Wednesday, October 02, 2019




နိုင်ငံတော်သမ္မတအနေဖြင့် ကာလုံခေါ်ခွင့်ရှိပြီး လိုအပ်မှသာခေါ်မှာဖြစ်ကြောင်း NLDပြော
--------------------------------------
နိုင်ငံတော် သမ္မတအနေနဲ့ ကာလုံ ခေါ်ယူခွင့်ရှိပြီး လိုအပ်မှသာခေါ်ယူမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမောင်ကပြောပါတယ်။ ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း လိုအပ်ရင်ခေါ် မလိုအပ်ရင်မခေါ်ခဲ့ဘူးလို့ One News ရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုမှာ ဦးဝင်းမောင်က ထောက်ပြပြောခဲ့ပါတယ်။ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင် စီ (ကာ/လုံ) အစည်းအဝေးခေါ်ယူဖို့ လိုအပ်တယ်လို့ တပ်မတော်ဘက်က နောက်ဆုံး ပြုလုပ်ထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံဟာ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်ပြီး လုံခြုံရေးဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်လာရင် ညှိနှိုင်းရတဲ့ အခြေအနေတွေမှာ ဆောင်ရွက်ရတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။ လက်ရှိ NLD အစိုးရအနေနဲ့ ကာလုံကို မခေါ်တဲ့ အကြောင်းအရင်း ရှိနေလိမ့်မယ် လို့ ထင်မြင်မိပြီး တရားဝင်တဲ့ အပိုင်းတွေမှာ ကာလုံကို အသိအမှတ်ပြု မပြုတာမျိုးလည်းဖြစ်နိုင်တယ်လို့ ဦးအောင်သူငြိမ်းကပြောပါတယ်။
တိုင်းပြည်မှာ လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်လာရင် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ အပါအဝင် ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရေး အတွက် ကာလုံအစည်းအဝေး ခေါ်ယူဖို့ လိုအပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ(၂၈)ရက်က နေပြည်တော်မှာကျင်းပတဲ့ တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုထားပါတယ်။

No comments:

Post a Comment

My Blog List