါ မေမြို့အနီးစခန်း အိမ်ရော မန်းလေးက အိမ်မှာပါပိုက်စစ်တိုက်ပြီး မသင်္ကာတာမှန်သမျှ အကုန်သိမ်းပါတယ်။ အဲဒီအထဲ မှာ ထုံးဘိုဘက်မှာ ကိုယ်ပိုင် ကျောက်မိုင်းတခု ၀ယ်ပြီး လမ်းခင်းကျောက်ထုတ်နေတဲ့ ညီဖြစ်သူ ဦးရွှေကျူး ရဲ့ ကျောက်မိုင်းကနေ ယမ်းကြိုးကုန်နေလို့ ထပ်ဝယ်ဖို့ နမူနာပါလာတဲ့ တထွာသာသာရှိတဲ့ ယမ်းကြိုးနဲ့ ဆရာထူး ခွန်နှစ်တန်းစာမေးပွဲအောင်မြင်စဉ်က ဆရာထူးကို ဖခင် တပ်မင်းကြီးဟောင်းဦးဘဖြူ ဆုချတဲ့ အနေနဲ့ လက်ဆောင်ပေးခဲ့တဲ့ ပြောင်းတခြား ခလုတ်တခြားနဲ့ ဒင်မရှိတော့တဲ့ လေသေနတ် အစုတ်ကိုပါ သိမ်းဆည်းပြီး တရားရုံးမှာ လက်နက်ပုဒ်မ ဖေါက်ခွဲပုဒ်မတွေတပ်စွပ်စွဲခဲ့ပါတယ်။

၂၀၀၅ မေလ ၇ ရက်နေ့ ရန်ကုန်မြို့ ဒဂုန်စင်တာ၊ဂျမ်းရှင်းအိတ် စင်တာအပါအ၀င် နေရာ သုံးခုမှာ ဗုံး သုံးလုံးကွဲပြီး လူတွေအကြီးအကျယ် သေကြေတုန်းက ကျွန်တော်ဟာ လမ်းပေါ်မျာ ပါဖေါင်းမင့် အနုပညာ တင်ဆက်မှု ကိစ္စနဲ့ ထောက်လှမ်းရေးရုံးမှာ အဖမ်းခံထားရချိန်ဖြစ်လို့ ထောက်လှမ်းရေး အဖွဲ့ အဲဒီပြသနာကို ကိုင်တွယ်နေပုံ စုံစမ်းနေပုံတွေကို အနီးကပ်သိခွင့်မြင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော့် အမြင်အရ အမှုမှန်ကို ကျူးလွန်တဲ့ တရားခံအစစ်ကိုဖေါ်ထုတ်နိုင်ဘို့ထက် အထက်ကလူကြီး လုပ်တဲ့လူတွေဆီ အစီရင်ခံစာတခု ဖြေရှင်းချက်တခု မြန်မြန်တင်နိုင်ဘို့ကိုသာအရေးထားပြီး လုပ်နေကြတာကို ကိုယ်တွေ့ မြင်ခဲ့ရဘူးပါတယ်။

ကျွန်တော်တို့အမှုမှာလည်းဒီလိုပါပဲ။ဆိုးတာက ရန်ကုန်ထောက်လှမ်းရေး ခြောက် ရယ်။မန်းလေး မှာ ထောက်လှမ်းရေး (၁)နဲ့ (၁၆)တို့ခွဲပြီးစစ်ကြောရေးလုပ်ပါတယ်။နောက်ဆုံးတော့ ကျွန်တော်တို့ ရန်ကုန်က မြောက်ပိုင်းပြန်အဖွဲ့တွေကိုပထမ အင်းစိန်ထောင်မှာ ခဏထားပြီး နောက်တော့ မန်းလေး ထောင်ကို ပို့လိုက်ပါတယ်။အဲဒီမန်လေးထောင် နားက အထူးတရားရုံးမှာ တရားစွဲပါတယ်။ဆရာထူး အပါအ၀င် စုစုပေါင်း ၂၅ ယောက်ပါ။ထုံးစံအတိုင်း ရှေ့နေလည်းငှါးခွင့်မရ ဘယ်သူမှလည်းလာခွင့် မရတဲ့ တရားရုံးဟာ စိတ်ပျက်စရာပါ။တရားသူကြီးက ငုတ်တုတ်ကြီးထိုင်ငိုက်နေ အစိုးရရှေ့နေက ထောက်လှမ်းရေး ချပေးတာဖတ်ပြနဲ့ ပျင်းရိစရာကြီးဖြစ်သလို။ကျွန်တော်တို့တွေဟာ ခုမှစတွေ့ပြီး တသိတတန်းကြီးနဲ့ရုံးမှာလာဆုံနေတာမို့တရုန်းရုန်းနဲ့ရီစရာကြီးပါ။ကောင်းကောင်းမှတ်မိနေတာကတော့ ဆရာထူးကိုစွဲချက်တင်တဲ့ အခါ အစိုးရရှေ့နေက တစစီဖြစ်နေတဲ့ ပြောင်းနဲ့ ခလုတ်ဘက်အခြမ်းကို သင်အူကြိုးနဲ့တုတ်ထားတဲ့ လေသေနတ် အစုတ်ကိုပြပြီး ခလုတ်မပါ ဒင်မပါ ပစ်မရ လေသေနတ်က တစ်လက် သိမ်းဆည်းရပါတယ်လို့ တရားသူကြီးဆီလျောက်လဲတော့ ကျွန်တော်တို့ အကုန်လုံး ဘယ်လိုမှ အိန္ဒြ မဆည်နိုင်တော့ပဲ တရယ်မိကြလို့ ငိုက်နေတဲ့တရားသူကြီးက လန့် သွားပြီး ထငေါက်ပါတယ်။ အဲဒီတုန်းက တော်တော်ရီစရာကောင်းတဲ့ ဒီပုဒ်မ ဒီစွဲချက်တွေဟာ တနေ့ဆရာထူးကို အကျဉ်းထောင်ထဲမှာ တဦးတည်းကျန်ခဲ့အောင် တားထားမယ့်ပုဒ်မတွေလို့ ကျွန်တော်တို့ မတွေးမိခဲ့တာအမှန်ပါ။ဒီလိုနဲ့ ဆရာထူးကို ကာယကံမြောက်ဘာပြစ်မှုကျူးလွန်မှုမှ မရှိခဲ့ပါဘဲနဲ့ ပုဒ်မ၁၂၄။ဖေါက်ခွဲ ၅ အပါအ၀င်ပုဒ်မ မျိုးစုံနဲ့ ထောင် ၄၃ နှစ်ချခဲ့ပါတယ်။

