Wednesday, January 01, 2014

ရှမ်းပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အစိုးရနှင့် RCSS ပူးပေါင်း လုပ်ဆောင်ရန် ဆွေးနွေး

Wednesday, January 01, 2014

ရှမ်းပြည်နယ် တောင်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း RCSS/SSA ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက The Voice သို့ ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း RCSS/SSA ထံမှ သိရသည်။
“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ UNODC ကိုနဲ့ ညှိနှိုင်းရဦးမယ်လို့ အစိုးရဘက်က တုံ့ပြန် ပြောသွားပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခြေအနေများတွင် ဘိန်းခင်း စိုက်ပျိုးမှုများ တိုးလာနေပြီး အစိုးရ လက်အောက်ခံ ပြည်သူ့စစ် ဒေသများနှင့် အချို့ အပစ်အခတ်ရပ်စဲရေး တပ်ဖွဲ့များ ထိန်းချုပ် ထားသည့် ဒေသများတွင် အများဆုံး ဖြစ်ကြောင်း RCSS/SSA ကဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အနီး ကျေးရွာများတွင် ဘိန်းခင်း ဖျက်ဆီးရန် လာရောက်သော အစိုးရ ဘိန်းခင်း ဖျက်ဆီးရေး ပူးပေါင်းအဖွဲ့ကို ဒီဇင်ဘာ တတိယပတ်အတွင်း RCSS/SSA မှ တိုက်ခိုက်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသော်လည်း ယင်းသို့ တိုက်ခိုက်မှု မပြုလုပ်ကြောင်း RCSS/SSA က ငြင်းဆိုထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်ပြီး စိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်တွင် ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ UNODC က ဒီဇင်ဘာလအတွင်း ထုတ်ပြန် ကြေညာထားသည်။

မူးယစ်ဆေးဝါးနှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစိုးရနှင့် ပူးပေါင်း လုပ်ကိုင်ခွင့်ရပါက ရှမ်းပြည်နယ်တွင် ခြောက်နှစ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် လုပ်ဆောင်နိုင်ကြောင်း RCSS/SSA က ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List