Thursday, July 26, 2012

အောက်ခြေက မပြောင်းဘူးတဲ့လား (၁)

 
 

မေး ။     ။ ခုတစ်လောအပြောများနေတာက အစိုးရသစ်လက်ထက်မှာ သမ္မတကြီးနဲ့ အပေါ်ပိုင်းက အပြောင်းအလဲ လုပ်နေပေမယ့် အောက်ပိုင်းကပါမလာဘူး ၊ ခေါင်းပြောင်းတယ် ကိုယ်မပြောင်းဘူး စသည်ဖြင့်ပေါ့လေ ပြောနေကြတာတွေရှိတယ် ကျွန်တော့်အမြင်လည်း ဒီအတိုင်းပဲရှိတယ် ဒီအပေါ်ဆရာ့ရဲ့ သဘောထားလေး ပြောပေးပါဦး

ဒေါက်တာဆိတ်ဖွား ။     ။ ပြောရရင်တော့ mindset ပေါ့လေ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတဲ့ mindset ကို ပြင်ဘို့ဆိုတာ နေ့ချင်းညချင်း ဒီလို ဖြစ်လာနိုင်ဘို့မလွယ်ပါဘူး ၊ အချိန်အတော်ယူရပါ့မယ် ၊ နောက်တစ်ခုက ထိပ်ပိုင်းက ပြောင်းလဲမှုကရော အောက်က လိုက်ပြောင်းနိုင်လောက်အောင် အောက်ကိုဆင်းလာပြီလား ဆိုတာလည်း မေးခွန်းထုတ်စရာပါဘဲ ၊ ဥပမာဆိုကြပါစို့ ၀န်ကြီးတွေ ကိုယ်တိုင်ရုံးထိုင်တဲ့ ဒီရုံးတွေမှာတောင် သိသာတဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး ၊ တန်းတူထား ဆက်ဆံမှုတွေ မရှိသလောက်ပါဘဲ  မိမိတာဝန်ကျေနေပါလျှက်အာက်ကလူက အထက်က လူကိုကြောက်နေရတုန်းပါဘဲ တခါ အထက်ကလူကလည်း အောက်လူက သူ့တာဝန်သူကျေနေပေမဲ့ သူ့သိသာတဲ့လေးစားမှုမျိုးနဲ့ မဆက်ဆံရင် ၊ မရိုကျိုးရင် စိတ်ကွက်ကြ  ၊ မှတ်ထားပြီး အရေးကြုံရင်ဆော်ကြ ၊ နေရမပေးပဲ ချောင်ထိုးထားကြတွေ ရှိနေတုန်းပါဘဲ   တာဝန်သိမှု တာဝန်ယူမှုတွေ ၊ အပြန်အလှန်ထိမ်းကျောင်းမှုတွေ ၊ အောက်ခြေအဆင့်ဆင့်ထိ တိကျတဲ့ အာဏာခွဲဝေမှုတွေ မတွေ့ရသေးပါဘူး တခုခုလုပ်မယ်ဆိုရင် အထက်အဆင့်ဆင့်တင်ပြနေရတုန်း အထက်ကအမိန့်လာမှ အောက်က လုပ်နေရတုန်းပါ ဒီတော့ အောက်ခြေရဲ့ သိသာတဲ့ပြောင်းလဲမှုဆိုတာ ဘယ်တွေ့ရပါ့မလည်းလေ ၊ ဒါလည်းခုန လိုပေါ့ အချိန်ယူရဦးတော့မှာပေါ့ ....။