ရေစက်ဆုံချင်တော့ ထောင်ကျကျပြီးချင်း နေရာချကြတော့ ကျွန်တော်က တိုက် ၂မှာ ဆရာထူးနဲ့ မြောက်ပိုင်းမှာ အတူနေခဲ့ဘူးတဲ့ ကိုဖိုးကျော်တို့နဲ့ တိုက်ခန်းတခန်းတည်းကျပါတယ်။ကံကဆိုးချင်တော့ ကျွန်တော်တို့ ထောင်မကျမှီ ၂လခန့်က မန်းလေးထောင်မှာ နာမည်ကြီးဖေါက်ထွင်းဝိဇ္ဇာတဦးက ဦးဆောင်တဲ့ထောင်ကျော်မှု ဖြစ်ထားတဲ့အတွက် တနေ့ကို၁၅မိနစ်သာသာပဲ ရေချိုးကိုယ်လက်လှုပ်ရှား လုပ်ဘို့ မနက်တကြိမ် ညနေတကြိမ်ဖွင့်ပေးပြီး ကျန်တဲ့အချိန်တွေကတော့ ကိုးပေပတ်လည်လောက်ရှိတဲ့ ဒီအခန်းလေးထဲမှာပဲ နေ့ရော ညပါနေနေရတာမို့ အားအားရှိ သူ့အကြောင်းကိုယ့်အကြောင်း အထပ်ထပ် ပိုပြောဖြစ်တာမို့ ဆရာထူးရဲ့ ဘ၀အကြောင်း မိသားစုအကြောင်း အပြင် သူလေ့လာဖတ်ရှူခဲ့တဲ့ သမိုင်းစာအုပ် ၀တ္ထုတို ၀တ္ထုရှည် အကြောင်းအရာစုံအောင်သိခွင့်ရခဲ့ပါတယ်။တိုက်ခန်းက ကျဉ်းရတဲ့ အထဲမှာ တိုက်ခန်းသံတခါးမင်းတုံးသံချောင်းကို ရက်ရှည်သံဖြတ်လွှနဲ့ ဖြတ်ပြီးထောင်ဖေါက်ထားကာစမို့ ထောင်က ကျွန်တော်တို့ကို တိုက်ခန်းတခန်းမှာ တညအိပ်ပြီးတာနဲ့ နောက်တရက်နေ့လည်ခင်း နှစ်နာရီ ထောင်ပြန်ဖွင့်ချိန်မှာ နောက်တခန်းကို အိပ်ယာတွေရော မိလ္လာအိုးခွက်တွေရော စားသောက်တဲ့ခွက်တွေပါ သယ်ပြီး နေပူပူ ကြဲကြဲတောက်အောက်မှာ နောက်အခန်းပြောင်းရပါတယ်။ဆရာထူး က ကျန်းမာရေး ကိုတော်တော် ဂရုစိုက်ပါတယ်။ ရေချိုးဘို့ပဲဖြစ်ြဖစ် အခန်းပြောင်းဘို့ ပဲဖြစ်ဖြစ် တံခါးဖွင့် ပေးလိုက်တာနဲ့ ရှေ့က နောက်အကန့်လေးထဲမှာ ရသလောက် နေရာလေးမှာတင် လှည့်ပြီး ပြေးပါတယ်။ ဒိုက် အကြိမ် ၅၀ လောက် အိပ်ထမတ်တင် အကြိမ်သုံးဆယ်လေးဆယ်လောက် ကို ချွေးသံတရွှဲရွှဲကျ တဲ့ အထိ မပျင်းမရိ လုပ်လေ့ရှိသလို ကျွန်တော်တို့ကိုလည်း ထောင်မှာ ရေရှည်နေရမှာဖြစ်လို့ လေ့ကျင့်ခန်း များများ မှနှ်မှန်လုပ်ဘို့တိုက်တွန်းလေ့ရှိပါတယ်။

