Tuesday, March 25, 2014

မွတ်ဆလင်ညီအစ်ကိုများ အဖွဲ့ဝင် ၅၂၉ ဦးကို အီဂျစ်တရားရုံး သေဒဏ်ချ


အီဂျစ်နိုင်ငံတွင် အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသော မွတ်ဆလင်ညီအစ်ကိုများ အဖွဲ့ဝင် ၅၂၉ ဦးကို အီဂျစ်တရားရုံးတစ်ရုံးက သေဒဏ် ချမှတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။
ယခုကဲ့သို့ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ဝင်များကို သေဒဏ်အပြစ် ချမှတ်လိုက်ခြင်းသည် ၄င်းတို့၏ လှုပ်ရှားမှုများကို ဖြိုခွင်းလိုက်ခြင်း ဖြစ်ပြီး ခေတ်သစ် အီဂျစ်နိုင်ငံသမိုင်း တွင်လည်း လူအများဆုံးကို သေ ဒဏ်ပေးခြင်းဖြစ်ကြောင်း တရားခံရှေ့နေ တစ်ဦးက ပြောကြားသည်။

ယမန်နှစ် ဇူလိုင်လက အီဂျစ်စစ်တပ်သည် ယင်းအချိန်က အီဂျစ် သမ္မတဖြစ်သူ မွတ်ဆလင်ညီအစ်ကိုများ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက် မော်စီကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် အီဂျစ်တွင် နိုင်ငံရေး အရှုပ်အထွေးများ မြင့်တက်လျက်ရှိသည်။

ယခု သေဒဏ်ချမှတ်ခံရသော မွတ်ဆလင်ညီအစ်ကိုများ အဖွဲ့ဝင်တို့မှာ သမ္မတမော်စီကို ဖြုတ်ချအပြီး ကိုင်ရိုရှိ မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ စတည်းချ ဆန္ဒပြရာ နေရာနှစ်နေရာကို အီဂျစ် စစ်တပ်က ယမန်နှစ် သြဂုတ်လ ၁၄ ရက် နေ့က ဖြိုခွင်းလိုက်ပြီးနောက် အီဂျစ် တောင်ပိုင်းပြည်နယ်ဖြစ်သော မီယာ တွင်ဖြစ်ပွားသည့် ဆန္ဒပြပဋိပက္ခတွင် ဖမ်းဆီးခံရသူများဖြစ်သည်။

မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ဝင် ၅၂၉ ဦးကို အကြမ်းဖက်မှု၊ လူသတ်မှုဖြစ်ရန် အားပေးလှုံ့ဆော်မှု၊ ရဲစခန်းကို စီးနင်းမှု၊ လူများကို တိုက်ခိုက်မှု၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများကို ဖျက်ဆီးမှု စသောပြစ်မှုများဖြင့် မီယာ ပြည်နယ်ရှိ တရားရုံးက သေဒဏ်ချမှတ် လိုက်ခြင်းဖြစ်ပြီး ယခုပြစ်ဒဏ်ကို အယူခံ ဝင်နိုင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ယခု သေဒဏ်အပြစ်မှတ် ခံခဲ့ရသော မွတ်ဆလင်ညီအစ်ကိုများ အဖွဲ့ဝင် ၅၂၉ ဦးတွင် ၁၂၃ ဦးသာ ဖမ်းဆီးခံထားရပြီး အချို့မှာ အာမခံဖြင့် လွှတ်ပေးထားသူများ၊ ထွက်ပြေးနေသူများ ဖြစ်ကြသည်။

မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သော အီဂျစ် သမ္မတဟောင်း မော်စီနှင့် အခြားထိပ်ပိုင်း ခေါင်းဆောင်များမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပြီး သမ္မတဟောင်းမော်စီက အီဂျစ် စစ်တပ် အာဏာသိမ်းခဲ့ခြင်းသည် အီဂျစ် ဒီမိုကရေစီကို ထိခိုက်စေကြောင်း စွပ်စွဲ ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List