Tuesday, March 25, 2014

တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယအကြိမ် ဖိတ်ကြားမည်


လာမည့် (၆၉) ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီ များမှ ဥက္ကဋ္ဌများအား ဖိတ်ကြားရန်ရှိကြောင်း သတင်းရရှိသည်။
 ‘‘မနှစ်ကလည်း လွှတ်တော်က ရေးရာကော်မတီဥက္ကဋ္ဌတွေကို ဖိတ်တော့ ဒီနှစ်လည်း ဖိတ်မှာပဲ’’ဟု တပ်မတော်မှ အဆင်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။ သို့သော် ယခုအချိန်ထိ လွှတ်တော်သို့ ဖိတ်စာ မရောက်ရှိသေးကြောင်းနှင့် မတ်လ ၂၄ ရက်တွင်မူ ဖိတ်စာရောက်ရှိလာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

‘‘ဖိတ်စာက အခုထိမရောက်သေးဘူး။ ဖိတ်စာရောက်မှပဲ တက်၊ မတက် ဆုံးဖြတ်မယ် ထင်တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်ကပြောသည်။ လက်ရှိကျင်းပနေ သည့် လွှတ်တော်အစည်းအဝေးများသည် တပ်မတော်နေ့မတိုင်မီ တစ်ရက်အလို မတ်လ ၂၆ ရက်တွင် ကျင်းပပြီးစီးမည်ဖြစ်သည်။

 ပြီးခဲ့သည့်နှစ် တပ်မတော်နေ့အခမ်းအနားသို့ ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ခဲ့ပြီး ထိုအချိန်က စစ်ထောက်ချုပ်တာဝန်ရယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လာရောက် ကြိုဆိုခဲ့ကာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဇော်ဝင်းနှင့် အတူထိုင်ခဲ့သည်။

7Day Daily Newspaper

No comments:

Post a Comment

My Blog List