Monday, March 24, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ပြည်သူလူထု ၂၀၀၀ ကျော်က ရန်ကုန်မြို့ရှိ မြို့နယ်လေးခု၌ တစ်ချိန်တည်း ဆန္ဒပြ


ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်လေးမြို့နယ်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အတွက် ပြည်သူလူထု ၂၀၀၀ ကျော် မတ် ၂၃ ရက်တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုများမှာ တာမွေမြို့နယ်၊ ဒေါပုံမြို့နယ်၊ ကြည့်မင်တိုင်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ် တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် တစ်ပြိုင်တည်း ဆန္ဒဖော်ထုတ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒပြမှုများမှာ မြောက်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်၌ ပြည်သူလူထု ၁၀၀၀ ကျော်ခန့်က အာသာဝတီလမ်းမှ စတင်ကာ ကန်သာယာပန်းခြံအထိ လမ်းလျှောက်ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး ထိုမှတစ်ဆင့် မြောက်ဥက္ကလာအ၀ိုင်းအထိ ထပ်မံလမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ထို့အတူ တာမွေမြို့နယ်တွင် လူအင်အား ၂၀၀ ၀န်းကျင်ပါ လူငယ်ဦးဆောင်သောအဖွဲ့မှ ဦးချစ်မောင်လမ်း၊ လမ်းဆုံမှတ်တိုင်အနီးရှိ ရတနာပန်းခြံမှ စတင်ကာ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး’၊ ‘ပြည်သူရွေးချယ်သော အစိုးရ ပေါ်ပေါက်ရေး’၊ ‘စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး’၊ ‘ပုဒ်မ ၄၃၆ အလိုမရှိ အလိုမရှိ’၊ ‘ပုဒ်မ ၅၉(ဃ) အလိုမရှိ အလိုမရှိ’၊ ‘ပုဒ်မ ၅၉(စ) အလိုမရှိ အလိုမရှိ’ စသည့် ဗီနိုင်းချပ်များကို ကိုင်ဆောင်ကြွေးကြော်ကာ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်း ဘုရားအထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

“အခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့တကယ့်အုတ်မြစ်ဖြစ်လို လုပ်ထုံးလုပ်နည်းလည်း ဖြစ်တယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ အခြေခံဥပဒေက လွဲနေလို့ရှိရင် ကျွန်တော်တို့ တိုင်းသူပြည်သားတွေအနေနဲ့ တိုးတက်ကြီးပွားဖို့ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြည်သူလူထု ပြင်ဆင်ဖို့ လိုလားနေတဲ့ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၅၉(စ) စတဲ့ပုဒ်မတွေကို ပြင်ပေးဖို့အတွက် ကျွန်တော်တို့ ဒီမိုကရေစီစနစ်လိုလားတဲ့ လူငယ်တွေ ဆန္ဒဖော်ထုတ်တာပါ။ ဒီပုဒ်မတွေကို ပြင်ဆင်မပေးသရွှေ့တော့ ဒီလိုဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမှာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ကိုပိုင်ဖြိုးက ပြောကြားသည်။

ထို့အတူ ဒေါပုံမြို့နယ်တွင် ပြည်သူလူထု ၃၀၀ ကျော်မှ တပ်ဖွဲ့မှတ်တိုင်မှ စတင်ကာ ယမုံနာလမ်းရှိ ဂိတ်ဟောင်းမှတ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ကြည့်မြင်တိုင် မြို့နယ်တွင်လည်း အာလာဒင် ကလေးကစားကွင်းရှေ့ ရွှေဂုဏ်သူအိမ်ရာမှ စတင်ကာ လူအင်အား ၃၀၀ ခန့်မှ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် သက်ဆိုင်သော ပိုစတာများကိုင်ဆောင် ကြွေးကျော်ပြီး ကျောင်းကြီးတိုက် ဘုရားကြီးရှေ့ထိ လမ်းလျှောက်
ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၁၆)မြို့နယ်တွင် ဆန္ဒထုတ်ဖော်ပြီးဖြစ်ကာ ယခု ၄ မြို့နယ် အပါအ၀င်ဆိုလျှင် ၂၀ မြို့နယ်အထိ ရှိလာပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယနေ့နံနက် ၉ နာရီတွင် အင်းစိန်မြို့နယ်၊ အောင်ဇေယျကြိုးတံတားမှ စတင်၍ ဆန္ဒပြမည်ဖြစ်ကြောင်း သိရပြီး ညနေ ၃ နာရီတွင် မရမ်းကုန်း၌ သမိုင်းဘူတာရုံ ကုန်းတံတားမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ပင် ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List