ထုံးစံအတိုင်း နိုင်ငံရေး အကျဉ်းသားတိုက်ခန်းတွေရဲ့ ညထောင်ပိတ်သွားပြီဆိုတာနဲ့ ဂီတညချမ်းသဘင် အစီအစဉ်လေးတွေ လုပ်ပြီး ကိုယ့်အချင်းချင်း သီချင်းလေးတွေ ကဗျာလေးတွေ ရွတ်ပြီး ဝေဒနာဖလှယ်ကြတဲ့ ယဉ်ကျေးမှုလေးဟာ အစဉ်အဆက် ထောင်တိုင်းမှာရှိခဲ့တာပါ။ဒီလိုညနေတွေမှာ ဂီတ၀ါသနာကြီးတဲ့လူတွေ သီချင်းဆိုကောင်းတဲ့လူတွေက အတော်ပွဲတောင်းခံရတတ်ပါတယ်။ ဆရာထူး က ကျွန်တော်တို့ ၂ တိုက် ညချမ်းမှာ ပွဲတောင်းခံရဆုံးသူတွေထဲတဦးဖြစ်ပါတယ်။ဆရာထူး ရဲ့ အကျင့်က ဘယ်အခန်းကပဲ ဖြစ်ဖြစ် ရွယ်တူရဲဘော်ချင်းကဖြစ်ဖြစ် ငယ်ရွယ်တဲ့ လူငယ်တွေထဲက ဖြစ်ဖြစ် ဆရာရေ သီချင်းတပုဒ်လောက်တော့ချီးမြင့်ပါဦးဗျာဆိုလာခဲ့ရင် များသောအားဖြင့် အိပ်ယာလှဲနေရာက ထရပ်ပြီးသံတိုင်ကို လက်နဲ့ဆုပ်ကိုင်ပြီး ကျကျနနဆိုပြလေ့ရှိပါတယ်။ တခါတရံမှာသီချင်းကိုဆိုပြီးရင် သီချင်းရဲ့ နောက်ခံအကြောင်းအရာတွေကိုပါ ပြောပြလေ့ရှိပါတယ်။ခေတ်ဟောင်းတေး တော်တော်များများ ရတဲ့အပြင် သီချင်းတွေရဲ့ ရာဇ၀င်နဲ့ပါတွဲပြီးသိထားတာမို့ ဆရာထူးနဲ့ နေခဲ့ရတဲ့ကာလတော်တော် များများမှာ ကျွန်တော် မရတဲ့ ခေတ်ဟောင်းသီချင်းတော်တော်များများကို ဆရာထူးဆီကနေတက်ယူခဲ့ ရဘူးပါတယ်။သီချင်းချပေးရင်းနဲ့ ထူးခြားတဲ့ စာသားနောက်ကွယ်က အနက်တွေကိုပါ ဆရာထူးက ရှင်းပြလေ့ရှိပါတယ်။

ညှင်းညှင်းညံ့ညံ့ ခင်းပြန့်သဲမြေ xတငြိမ့်ငြိမ့်ရေဆင်း xတို့ချစ်ခြင်းရဲ့အပြိုင်ပေ ဂနိုင်ခြေမှ စတဲ့စိမ့်စမ်းရေ တနေ့ဆို x x ကိုယ်ရောက်လာမလားရယ်လို့ x x အကြိုထောက်ပါလား မြစမ်းရေ သီချင်းကတော့ ဆရာထူးအများဆုံးဆိုလေ့ရှိတဲ့သိချင်းပါ။ဒီသီချင်းနဲ့ မြို့မအဖွဲ့နာမည်ကြီး ပြည်တော်ဝင် သီချင်းကို နှစ်နှစ်ခြိုက်ခြီုက်ဆိုလေ့ရှိပါတယ်။ဒါ့အပြင် ဆရာဟာ အဆိုတော် ရေနံသာစိုးလှိုင်၊ မင်းသားကြီး ဦးမြတ်လေး၊ လေဘာတီမြရင်ရဲ့ ချစ်သူမန်းညွန့်ဦးမောင်လေး တို့နဲ့ တော်တော်ကို ရင်းနှီးခဲ့သူဖြစ်တာမို့ ဂီတနတ်သံကိုစောညိန်း၊မြို့မငြိမ်း၊နန်းတော်ရှေ့နဲ့ ကိုမြတ်လေးတို့ ရေးခဲ့တဲ့ သီချင်းတွေ အားလုံးနီးနီး ရတဲ့အပြင် သီချင်းတွေနောက်ကွယ်က ဇာတ်လမ်းလေးတွေကိုပါပြောပြနိုင်ပါတယ်။တခါတရံတော့ သူ့ဖါသာစိတ်ကြိုက်ဆိုတဲ့ ညတွေဆိုရင် ကိုစောညိန်းဆို ကိုစောညိန်းသီချင်းတွေထဲက သူ့အကြိုက်ဆုံး တွေကိုစီပြီးဆိုပြလေ့ရှိသလို၊မခင်နှင်းဆီ၊မခင်နှင်းဆီရဲ့နှင်းဆီ၊မခင်နှင်းဆီဇာတ်သိမ်းစသည်ဖြင့် ကိုမြကြီး ဆိုခဲ့တဲ့ သီချင်းတွေချည်းဆက်စပ်ကာဆိုပြတတ်ပါတယ်။အထူးသဖြင့် ဦးမြတ်လေး ရေးပြီးနာမည်ကြီးတဲ့ ပင်လုံထိပ်ထားဦး သီချင်းမျိုးကိုဆိုပြကာ ပင်လုံထိပ်ထားဦး ဇာတ်ကားကိုပါ ကင်မရာအယူအဆတွေ ကအစ ရုပ်ရှင်ကြည့်ရသလို ခံစားရအောင်ပြန်ပြောပြလေ့ရှိပါတယ်။ နိုင်ငံရေး အရ ထူးခြားတဲ့ နေ့ရက် မျိုးတွေဆိုရင်တော့ ဦးမြတ်လေးရေးခဲ့တဲ့ ပန်းတိုင်းပွင့်ပါစေ တို့ ခွပ်ဒေါင်းနဲ့အတူတိုက် တို့လို သီချငိးမျိုးကို ကျွန်တော့်ကိုပါ သံပြိုင်အလိုက်ခိုင်းပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဆိုပါတယ်။အထူးသဖြင့် ခွပ်ဒေါင်းနဲ့ အတူတိုက်သီချင်းက အဆိုတော်လေးယောက်လောက် တလှည့်ဆီဆိုတဲ့သီချင်းမို့ကျွန်တော်ကို ပါသီချင်း ချပေးပြီး သူနဲ့ တလှည့်စီဆိုခိုင်းပါတယ။် နောက်ဆုံးအသိမ်းပိုဒ် အိုခွပ်ဒေါင်းနီ လွတ်ကြောင်းချီ ဆိုတဲ့ နေရာမှာ ကျွန်တော်ကိုပါ သံပြိုင်လိုက်စေပြီး ဖနောင့်နဲ့ သစ်သားကွပ်ပစ်ကို အချက်ကျကျ ဆောင့်ပြီး စည်တိုသံမျိုးထွက်အောင်လုပ်ပြီး အားနဲ့မာန်နဲ့ သီဆိုလေ့ရှိပါတယ်။ ခွပ်ဒေါင်းနဲ့ အတူတိုက် သီချင်းဆိုပြီး တိုင်းလည်း ဒီသီချင်းကို တနေ့မှာ နိုင်ငံတော် အဆင့်ရှိတဲ့ ကဇာတ်ရုံကြီးမှာ အော်ပရာ အဖြစ် သူ ဘယ်ပုံ တင်ဆက်ချင်တဲ့ အကြောင်း ကကွက်တွေနဲ့ သရုပ်ဆောင်တွေ၊ ၀တ်စုံတွေ၊ အထူးပြုလုပ်ချက် ဆက်တင်တွေ၊ မီးအလင်းအမှောင်ကအစ ဘယ်လိုလုပ်ချင်တယ်ဆိုတာကို အားရပါးရ ဆက်ပြီး ဆွေးနွေးလေ့ရှိပါတယ်။