မေး ။     ။ အဂတိ လိုက်စားမှုကရောဆရာ ၊ ဒါက တစ်ကိုယ်ရေနဲ့ပဲ ဆိုင်တယ်မဟုတ်လားခင်ဗျ 
ဒေါက်တာဆိတ်ဖွား ။     ။ ဒီလိုတော့လည်း ပြောလို့မရဘူး ဒီ အဂတိလိုက်စားတယ် ဆိုတာကလည်း မောင်ရင် ၀န်ထမ်းတစ်ယောက်ဖြစ်ဘူးမှ ထဲထဲဝင်ဝင်သိမယ် ၊ ဥပမာအနေနဲ့ ပြောရရင် အဂတိလိုက်စားမှုမှာ လူပြောသူပြောများတဲ့ ရဲတပ်ဖွဲ့ အကြောင်းလေးပြောပြမယ် ၊ ဆိုပါတော့ ပုဂံညောင်ဦးမြို့မှာရှိတဲ့ ညောင်ဦးခရိုင်ရဲစခန်းကလေးဆိုပါတော့ ၊ ဒီရဲစခန်းကလေးဟာ ညောင်ဦးလေဆိပ်အပါအ၀င် အဓိက ကျတဲ့ဘုရား ပုထိုး နေရာတော်တော်များများ  ၊ လုံခြုံရေး တာဝန်ယူထား၇တယ် ၊ တခုတခုဖြစ်ရင် သူ့တာဝန် ၊ စိန်ဖူးပျောက်ရင် ၊ ရှေးဟောင်းလက်ရာတွေအဖျက်ခံရရင် သူ့တာဝန် ၊ ခရိုင်အတွင်းတရာဥပဒေစိုးမိုးရေး သူ့တာဝန် ၊ တစ်ခရိုင်လုံးမှာဖြစ်တဲ့ ထမီခိုးမှုကအစ လူသတ်မှုထိ ဖြစ်ရင်လည်းသူ့တာဝန် ၊ နိုင်ငံခြားသားဘုရားဖူးတွေ လုံခြုံရေးလဲ သူ့တာဝန် ၊ ဟိုးထိပ်ဆုံးကနေ ခရိုင်မှူးထက်ကြီးတဲ့ သောင်းခြောက်ထောင်သော လူကြီးများ လူကြီးမိသားစုများ ဘုရားဖူးအဆင်ပြေအောင်ပို့ဆောင်ပေးရေး တည်းခိုနေထိုင်စားသောက်ရေးလည်း သူ့တာဝန် ၊ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေးလည်းသူ့တာဝန် ၊ ယာဉ်တန်းတွေ လမ်းကြောင်းလုံခြုံရေးလဲ သူ့တာဝန် ဒီလို ပြောရင် မဆုံးတော့ဘူး တာဝန်တွေက အများကြီး ဒီလိုတာဝန်ထမ်းဆောင်နိုင်ဘို့အတွက် နိုင်ငံတော်က ဘာပေးလည်း မောင်ရင်သိလား 

မေး ။      ။ မသိဘူးဆရာ ဆက်ပါဦး 



ဒေါက်တာဆိတ်ဖွား ။     ။ လစာကလွဲလို့ ဘာမှ မပေးဘူး ၊ ဘာဆိုဘာမှမပေးဘူး ၊ ခရိုင်မှူးမှာဂျစ်အစုတ်တစီးရှိတယ် ဆီ ၁ ဂါလံမှမပေးဘူး ၊ပြင်ဆင်စရိတ်မပေးဘူး ၊ အဲဒီ့အပြင်လဲ ဘာကားမှမရှိတော့ဘူး ကဲ မောင်ရင်ဆိုရင် ဘယ်လိုလုပ်မလဲ ၊ ဒီလောက်ကြီးတဲ့ လုံခြုံရေးယန္တယားကြီးလည်ပတ်ဘို့ တပြားမှမပေးဘူး ၊ ခုထိလည်းမပေးသေးဘူး ရဲသားလေးတွေဟာ ယူနီဖေါင်းကိုယ့်ဖာသာချုပ်ဝတ်ရတယ် ၊ ကိုယ့်ဖာသာ ချုပ်ဝတ်တာတောင်မကောင်းရင်အထက်ကဆူတယ် ၊ ပြည်သူကစုတ်ပြတ်နေတာပဲလို့အပြောခံရတယ် ၊ လုံခြုံရေးတာဝန်ကျနေရာကို ဘယ်သူမှမပို့ဘူး ကိုယ့်ဖာသာရောက်အောင်သွားရတယ် ဒီတော့ ဆိုင်ကယ်တားစီးတာတွေ ကားတားပြီးအလကားစီးတာတွေ ဖြစ်လာတယ် ၊ လုံခြုံရေးတာဝန်ကျနေရာမှာသုံးဘို့ ဆက်သွယ်ရေးစက် ထုတ်မပေးဘူး ကိုယ့်ဖာသာကိုဝယ်ကိုင်ရတယ်  ၊ဒီစက်က မရှိရင်မဖြစ်ဘူး ဒီတော့မရှိရှိအောင်လုပ်ရတယ် လစာကလည်းစားဘို့တောင်မလောက်ဘူးဆိုတော့ တရားမ၀င် လုပ်ငန်းတွေကနေ တောင်းရတဲ့အဖြစ် ရောက်သွားတယ် ၊ နောက်  လမ်းကြောင်းလိုက်ဖို့ကားမရှိဘူး ဒီတော့ ချောဆွဲရတယ် ၊ ထည့်စရာဆီမရှိဘူး တရားမ၀င်ဆီဆိုင်တွေကနေ ထည့်ရတယ် ၊  ပြောရင်ဆုံးမှာမဟုတ်ဘူး ။


