Monday, March 24, 2014

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဆန္ဒပြ


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတားအဆီး သဖွယ် ဖြစ်နေသော အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ခြင်း အခန်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေ သကြီးတို့တွင် မတ်လ ၂၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာ၌ ဦးဆောင် ပါဝင်ခဲ့ သူများက ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟန်း၊ ဒေါပုံ၊ ကြည့်မြင်တိုင်၊ မြောက် ဥက္ကလာမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေမြို့နယ်၊ပုဂံ-ညောင်ဦး မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မုံရွာမြို့နယ်နှင့် ဒီပဲယင်း မြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲများတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကန့်သတ်ချက် အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်စေရန် အဓိက တောင်းဆိုခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်မှ ဆန္ဒထုတ်ဖော်သူ ဦးမြင့်လှိုင်က ပြောကြားသည်။

“ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာ ဒီပုဒ်မ ၄၃၆ ကို အရေးတကြီး ပြင်ဖို့ လိုအပ်တယ်လို့ ကျုပ်တို့ ပြည်သူတွေက တောင်းဆိုပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ အခြေခံဥပဒေ ပြင်ဆင်ရေး ကန့်သတ်ချက်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတားအဆီး ဖြစ်နေသော သမ္မတ အရည်အချင်း ကန့်သတ်ချက် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် အတွက်လည်း တောင်းဆိုခဲ့ကြောင်း ဒီပဲယင်း မြို့နယ်မှ ဆန္ဒထုတ်ဖော်သူ တစ်ဦးက ဆိုသည်။

ယင်းသို့ ဒီမိုကရေစီနိုင်ငံတွင် ပြည်သူများက လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နိုင်သော်လည်း အခြေအနေနှင့် အချိန်အခါအလိုက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“အခုအချိန်မှာ ဇာတ်ကောင်က လွှတ်တော်ထဲက ၃၁ ဦး ကော်မတီပဲ သူတို့ လက်ထဲမှာ ရှိတယ်။ ပြည်သူတွေ တစ်နိုင်ငံလုံး ဆန္ဒထုတ်ဖော်နေရင်လည်း အကျိုးသက်ရောက်မှုက နည်းတယ်၊ အကောင်းအဆိုး ချင့်ချိန်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော်အတွင်းသို့ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပေးပို့လာသော လေ့လာ သုံးသပ်ချက်များကို လုပ်ငန်း ဆောင်ရွက်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦး ပါဝင်သော အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီကို ဖေဖော်ဝါရီလ ပထမပတ် အတွင်းက ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းလိုက်သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်ရာတွင် ခက်ခဲမှု ရှိနိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်း ကန့်သတ်ချက် အခန်း (၁၂) ကို ဦးစားပေး လေ့လာ သုံးသပ်ရန် ကိုလည်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ဖေဖော်ဝါရီ တတိယပတ် အတွင်း ပြု လုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အခြေခံမူအဖြစ် ထုတ်ပြန် ပြောကြားထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြပွဲများကို မတ်လ ၂၆ ရက်နေ့ အတွင်း မြန်မာနိုင်ငံတောင်ပိုင်း မြို့ကြီး အချို့ဖြစ်သော မော်လမြိုင်နှင့် ထားဝယ်တွင် လူဦးရေထောင်ချီ ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်မည့် သူများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List