Monday, March 24, 2014


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုနှင့် ဟောပြောပွဲကို မန္တလေးတွင် တစ်ရက်တည်း နေရာနှစ်နေရာ၌ နှစ်ကြိမ်ပြုလုပ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို မတ် ၂၃ ရက် နံနက် ၉ နာရီက မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားမှ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်မှုပြုခဲ့ပြီး ဆန္ဒထုတ်ဖော်ဟောပြောမှုကို မွန်းလွဲပိုင်း ၃ နာရီတွင် အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြားရှိ နန်းရှေ့ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့သည်။

နံနက်ပိုင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို တရားဝင် ဆန္ဒထုတ်ဖော်ခွင့်ပြုသည့် လူအင်အား ၃၀၀ မှ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ-၅၉ (ဃ)၊ ၅၉(စ) ဖျက်သိမ်းပေးရေး၊ စစ်မှန် တဲ့ပြည်ထောင်စုစနစ် ဖော်ဆောင်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေး၊ ပြည်သူကိုစော်ကားသောဝန်ကြီး အလိုမရှိ၊ ပြည်သူကို ဖိနှိပ်သော ပုဒ်မများ ဖျက်သိမ်းရေးနှင့် ပုဒ်မ(၁၈) ဖျက်သိမ်းရေး စသည့်ကြွေးကြော်သံ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ပြင်ဆင်ရေး လူထုဆန္ဒ ထုတ်ဖော် ဟောပြောပွဲသို့ မန္တလေးမြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာများအား သုံးသပ်ဟောပြောခြင်း၊ နိုင်ငံရေးအင်အားစု အဖွဲ့ခုနစ်ဖွဲ့မှ ပေးပို့သည့် သ၀ဏ်လွှာများအား ဖတ်ကြားခြင်းများကို ဆောင်ရွက်ခဲ့ရာ လူထုဆန္ဒထုတ်ဖော် ဟောပြောပွဲသို့ တက်ရောက်လာသော တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကမ္ဘာမှာရော၊ နိုင်ငံတကာမှာမရှိတဲ့ ဥပဒေပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပြဿနာက ဥပဒေဆိုင်ရာပြဿနာ မဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာတစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆန္ဒထုတ်ဖော် ဟောပြောပွဲသို့ လူဦးရေ ၁၅၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။


Eleven Media Group

No comments:

Post a Comment

My Blog List