Monday, March 24, 2014

လက်ရှိဖွဲ့စည်းပုံသည် ပြည်သူကို ဘယ်လိုအကျိုးပြုပါသလဲဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်


လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဘယ်လိုပုံစံဖြင့် ပြည်သူကို အကျိုးပြုနေပါသလဲဆိုသည့်မေးခွန်း ကို ဖြေဆိုနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် က မတ် ၂၂ ရက်က မိုးကုတ်မြို့၌ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြောကြား လိုက်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မိုးကုတ်မြို့ အောင်နန်း ရပ် မြို့မဘောလုံးကွင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ''အခြေခံဥပဒေဟာ ဘယ်လိုပုံစံ နဲ့ ပြည်သူလူထုကို အကျိုးပြုပါသလဲဆိုတဲ့ မေးခွန်း ကိုဖြေနိုင်ရမယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြည်သူလူထုကို အကျိုးပြုတဲ့အပိုင်း တွေ ပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲတဲ့နေရာ မှာ ပြည်သူကို အကျိုးမပြုတဲ့အ ပိုင်း၊ နိုင်ငံကို အကျိုးမပြုတဲ့အပိုင်းကို ပြုပြင်ပြောင်းလဲရမယ်''ဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအပြင် တရားဥပဒေစိုးမိုးရန်လည်း အရေးကြီးကြောင်း ကို ယင်းက ''တရားဥပဒေ စိုးမိုးရေးဆိုတာ ပြည်သူပြည်သားအားလုံးအတွက် ကျွန်မ တို့ရဲ့ လူ့အသိုင်းအဝိုင်း တည်ငြိမ်ရေးအတွက်ဖြစ် ပါတယ်''ဟု ပြောသည်။

အဆိုပါ လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သူ ဦးဌေးမောင် က ''ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် မိုးကုတ်ကိုလာတုန်းကလဲ မြို့လုံးကျွတ် နီးပါး လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ အခုဟောပြော ပွဲမှာလဲ ဘောလုံးကွင်းအပြည့် နီးပါး တက်ရောက်နားထောင်တာ တွေ့ရတယ်။ ဟောပြောပွဲ ကျင်းပနေချိန် မှာ မီး ပျက်သွားတယ်။ ဒီမီးပျက်တဲ့ကိစ္စက တိုက်ဆိုင်မှုမဟုတ်ဘူး။ တမင်လုပ်တာလို့ ပြော ကြတယ်။ ဒါပေမဲ့ အားလုံးချောချောမောမောနဲ့ အောင်အောင်မြင်မြင်ဖြစ်ပါတယ်'' ဟုပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ လူထုပရိသတ်နှစ်သောင်းခန့် တက်ရောက်ခဲ့ပြီး တက် ရောက်လာသူများက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် သဘောတူလက်ခံခဲ့ ကြကြောင်း၊ မတ် ၂၃ ရက် နံနက်ကိုးနာရီအချိန် တွင် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲကို ကျပ်ပြင်မြို့မဘောလုံးကွင်းတွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

Flower News Journal

No comments:

Post a Comment

My Blog List