ထောင်စည်းကမ်းတွေက မတရားတင်းကြပ်မြဲကာလ ဖြစ်တာမို့ အခြားအခန်းက ဘ၀တူ အကျဥ်းသားတွေနဲ့က အသံနဲ့သာ မိတ်ဆွေတွေဖြစ်နေကြပြီး တယောက်နဲ့တယောက် မျက်နှာချင်းဆိုင် ခွင့်ကိုမရတဲ့အချိန်ဖြစ်ပါတယ်။တနေ့မှာ ဆရာထူးက ထူးခြားတဲ့ ဖျော်ဖြေရေး အစီအစဉ်လေးတခု လုပ်ဘို့ စိတ်ကူးရလာပါတယ်။အဲဒါကတော့ ညချမ်း အသံလွှင့်ပြဇာတ်လေးတခု တင်ဆက်ကြဘို့ဖြစ်ပါတယ်။ ပထမဆုံး ဆရာထူးက သူသောက်တဲ့ ဒူးယားစီးကရက်ဗူးခွံလေးတွေကိုစုပါတယ်။ငွေခြည်ပတ်စက္ကူကို ရေစိမ်ပြီး စိတ်ရှည်ရှည်နဲ့ တလွှာချင်းခွါယူပြီး စာရွက်လွတ်လေးတွေစုပါတယ်။ပုန်းရည်ကြီးထုပ်က စက္ကူလေးတွေ၊မြေပဲလိပ်ထုပ်လေးတွေက စက္ကူပါးလေးတွေကိုစုပြီး ပထမခိုးသွင်းထားတဲ့ ဘောပင် မှင်ချောင်းလေးနဲ့ ဇာတ်ညွန်းရေးပါတယ်။ပထမဆုံးစတင်ဆက်ဖြစ်တဲ့ ၀တ္ထုကတော့ ဆရာမြသန်းတင့် ရဲ့ လိုက်ခဲ့တော့ မြနန္ဒာ ဖြစ်ပါတယ်။ဆရာထူး က အဲဒီဝတ္ထုကို အကျဥ်းချူံးပြီး အသံနဲ့ပြောဇာတ်ပုံစံ အခန်းခွဲ ရေးပါတယ်။ညချမ်းရောက်တဲ့အခါမှာ အဲဒီဇာတ်ညွန်းကို ကိုင်ပြီးကျွန်တော်က ဇာတ်ကြောင်းကို ဖတ်ရ သလို ဇာတ်ကောင် ကိုဥက္ကာနေရာမှာ လည်းကျရာ ဇာတ်ဝင်စကားတွေအလိုက် အသံနဲ့ သရုပ်ဆောင် စေပါတယ်။ အခန်းတခန်းကတခန်း အကူးမှာ ဆရာထူးက ကြိုစဉ်စားထားတဲ့ သီချင်းလေးတွေကို ၀င်ဆိုပေးပါတယ်။ အထူးသဖြင့် ပင်လုံထိပ်ထားဦး သီချင်း ကို လိုက်ခဲ့တော့မြနန္ဒာဇာတ်လမ်း နဲ့ အလွန်လိုက်ဖက် တာမို့ အဲဒီသီချင်းကို အပိုင်းလေးတွေနဲ့ သင့်ရာနေရာမှာခွဲပြီး ဇာတ်ဝင်နောက်ခံ တေးလေးတွေအဖြစ်တင်ဆက်တာမို့ အသံဇာတ်လမ်းလေးဟာ ရုပ်လုံးကြွလာပြီး ဘ၀တူ ရဲဘော်တွေ အားလုံးက ညဆိုရင် အားလုံး တိုက်ခန်းတခါးဝမှာ ထိုင်ပြီး နားထောင်ရတဲ့ ဇာတ်လမ်းလေး ဖြစ်လာပါတယ်။

လိုက်ခဲ့မြနန္ဒာ အပြီးမှာတော့ ပရိတ်သတ်က ဆက်ပွဲတောင်းကြတာမို့ ဆရာထူးက ဆရာဗန်းမော်တင်အောင်ရဲ့ မြစ်ဖျားဧရာပေါ်မှာ ၀တ္ထု တို့ ဆရာနန္ဒ ရဲ့ သံနဲ့သွေး ၀တ္ထုတွေကို ပါ ဆက်လက်ပြီး စိတ်ရှည်လက်ရှည်နဲ့ ရေးသားတင်ဆက်စေပါတယ်။ ကျွန်တော့်မှာ လည်းကျရာ ဇာတ်ရုပ်တွေကနေ အနုပညာတာဝန် ထမ်းရပါတော့တယ်။ကျွန်တော်တို့ ၂ တိုက်က ကျန်တဲ့ တိုက်တွေထက်စာရင် ပြဇာတ်ဖျော်ဖြေရေး အစီအစဉ်ကောင်းကောင်း ရှိတဲ့ တိုက်လေးဖြစ်လာပါတယ်။ ကျွန်တော်တို့ဟာ အုတ်နံရံကြားမှာ ဒီလိုပဲ ကိုယ့်ရဲ့အခြေအနေတိုးတက်ဘို့ နေ့စဉ်ကြံဆနေရတာဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ေ န့စဉ်ဘ၀ ဖြစ်လာပါတယ်။