ရုံးကိစ္စတွေမှာလည်းဒီအတိုင်းပဲ စတေရှင်နရီ ပေးတာက ထုတ်ရမဲ့နေရာကိုသွားမထုတ်ပဲ လမ်းစရိတ်နဲ့ဝယ်လိုက်ရင် အဲဒီထက်ပိုရတယ် ဒီတော့ ဘယ်သူမှ ဒုက္ခခံပြီး မထုတ်ချင်ဘူး ၊ ဟော.... ဒါပေမယ့်မရဘူးဗျာ မထုတ်ရင် စတေရှင်နရီဘာနဲ့သုံးလဲဆိုပြီး စာရင်းစစ်ကကန့်ကွက်တယ် ၊ ပို့လိုက်ရတဲ့ပြန်တမ်းတွေ  ၊ လုပ်လိုက်ရတဲ့အမှုတွဲတွေ ၊ တက်လိုက်ရတဲ့အစည်းအဝေးတွေ ခရီးစရိတ်မပေးဘူး  ၊ အသုံးစရိတ်မရှိဘူး ကိုယ်ပြောချင်တာက ဒီအောက်ကလူတွေ ပြောင်းအောင် ၊ ပြောင်းနိုင်အောင်ရော အထက်က အစီအမံတွေက အောက်ကိုရောက်ပြီလား ဆိုတာမေးခွန်းထုတ်စရာဖြစ်လာတယ် ။သင့်တင့်တဲ့လုပ်ခလစာတွေပေးပြီးပြီလား ၊ မူလအစိုးရယန္တယားကြီးကိုယ်တိုင်က အောက်ခြေက အဂတိလိုက်စားမှုမပါဘဲ လည်ပတ်နိုင်ပြီလားဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီးရှိလာတယ် ၊ ဒါကဥပမာတစ်ခုပေးတာနော် ကျန်တဲ့ဌာနဆိုင်ရာတွေမှာလည်း အလားတူကိစ္စတွေ အများကြီးရှိတယ် ။


 မူလအစိုးရယန္တယားကြီးကိုယ်တိုင်က အဂတိမလိုက်စားပဲ မလည်ပတ်နိုင်သ၍ အဂတိလိုက်စားမှုဆိုတာ ဘယ်တော့မှ မပျောက်နိုင်ဘူး ၊ပြီးတော့ နောက်ဆက်တွဲအနေနဲ့ ဒီအစိုးရယန္တယား လည်ပတ်အောင်လုပ်ရာကနေ ကိုယ်ကျိုးရှာမှုတွေ ဆက်ရှိနေဦးမှာပဲလို့ပြောချင်တယ် ။


( ဒုတိယပိုင်း မနက်ဖြန် ဖေါ်ပြပါမည် )
 
ဘကြီးသက်

No comments:

Post a Comment

My Blog List