ဒီလိုပဲ ကြံဆရင်း တခါတလေတော့ ကမောက်ကမတွေဖြစ်ကြတာတွေလည်းရှိပါတယ်။ထောင်က ပုံမှန်ကျွေးတဲ့ ညစာ ဟင်းရွက်ပြုတ်ရည်ဆိုတာက ဟင်းရွက်မပါသမို့ ဟင်းသီးဟင်းရွက်စားရ တော်တော် ကိုကြံရဖန်ရပါတယ်။ အရိုးဆုံးကတော့ အမြဲဆင်းလေးတွကို ဆေးလိပ်ပေးပြီး ကန်စွန်းရွက် လေးတွေ ချိုးပြီး ခိုးဝှက်ယူလာဘို့စည်းရုံးရပါတယ်။ ပြီးတဲ့အခါ ထမင်းပူပူထဲကို မြုပ်ပြီး နည်းနည်းလေးကြာအောင် ထားလိုက်ရင် ကန်စွန်းရွက်တွေ ညိုးသွားပြီး ငပိကြော်လေးနဲ့ တို့စရာလုပ်စားကြရပါတယ်။ အဲဒီလိုစား နေရာကနေ တိုက်ခန်းထဲမှာ ဟင်းခိုးချက်ဘို့ကြံဆကြပါတယ်။ပထမဆုံး ရင်းနှီးတဲ့ ထောင်ဝါဒါ တယောက်ကို ငွေနည်းနည်းပိုပေးပြီး ဆရာထူးထမင်းစား မ၀င်လို့ ကျွဲရိုင်းဗူးလေးတဗူးလောက် သောက်ဖို့ ခိုးသွင်းလာခဲ့ပေးဘို့ စည်းရုံးရပါတယ်။ရလာတဲ့အခါ စစ်ဆင်ရေးစပါတယ်။ ဗူးခွံရဲ့ အပေါ်ပိုင်းကို အပေါက် လေးဖေါက်ပြီး ကြိုးနဲ့ ဆွဲလို့ရအောင်လုပ်ပါတယ်။ နောက်ပြီး ပုံစံ လုံချည်စုတ်နဲ့ ကျွတ်ကျွတ်အိတ် နဲ့ ပလပ်စတစ် အစတချို့ကို ရောပြီး ကျစ်ကျစ်လိပ်ကာ လောင်စာတောင့်တခု လုပ်ကြပါတယ်။ဒါကလည်း အရင်တခေါက်ထောင်ထဲရောက်ဘူး ထားတဲ့ဆရာထူးက ပြောပြလို့ပါ။ ဒီလိုနဲ့ ကန်စွန်းရွက်တွေနဲ့ ငါးခြောက်နှပ် ကဆီနည်းနည်း ငပိကြော် နည်းနည်းတို့ကို ကျွဲရိုင်းသဖြူဗူးခွံသေးသေးလေးထဲကို ပြွတ်သိပ်ပြီး ထည့်ပါတယ်။ပြီးတဲ့အခါ သံတခါးနားက အခန်းထောင့် လေကွယ် မျက်ကွယ်မှာ ဗူးလေးကို ကြိုးနဲ့ အသာလေးချိတ်ထားပြီး အောက်ကနေ လောင်စာထောင့်ကို မီးရှို့ပြီး ဗူးအောက်ကို အသာလေးရွှေ့ ပြီး စချက်ပါတော့တယ်။ အချိန်က နေ့လည် ဆယ့်နှစ်နှစ် နဲ့နှစ်နာရီကြား တန်းပိတ်ချိန်မှာပါ။ လောင်စာတောင့်က မီးတောက်ကလေးက တလူလူနဲ့ တောက်ပြီး ကျွန်တော်တို့ ရဲ့ မဟာစမ်းသပ်မှုကြီး အောင်မြင်စွာနဲ့ ဟင်းဗူးလေးကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေတဲ့ အချိန်မှာရုတ်တရက် တိုက်ခန်းရှေ့ သစ်သားတခါးအပြင်ဘက်က လမ်းပေါ်မှာ ထောင်ဝါဒါတယောက် ပေါ်လာတာမို့ ဆရာထူးနဲ့ ဖိုးကျော် တို့ကသူတို့အိပ်ယာတွေပေါ် အသီးသီး အချိန်မှီကွက်တိလှဲချ လိုက်နိုင်ပေမယ့် ကျွန်တော်က အခန်း အလယ်မှာ ငုတ်တုတ်ကြီးဖြစ်နေပါတယ်။ထောင်ဝန်ထမ်းက အခန်းရှေ့သစ်သားတံခါးအပြင်လမ်းပေါ်မှာ ရပ်ပြီး အခန်းထဲမှာ ထိုင်နေတဲ့ ကျွန်တော့်ကို စူစူးစိုက်စိုက်ကြည့်နေပါတယ်။ သိကြတဲ့အတိုင်း ထောာင်ရဲ့ တိုက်ခန်းတွေမှာ သံတိုင်တွေကာထားတဲ့ တံခါးနဲ့ တထပ်ပြီးရင် သစ်သားတံခါးနောက်တထပ်ရှိပါတယ်။ တံခါးနှစ်ခုဟာ ဆယ့်လေးငါးပေကွာပြီး တံခါး၂ထပ်ကြားမှာ အုတ်ရိုးကာထားတာမို့ အမိုးပွင့် အကျဉ်းခန်းသဖွယ်ဖြစ်ပြီး အဲဒီမှာ ကျွန်တော်တို့ ရေချိုး လေ့ကျင့်ခန်းလုပ်ရကြပါတယ်။

ထောင်ဝန်ထမ်းဟာ နံပတ်တုတ်လေးတဆဆနဲ့ ကျွန်တော့်ကို စိုက်ကြည့်ပြီးစဉ်းစား နေပါတယ်။ပြီးတော့ သစ်သားတံခါးကို ဖြတ်ပြီး အတွင်းထဲဝင်လာပါတယ်။ကျွန်တော်တို့ရင်ထိတ်နေပါပြီ။ တိုက်ခန်းထဲ မီးဖိုပြီးဟင်းခိုးချက်တာသာသိသွားလို့ကတော့ ၃ယောက်လုံးမချောင်ပါဘူး။ဝါဒါက မလှမ်း မကမ်းကနေ ကျွန်တော့်ကိုကြည့်ပြီး ခင်ဗျားကိုတနေရာရာမှာ သေသေချာချာ မြင်ဘူးနေတယ်ဆိုပြီး ပြောလာပါတယ်။သူကျွန်တော်ပါတဲ့ ဗီဒီယိုကားတချို့ကို ကြည့်ဖူးပြီးလို့ဆိုတာသိပေမယ့် အဲဒါကိုမပြောဘဲ အသာအလိုက်အထိုက် ဟုတ်ကဲ့ လူတူလို့ဖြစ်မှာပါလို့ပြောလိုက်ပါတယ်။ ဗီဒီိယိုကားထဲမြင်ဖူးတာထင်တယ် လို့ ဖြေလိုက်ရင် ဟုတ်တာပေါ့ဘာညာနဲ့ ဇာတ်လမ်းပေရှည်နေရင် ဟင်းအိုးတန်းလန်းနဲ့ခက်ရချည့်ဆိုပြီး အသာလေးငြိမ်နေလိုက်တော့ ၀န်ထမ်းက ပြန်လှည့်သွားပါတယ်။ပြီးတခါ မကျေမနပ်နဲ့ လှည့်လာပြီး ခင်ဗျားကို ရင်းရင်းနီှးနှီးကို သိနေတာဗျဆိုပြီး ပြန်လှည့်လာကာ ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ရပ် ကျွန်တော့်မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ရင်း အဖြေထုတ်နေပါတယ်။ ဆရာထူးက အပေါက်ဝသံတခါး ကို ကျောပေးပြီး လှဲအိပ်နေတာမို့ ဆရာထူးမျက်နှာပေါ်က စိုးရိမ်မှူကို တွေ့နေရပါတယ်။ကျွန်တော်က မျက်လုံးကို အသာစွေပြီး အကဲခတ်ကြည့်တော့ ဟင်းအိုးက စတင်ပြီး ပွက်လာပါတယ်။ဒီအတိုင်း ဆက်သွားရင် ဟင်းအိုးပွက်တဲ့အသံကြေင့် ဒင်းသိသွားပြီး တိုင်ရင် သေချာပေါက်ရုံးတင် အပြစ်ပေး ခံရတော့မှာမို့ မထူးတော့ဘူးဆိုပြီး ကျွန်တော်လည်းအရူးဇာတ်ခင်းရပါတော့တယ်။ အဖြေရှာစဉ်းစားနေတဲ့ ထောင်ဝါဒါရဲ့ မျက်နှာကို စေ့စေ့စိုက်ကြည့်ပြီး ကျွန်တော်ပါးစပ်ကနေ ဗွက် ဗွက် ဗွက် ဗွက်နဲ့ အဆက်မပြတ် တဗွက်ဗွက် ထအော်လိုက်ပါတယ်။ ဒါမှ ဟင်းအိုးက အသံကို ဒင်းသတိမထားမိတော့မှာကိုးဗျ။ ၀ါဒါဟာ အစပထမတော့ ကြောင်သွားပါတယ်။ကျွန်တော်က နောက်တယ်ထင်ပြီး တစုံတရာ ပြန်ပြောဖို့ ပြင်ပေမယ့် ကျွန်တော်က သူ့ကို မျက်လုံးကြီးပြူးစိုက်ကြည့်လို့ ဗွက်ဗွက်ဗွက်နဲ့ ဆက်လုပ်နေတော့ ဘာလုပ်ရမှန်းမသိပဲ အူကြောင်ကြောင်နဲ့ ခေါင်းကိုကုပ်ပြီး တဖြည်းဖြည်း နောက်ဆုတ်နောက်ဆုတ်နဲ့ ဆုတ်သွားပြီး သစ်သားတံခါးပေါက်ကနေ ပြန်ထွက်သွားပါတယ်။သေချာတာကတော့ ကျွန်တော့်ကို ဂေါက်သွားတဲ့ကောင် လို့ထင်သွားမှာသေချာပါတယ်။သစ်သားတခါးက ကွယ်သွားတာနဲ့ ကျွန်တော်လည်း ဆူပွက်နေတဲ့ ဟင်းဗူးကို ဖြုတ်ချ ရင်ပဲ ဆရာထူးကလည်းလှဲနေရာက ရုတ်ကနဲ ထထိုင်ကာ မီးတောက်နေဆဲ လောင်စာတောင့် ပေါ်ကနေ ရေချိုးတဲ့ ကော်ခွက်နဲ့ အုပ်ချပြီး မီးသတ် လက်စဖျောက်လိုက်ပြီး အခန်းအလယ်ကောင် ငုတ်တုတ်ထိုင်ပြီး အူတက်မတတ် ဒရစပ် ထပြီးရယ်ဖြစ်ကြပါ တယ်။ညနေပိုင်းထမင်းစားချိန်မှာတော့ အောင်မြင်မှုရလဒ် ကန်စွန်းရွက်ဟင်းနဲ့အောင်သေအောင်သား တမင်းစားနေရင်းက ဆရာထူးက ဗွက်ဗွက်ကိုသတိရသွားပြီး ထမင်းတွေသီးကုန်တဲ့ အထိ တခွီးခွီး ရီကြရပြန်ပါတယ်။

ဆရာထူးက သမိုင်း၊စာပေ၊ဂီတ၊အနုပညာစွယ်စုံရသူမို့ ထောင်တွင်းမှာ လူငယ်တွေရဲ့ ချစ်ခင်လေးစားမှုကိုခံရပါတယ်။သူကိုယ်တိုင်လည်းကျောင်းဆရာဘ၀က လာသူဖြစ်ပေမယ့်လူငယ်တွေ အပေါ်မှာ ဆရာကြီးလုပ်တဲ့ပုံစံမျိုးမပေါင်းပဲ တန်းတူလေးလေးစားစား ဆက်ဆံတတ်တာမို့ လူငယ်တွေက ဘာပဲကိစ္စပဲဖြစ်ဖြစ် သူ့ကို တိုင်ပင်လေ့ရှိပါတယ်။နောက်ဆရာထူးက ဟာသဥာဏ်လည်း ရွှင်ပါတယ်။ အမြီးအမေါက် မတည့်တာတွေ့ရင်လည်းသရော်လိုက်ဘို့ စကားလုံးက အင်မတန်ကြွယ်ပါတယ်။ အစိုးရ ပိုင်းက လုပ်တဲ့အပေါ်တော်တော် မထော်မနှမ်းတွေကြားရပြီဆိုရင် သူတို့လုပ်နေတာက ''မရီရတဲ့အပြင် ရီတောင်ရီရသေးတယ် ဆိုတာမျိုးပေါ့ကွာ'' ဆိုတဲ့စကားမျိုး မကြာခဏ ကြားရတတ်ပါတယ်။

ဆရာမြို့မငြိမ်းရဲ့ ဟာသဓါတ်ရွှင်ရွှင်ရေးခဲ့တဲ့ အိမ်တော်ရာဘုရားဈေး၊မေဓါဝီ၊ဘင်ဂျို၊ တောင်ပြုန်း၊နှစ်ပိသာခွဲ စတဲ့သီချင်းလေးတွေကို မကြာခဏဆိုတတ် သလို အဲဒီသီချင်းလေးတွေထဲက ထူးခြားတဲ့ ဆရာငြိမ်းရဲ့ အသောဓါတ်ပါတဲ့ စကားလုံးတွေကို ထုတ်ပြီး ချီးကျူးတတ်ပါတယ်။ ပြောရရင် ဆရာမြို့မငြိမ်းနဲ့ နန်းတော်ရှေ့လို မြန်မာ့ဂီတမှာ နေနဲ့လ ၂ဆူလိုထင်ရှားတဲ့ သီချင်းရေးဆရာ ၂ဦးရဲ့ မိတ်ဆွေ၊ အငြိမ့်မင်းသမီး လေဘာတီဒေါ်မြရင်ရဲ့ ချစ်သူ မန်းညွန့်ဦးမောင်လေး က ဆရာထူးရဲ့ ဇနီးဘက်က ရွှေမျိုးတော်စပ်ပါတယ်။ဆရာထူးက ဦးမောင်လေးကို ဘိုးလေးကြီးလို့ ခေါ်ပါတယ်။ ဘ၀နေထိုင်ပုံ ထူးခြားသူချင်းဖြစ်လို့ ဦးမောင်လေးက ဆရာထူးကို တော်တော် ချစ်ခင်ပုံရပါတယ်။ ဆရာထူးကိုယ်တိုင်ကလည်း ဦးမောင်လေးကို စိတ်ဝင်စားတာမို့ ဦးမောင်လေး ဘ၀ နောက်ဆုံးကာလတွေမှာ ဦမောင်လေးကို ကက်ဆက်တိတ်ခွေများစွာ အင်တာဗျူးလုပ်ထားနိုင်ခဲ့တယ် လို့ပြောပါတယ်။ကျွန်တော်တို့လုပ်တဲ့ ထောင်တွင်းလက်ရေး မဂ္ဂဇင်းမှာ နိုင်ငံရေးဆောင်းပါးတွေကို အောင်ဇေယျ ကလောင်နဲ့ရေးပေးခဲ့သလို ဆရာထူးကလောင်အမည်နဲ့ မန်းညွန့်ဦးမောင်လေး အကြောင်းကို (လေဘာတီရဲ့ချစ်သူ) ဆိုပြီး အခန်းဆက်ဆောင်းပါးရေးပေးခဲ့ဘူးပါတယ်။ကျွန်တော် အဘို့ တော့ ဆရာထူးဆီက တဆင့် စစ်ကြိုခေတ်စစ်ပြီးခေတ် ဂီတ အငြိမ့်လောက အကြောင်း နုတ်ပြောသမိုင်း ကိုနာယူရတာ ကိုတော့ ခုထိကျေးဇူးတင်နေတုန်းဖြစ်ပါတယ်။

ဒီနေ့ထိလည်း ဆရားထူးဆီက တက်ယူထားတဲ့သီချင်းလေးတွေကို အကြောင်းတိုက်ဆိုင်တိုင်း သီဆိုဖြစ်ပါတယ်။သီဆိုတိုင်းလည်း ဆရာထူးဆိုပေါက်လေးတွေပြန်သတိရစေပါတယ်။ ဥပမာ ဘုရားတန်ခိုး ကြောင့်တိုးလို့လှတဲ့ x x ကုမ္မာရီ ကာလသားတွေလာပြန်သည် x x ပိုက်ဆံ မပေးရတိုင်း x x ပိုးပဲပိုးရှာကြ တော့သည် ဆိုတဲ့ ဆိုကွက်မျိုးလေးတွေ မျက်စောင်းလေး သုန်သုန်မှုန်မှုန်x x ဘုန်းဘုနုးကို လျောက်လိုက်ရင်x x အခြောက်တိုက် ပင် x x ရိုက်ခံထိလိမ့်မည် ဆိုတဲ့ သောကွက်လေးတွေကို ဆရာထူးက အရမ်းသဘောကျပါတယ်။

ဆရာထူးနဲ့ ဖြတ်သန်းခဲ့ကြတဲ့ ကာလအကြောင်းထပ်ရေးပါဦးမယ်။ ဆရာထူးအကြောင်း ကျွန်တော့်အကြောင်းထက် ကျွန်တော်တို့နေခဲ့ကြဘူးတဲ့ ထောင်အကြောင်းပါ။ကျွန်တော်တို့ အခန်းကနေ မတ်တတ်ရပ်ပြီး ထောင်အုတ်ရိုးပေါ် မျှော်ကြည့်လိုက်ရင် မန်းလေးတောင်တော်ရဲ့ အပေါ်ပိုင်းကို ဖြတ်မြင်ရပါတယ်။တောင်ကြီးထောင်ထဲမှာ နှစ်ကာလများစွာဖြတ်သန်းခဲ့တဲ့ ဆရာထူးလည်း အကြောင်း တိုက်ဆိုင်ရင် ဒီကာလလေးတွေကို လွမ်းဆွတ်နေဦးမယ်ဆိုတာ ယုံကြည်ပါတယ်။အမှန်တော့ နှစ်ပေါင်းများစွာ အပြစ်မရှိပဲ အကျဉ်းကျနေတဲ့ အကျဉ်းသားတယောက် အကြောင်း မျက်ရည်နဲ့ ရေးသင့် တာပါ။ နောက်တခုက ဆရာထူးရဲ့ နိုင်ငံရေးခံယူချက်၊ လုပ်ဆောင်ချက်တွေ ထောင်တွင်းရပ်တည်ချက်တွေ အကြောင်းရေးသင့် ပါတယ်။ဒီအကြောင်းတွေ မရေးဘဲ သီချင်းတွေ၊ပြဇာတ်တွေနဲ့ ရီစရာတွေလျောက်ရေး တော့ မင်းဆောင်းပါးက ပေါ့ပျက်လွန်းတယ်လို့ အပြစ်တင်ချင်လည်းခံဘို့ အသင့်ပါ။သို့သော် ပြောချင်တာက သူဟာ မာကျောခေါင်းမာတဲ့ တရားသေ တလမ်းသွား ၀ါဒသမားတယောက်လည်း မဟုတ်ပါပဲ ခုလို အများလွတ်လာပါရဲ့နဲ့ သူတဦးတည်းကွက်ချန်ထားတဲ့ အဖြစ်မှာ သတိပေးချင်တာက သူဟာ ကျောင်းဆရာ ဘ၀ကို အင်မတန်မြတ်နိုးလို့ တမင် ရွေးချယ်နေထိုင်တဲ့ ပီပိကျောင်းဆရာ တဦးဖြစ်ပါတယ်။ သူဟာ နှလုံးသားအင်မတန်နူးညံ့တဲ့ တကယ့်ဂီတသမားပါ။ ဆရာထူးမှာ အနုပညာ ရှိပါတယ်။ ဆရာထူးမှာ ဟာသရှိပါတယ်။ ဒီလို ပုဂ္ဂိုလ်တယောက် ကိုလွတ်ချိန်တန်ပါလျက် ထောင်ထဲ ဆက်နေနေရပြီး ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော်ကြီးသွားနေပါတယ်လို့ ပြောနေကြပုံကို ဆရာထူးကို များမေးခွန်းထုတ်ခွင့်ရရင် (မရီရတဲ့ အပြင် ရီတောင်ရီရသေးတယ် )ကွာလို့ ခပ်ပြုံးပြုံး ပြန်ပြောမယ်ဆိုတာ ယုံပါတယ်။ပြီးရင် သံတိုင်နှစ်ဖက်ကိုင် ပြီး ဆရာငြိမ်းရဲ့ ဘင်ဂျို သီချင်းကို ဒီလို ဆိုနေဦးမယ်ထင်ပါရဲ့။

နားငြီး တော်မူတယ်မောင်မင်းx x နားငြီးတယ်မောင်မင်း x x ငါသာ ရင်ဘုရင် ဖြစ်ခဲ့လို့ရှိရင် x x အပြစ်ကြီးကြီးပေးမယ် x x ဘယ်လိုစီရင်မယ်ဆို x xဒီလိုလုပ်ချင်တယ် x x အပျိုတော်တွေလာကြ x x လက်မလွတ်စေနဲ့ကွယ် x ဘယ့်နှယ် ၀ိုင်းမယ် x x ဒီနှယ် ၀ိုင်းမယ် ဖိုးတီးချင်နော် ဖိုးတီးချင်နော် x သေရှာပေရော့ကွယ် x ဟဲ့ကောင်မပြေးနဲ့ x xဖမ်းပြီး ဂလိုးထိ x ဖမ်းပြီး ဂလိထိုး x x အလယ်လယ်x x အမယ်လေး ယားပါတယ် x ။

ကြုံလာသမျှ ဒုက္ခ ကို ဟာသတ၀က် အရွှမ်းဖက်၍ အမြဲ တုန့်ပြန် တတ်သူ ဆရာထူးသို့။

ပန်းချီထိန်လင်း

ဆက်လက်ဖေါ်ပြပါဦးမည်

ဆရာထူးကို ပြန်လွတ်ပေးပါ (အပိုင်း ၁)



ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List